နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် စုပေါင်းလက်မှတ်ထိုး တင်ပြတဲ့အပေါ် ဩဂုတ်လ
၂၁ ရက်ထိ သည်းခံစောင့်ကြဖို့ ဒီနေ့လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဋ္ဌက
မေတ္တာရပ်ခံလိုက်ပါတယ်။

ဦးသိန်းညွန့်
လွှတ်တော်ကော်မတီများဟာ
ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့
ဆုံးဖြတ်ချက်အပေါ် မကျေနပ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယအကြိမ်
လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြတာပါ။
ပထမအကြိမ်တောင်းဆိုတုန်းက
သမ္မတက ကြားဝင်ညှိနှိုင်းပေးမယ် ဆိုတဲ့အတွက် စောင့်ဆိုင်းခဲ့ကြပေမယ့်
ပြေလည်မှုမရတဲ့အတွက် ဩဂုတ်လ ၈ ရက်မှာ ထပ်မံ တောင်းဆိုလိုက်ကြတာပါ။
ပထမအကြိမ်
တောင်းဆိုတုန်းက ကိုယ်စားလှယ် ၉၀ ကျော် လက်မှတ်ထိုး
တောင်းဆိုခဲ့ကြတာဖြစ်ပြီး အခု တကြိမ်မှာတော့ ပြည်သူ့လွှတ်တော်တခုတည်းတင်
ကိုယ်စားလှယ် ၃၀၀ ကျော် လက်မှတ်ထိုး တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဖွဲ့စည်းပုံခုံရုံးအဖွဲ့ရဲ့
ဆုံးဖြတ်ချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ
လွှတ်တော်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ
ဖြစ်ပေါ်လာတဲ့အတွက် အခုလို နုတ်ထွက်ဖို့အထိ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်၊ ဥပဒေပညာရှင်
တဦးလည်းဖြစ်တဲ့ ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ လွှတ်တော်ရေးရာတွေကို
ပြည်ထောင်စုအဆင့် သတ်မှတ်လို့ မရပါဘူးလို့ သူတို့က ဖော်ပြလိုက်တော့
လွှတ်တော်ရေးရာကိစ္စတွေ ဆောင်ရွက်ရာမှာ ဘယ်လိုမျိုး အခက်အခဲတွေ
ဖြစ်ပေါ်လာလဲဗျ။
“ပြည်ထောင်စုအဆင့်
မဟုတ်တော့ဘူးဆိုတော့ တချို့ ဒု-၀န်ကြီးတို့၊ ၀န်ကြီးတို့က ကော်မတီရဲ့
လုပ်ငန်းတွေ ဆောင်ရွက်ပြီး အဆုံးအဖြတ် ပေးဖို့ ခက်နေတာပေါ့။ နောက်တခုကလည်း
ကျနော်တို့ကို အရင်တွေ့ဖူးတဲ့ ၀န်ကြီးဌာနတွေကလည်း အဲဒီအဆင့်မဟုတ်ဘူး။
လွှတ်တော်ရေးရာ ကော်မတီတွေရဲ့ လျှောက်လဲမှုအပေါ်မှာ ပုံစံလေး
ပြောင်းလာတာတွေလည်း ရှိတာပေါ့။”
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့
အဖွဲ့ဝင်တွေက ဖော်ပြတဲ့အထဲမှာ ဒီပုဒ်မတွေ ဖောက်ဖျက်ကျူးလွန်တယ်။
အန်ကယ်လ်တို့က စွပ်စွဲပြစ်တင်မှု ပြုလုပ်မယ်ဆိုတော့ ကျနော်သိတာက ၂
ပိုင်းပေါ့။ သူတို့ဘာသာ ထွက်ပေးရင် ထွက်ပေး၊ မထွက်ပေးရင် အန်ကယ်တို့က
လက်မှတ်ထိုး တောင်းဆိုထားတယ်၊ စွပ်စွဲပြစ်တင်မယ်ဆိုတာက အဲဒီ ၂ ပိုင်းက
ဘယ်လိုဖြစ်ဖို့ များနေပြီလဲဗျ။
“ဩဂုတ်လ
၂၂ ရက်နေ့အထိ သူတို့ဘာသာ သူတို့ မိတ်ဆက်သွားဖို့ပေါ့ဗျာ။ လွှတ်တော်ဥက္ကဋ္ဌက
သ၀ဏ်လွှာပို့မှာကို။ သ၀ဏ်လွှာဖတ်ပြပြီးပြီလေ။ ဒီတခါ ဒုတိယတကြိမ်
လက်မှတ်ထိုးတာက အရင်နဲ့ မတူတာက ပြည်သူ့လွှတ်တော်မှာ ၃၀၁ ယောက်ရှိတယ်။
ဘာပဲပြောပြော လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ အကောင်းဆုံးနည်းနဲ့
ဖြေရှင်းနိုင်ဖို့ တင်ပြတာပဲလေ။ အချိန်ကာလ ကန့်သတ်မှု ရှိတာပေါ့။ အဲ့ဒါကို
ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက နားလည်ပေးပြီး
သည်းခံပေးရမှာပေါ့ဗျာ။”
ပြည်ထောင်စုအဆင့်သတ်မှတ်ချက် မရှိပါဘူးလို့ သူတို့ ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ ဥပဒေပညာရှင် တယောက်အနေနဲ့ ဘယ်လိုမြင်လဲဗျ။
“ကျနော်
လက်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေက ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ
ပြောသလို စာရင်းစစ်ရှေ့မှာရော၊ ရှေ့နေရှေ့မှာရော ပြည်ထောင်စုအဆင့်
ဖြစ်တယ်ဆိုပြီး နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက
ဆောင်ရွက်ထားတဲ့အပေါ်မှာ လက်ခံထားပြီးသားပဲ။ အဲဒီတော့
စာရင်းစစ်ချုပ်ရုံးနဲ့၊ ရှေ့နေချုပ်ရုံးမှာကျတော့ ၄၄၃ အရ ဆောင်ရွက်မှုကို
လက်ခံပြီး လွှတ်တော်ကော်မတီကျမှ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့
ဆုံးဖြတ်တာက အခြေခံဥပဒေနဲ့ကို မညီဘူးလို့ ယူဆတယ်။ ဒီလို အခြေခံ ဥပဒေ
အတည်မဖြစ်ခင်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့
ဆောင်ရွက်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု
မှတ်ယူရမည်ဆိုတာ ၄၄၃ မှာ အတိအလင်းထုတ်ပြန်ထားတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ဆောင်ရွက်သည်ဟု မှတ်ယူတဲ့အတွက် ရှေ့နေချုပ်တို့၊ စာရင်းချုပ်တို့တောင်
ပြည်ထောင်စုအဆင့်ထားထားတာပဲ။ လွှတ်တော်ကော်မတီတွေကျမှ
ဒီပြဿနာကိုဖော်ထုတ်ပြီးတော့ ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုပြီး
ဆုံးဖြတ်ခဲ့တာကိုက ရှင်းရှင်းလင်းလင်းတော့ အခုထိ နားမလည်ဘူး၊
ဘ၀င်လည်းမကျဘူး။ ဒါကိုပြန်ပြီး သတ်မှတ်ပေးရမှာပဲ။ ဒါက
လူပုဂ္ဂိုလ်အတွက်မဟုတ်ဘူး။ အဖွဲ့အစည်းအတွက်လည်း မဟုတ်ဘူး။
လွှတ်တော်ရဲ့အဆင့်၊ လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုတာ သိပ်အရေးကြီးပါတယ်။
ဥပမာ ကျနော်ဆို ပညာရေး၊ အရင်က ကျန်းမာရေးပါတယ်။ ပြည်ထောင်စုအဆင့်ဆိုပေမယ့်
ကျနော်တို့က ဘာခံစားပိုင်ခွင့်မှမရှိတာပဲ။”
အန်ကယ်ဆိုလိုတာက သူတို့အဲလိုဆုံးဖြတ်ထားတဲ့အတွက် ရေးရာကော်မတီတွေက ဘာအလုပ်မှလုပ်လို့မရတဲ့ အနေအထားလား။
“မဟုတ်ဘူး၊ အရင်လို ထဲထဲဝင်ဝင်ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူးပေါ့။”
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေက ကျနော်သိသလောက်တော့
ဥပဒေရေးရာကျွမ်းကျင်တဲ့ အရင်တုန်းကဆို ဥပဒေချုပ်တွေတောင် လုပ်သွားသူတွေပဲ။
ဘာဖြစ်လို့ အဲလောက်ဖြစ်တယ်လို့ မြင်ပါလဲ။ အန်ကယ့်တဦးတည်းအမြင်ပေါ့။
“အန်ကယ့်တဦးတည်း
အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၄၃ ကို သူတို့ ဖွင့်ဆိုတာက
ဥပဒေမှာရေးထားတဲ့ ရိုးရိုးရှင်းရှင်းစကားရပ်အတိုင်း ဖွင့်ဆိုရမှာ။
ပညာရှင်စကားနဲ့ပြောရရင်တော့ ၄၄၃ ဖွင့်ဆိုချက်၊ ဖွင့်ဆိုမှုက
လွဲမှားနေတယ်လို့ ကျနော်ယူဆပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့
ပတ်သက်ပြီးတော့ ဒီနေ့လွှတ်တော်နဲ့ ပတ်သက်ပြီးတော့
အများပြည်သူသိသင့်သိထိုက်တာလေး၊ ဘာဖြစ်လို့ လွှတ်တော်က ကိုယ်စားလှယ်တွေက
ဒီလောက်တောင်လက်မှတ်ထိုးပြီး ဒီအရေးကို တောင်းဆိုနေရတာလဲဆိုတာ
ဗဟုသုတအနေနဲ့ပဲဖြစ်ဖြစ် ပြောပြပေးပါ။
“လွှတ်တော်ကိုယ်စားလှယ်တွေက
လူထုဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံတော်အတွက် လုပ်နေတာလေ။
လုပ်နေတဲ့အခါမှာ ၄၄၃ အပေါ်မှာ ခုံရုံးက ဖွင့်ဆိုလိုက်တဲ့အတွက် လူထုအတွက်
လုပ်ပေးချင်တာ၊ နိုင်ငံတော်အတွက် လုပ်ပေးချင်တာတွေကို တနည်းမဟုတ် တနည်း
ထိခိုက်လာတာပေါ့။ အဲဒီအပြင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ
ကတိသစ္စာပြုထားတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမယ်လေ။ အဲတော့ ၄၄၃
ကို ကျနော်တို့က ကာကွယ်ပေးဖို့လိုတာပေါ့။ အဲတော့ ၄၄၃ကို ကာကွယ်တဲ့အနေနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်တဲ့အနေနဲ့၊ မိမိတို့ ကတိသစ္စာပြုထားတာအညီနဲ့
ဆောင်ရွက်တယ်။ ဒုတိယအနေနဲ့ နိုင်ငံနဲ့ ပြည်သူအတွက်
လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်တယ်။ တတိယအချက်ကတော့
အာဏာသုံးရပ်ခွဲပေမယ့် ဥပဒေပြုရေးအာဏာနဲ့ ပတ်သက်ရင် တလျှောက်လုံး
လွှတ်တော်သည် အမြင့်ဆုံးဆိုတာကို လက်ခံတာကိုး။”
ဒီကိစ္စနဲ့
ပတ်သက်ပြီးညှိနှိုင်းဖြေရှင်းပေးဖို့ လွှတ်တော်ဥက္ကဋ္ဌက သမ္မတထံ
စာရေးသားပေးပို့ ဆောင်ရွက်ထားပါတယ်။ ဩဂုတ်လ ၂၁ ရက် သတ်မှတ်ရက်မှာမှ
အဆင်မပြေရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအတိုင်း စွပ်စွဲပြစ်တင်မှု
ပြုလုပ်နိုင်တဲ့ အကြောင်းလည်း လွှတ်တော်ဥက္ကဋ္ဌက ဒီနေ့ ကတိပေး
ပြောကြားထားပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာခုံရုံးကို သမ္မတက ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက် ရက်စွဲနဲ့
ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး၊ အဖွဲ့ဥက္ကဋ္ဌက ၂၀၁၀ ရွေးကောက်ပွဲ
ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဦးသိန်းစိုး ဖြစ်ပါတယ်။
အဖွဲ့မှာ
အဖွဲ့ဝင် ၈ ဦးပါဝင်ပြီး ဥပဒေပညာရှင် ဒေါက်တာတင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊
ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်နဲ့
ဒေါ်မိမိရီတို့ ဖြစ်ပါတယ်။
ခုံရုံးရဲ့
လုပ်ငန်းတာဝန် ၇ ခု သတ်မှတ်ပေးထားပြီး၊ လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့
ဥပဒေတွေ ဆောင်ရွက်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိမရှိ
စိစစ်ဖို့ လုပ်ငန်းတွေ အဓိက ပါဝင်ပါတယ်။
No comments:
Post a Comment