လွှတ်တော်နဲ့ခုံရုံး
ဖြစ်တဲ့ပွဲက တော်တော်ကြမ်းတဲ့ပွဲလို့
ပြောရမှာပဲ။ဒါဟာနိဒါန်းအစသာဖြစ်ပါတယ်။ နောက်ထပ် ဒီထက် ကြမ်း မယ့်၊
ရမ်းမယ့်ပွဲကြီးပွဲကောင်းတွေလာဦးမယ်လို့ မျှော်လင့်ထားကြရပါလိမ့်မယ်။
တစ်နှစ်သက်တမ်းကျော်ရုံမျှသာရှိသေးတဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရဲ့ မွေးရာပါပြဿနာများရဲ့ ပွဲဦးထွက်ထကြွမှုတွေ
သာဖြစ်ပါတယ်။ဒီလိုပွဲတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ရုံးတစ်လုံး
ဓါးတစ်စင်း အပိုင်စားရထားကြသူတွေရဲ့ အာဏာပါဝါ ပြိုင်ဆိုင်ကြတဲ့ပွဲ၊
အားစမ်းကြတဲ့ပွဲတွေလည်းဖြစ်ပါတယ်။ တကယ်တော့ ဒီပွဲက ဒုတိယပွဲလို့ပြောရမှာပါ။
ပထမဆုံးပွဲက ပြည်ထောင်စုလွှတ်တော် (အထက်လွှတ်တော်) နာယကနဲ့ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ဥက္ကဋ္ဌတို့ အားပြိုင်ခဲ့ကြတာဖြစ်တယ်။
ပထမအကြိမ်
ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးကာလအတွင်းမှာဖြစ်ပွားခဲ့တာပါ။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး
အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်း
ကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား
အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ
ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။
အဲဒီတုန်းက
ပြည်ထောင်စုလွှတ်တော်က လိုအပ်တယ်လို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်။
ပြဿနာတွေပေါ်ပြီးတဲ့ နောက်မှ ပြည်ထောင်စုလွှတ်တော်က သူတို့ဆုံးဖြတ်ထားချက်ကို
ပြန်လည်ပယ်ဖျက်ပေးခဲ့ရပါတယ်။ ဒီပွဲမှာ ဗိုလ်ရွှေမန်းနဲ့
ဗိုလ်ခင်အောင်မြင့် ဘယ်သူက ပါဝါပိုရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေ
လက်တွေ့သိမြင်ခဲ့ကြရတယ်။
ယခုဒုတိယပွဲကတော့
ပထမအကြိမ် ပြည်သူ့လွှတ်တော်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်းမှာ
စတင်ဖြစ် ပွားခဲ့တာဖြစ်ပြီး၊ မပြီးမပြတ်ခဲ့ပဲ စတုတ္တပုံမှန်အစည်းအဝေးအထိ
ရောက်ရှိလာခဲ့တဲ့ပြဿနာလည်းဖြစ်ပါတယ်။
ခုံရုံးရဲ့ပါဝါပြမှုကပြင်းထန်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၄၀) ကို စိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ကို တစ်နာရီကျော် မတ်တပ်ရပ်ခိုင်းခဲ့သတဲ့။ သြဂုတ် ၁၅ ရက်နေ့သတင်းစာ ထဲမှာ အခုလိုဖေါ်ပြထားတယ်။
“
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်တကွ ကိုယ်စားလှယ်ပေါင်း(၄၄၀)ကို
ကိုယ်စားပြုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ( ဦးနန္ဒကျော်စွာ)က က
တစ်နာရီခန့်ကြာအောင်မတ်တပ်ရပ်ပြီး နာခံခဲ့ရပါကြောင်း။ လွှတ်တော်အသီးသီး၏
ဥပဒေများတွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်း
အဓိပ္ပာယ်ဖွင့်ဆိုချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ညီညွတ်မှုမရှိဆိုသည့် မှားယွင်းသောဆုံးဖြတ်ချက်ကို တစ်နာရီခန့်ကြာအောင်
မတ်တပ်ရပ်နားထောင်ခဲ့ရသည်နှင့် မတန်စွာ ကြားနာခဲ့ရပါကြောင်း” တဲ့။
ထူးခြားနေတဲ့အချက်က
“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား
ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ်ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည်
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိ/မရှိ” ဆိုတဲ့
ကိစ္စဟာ အဓိပ္ပာယ်ဖွင့်ဆိုရေး ပြဿနာမျှသာဖြစ်ပါတယ်။
ဒီပြဿနာကို
အတိအလင်းပြဋ္ဌာန်းထားတဲ့ “တည်ဆဲဥပဒေ” (ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊
အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ)များကို အခြေခံဥပဒေဆိုင်ရာခုံရုံးက
ဂရုမစိုက်ဘဲ ဆုံးဖြတ်လိုက် တဲ့ အချက်ပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က
ဒီဆုံးဖြတ်ချက်ဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌရဲ့တစ်ကိုယ်တော် အဆုံးအဖြတ်လား။
ခုံရုံး တစ်ဖွဲ့လုံးရဲ့ သဘောထားဆုံးဖြတ်ချက်လားဆိုတဲ့ကိစ္စပါပဲ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သမ္မတ ဦးသိန်းစိန်ထံပေးမယ့်စာ(သဝဏ်လွှာ)မှာ အောက်ပါ အချက်များပါဝင်ပါ တယ်။
-
နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ ဖေဖေါ်ဝါရီ ၂ ရက် က တင်သွင်းခဲ့သည့်
တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးပါရန်၊
-
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များအား၎င်းတို့၏ အသိစိတ်ဓါတ်ဖြင့်တာဝန်မှအနား ယူစေခြင်း တို့ကို
ဆောင်ရွက်ပေးရန်
- ထိုသို့ ဆောင်ရွက်မှုကို သြဂုတ်လ ၂၁ ရက်မတိုင်မီ အပြီးဆောင်ရွက်ပေးရန်
-
ထိုသို့ ဆောင်ရွက်ပေးပါက
ကိုယ်စားလှယ်များဆောင်ရွက်မည့်စွပ်စွဲပြစ်တင်ခြင်းကိစ္စအား
ဆက်လက်ဆောင်ရွက်မှာ မဟုတ် ကြောင်း ဆိုပြီးဖြစ်ပါတယ်။
အထက်မှာကျနော်တင်ပြခဲ့သလို
ခုံရုံးရဲ့ ပါဝါပြမှုက ပြင်းထန်သလို လွှတ်တော်ဥက္ကဋ္ဌရဲ့ တုန့်ပြန်မှု
(သမ္မတထံပေးတဲ့ပေးပို့မယ့် သဝဏ်လွှာမှာပါရှိတဲ့)ကလည်း အလားတူပြင်းထန်ပါတယ်။
သတ်မှတ်ရက်မှာ မိမိအသိစိတ်ဓါတ်နဲ့ တာဝန်က အနားမယူရင် (နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ)
ထုတ်ပယ်ရလိမ့်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၄ (က)
(၂) ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ်(၅) အရ ဥပဒေ အရ
ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင် ခြင်းတို့ကြောင့်
စွပ်စွဲပြစ်တင်မှုပြုလုပ်ရန်” ပထမအကြိမ် ၊ ဧပြီ ၂၆ ရက်နေ့မှာ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၉၁) ဦး၊ နဲ့ ဒုတိယ အကြိမ် သြဂုတ် ၉
ရက်နေ့မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးတို့က လက်မှတ်ရေးထိုးပြီး
လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြ တယ်လို့ဆိုပါတယ်။
မနေ့က
(သြဂုတ် ၁၄ ရက်နေ့) ကျင်းပခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာ
လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ပြောတဲ့အတိုင်းဆိုရင်
“စွပ်စွဲပြစ်တင်မှုမပြုလုပ်ဘဲ ဖြေရှင်းဆောင်ရွက်၍ ပြေလည်စေနိုင်သော
အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လုပ်
ဆောင်ရန်တင်ပြခဲ့တယ်” လို့ဆိုပါတယ်။
ဒါကြောင့် လောလောဆယ်မှာတော့ ကျနော်တို့ နိဂုံးကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ စောလွန်းနေပါသေးတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ
ဦးသိန်းစိုးနဲ့ ခုံရုံးအဖွဲ့ဝင်များရဲ့ တုန့်ပြန်မှုနဲ့အသံကို
လေ့လာစောင့်ကြည့်ဖို့ လိုပါသေး တယ်။ “ကော်မတီ၊ ကော်မရှင်အဖွဲ့များသည်
ဥပဒေအရရော အကြောင်းချင်းအရာအရပါ ပြည်ထောင်စုအဆင့်ပင်ဖြစ်သည် ဆိုသည် ကို
အငြင်းပွားစရာမရှိပါကြောင်း” လွှတ်တော်ဘက်ကအခိုင်အမာပြောဆိုထားနေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့
“အပြီးသတ်ဆုံးဖြတ်ချက်”က “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊
ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ်ထည့်သွင်း
အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း
ချက်များနှင့်ညီညွတ်ခြင်းမရှိ ကြောင်း” ဟူ၍ ဖြစ်ပါတယ်။
ခုံရုံးရဲ့အပြီးအပြတ်နှင့်အတည်ဖြစ်စေရမည်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့“အပြီးသတ်ဆုံးဖြတ်ချက်”ကိုလွှတ်တော်
ဘက်ကစောဒကတက်နေတာလည်းဖြစ်ပါတယ်။
မည်သည့်အမှုမျိုးတွင်မဆို “ဥပဒေပြဿနာလော”၊ “အကြောင်းချင်းရာပြဿနာလော” စသဖြင့် ဆန်းစစ်ကြရစမြဲဖြစ်ပါတယ်။
“ဥပဒေပြဿနာ”ဟူ၍လည်းကောင်း၊“အကြောင်းခြင်းရာပြဿနာ”ဟူ၍လည်းကောင်းအငြင်းပွားစရာမရှိဟုဆိုပါလျှင်မည်သည့်
ပြဿနာကို အငြင်းပွားနေကြပါသလဲ။ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ တမင်သက်သက်
တစ်ဗိုလ်တစ်မင်းလုပ်မှုလော၊ အာဏာပါဝါပြမှု သက်သက်လော။
ကျနော်တို့ပြောနိုင်တဲ့အချက်ကတော့ ဒီပြဿနာတွေဟာ လွှတ်တော်ထဲက အတိုက်အခံပါတီတွေ က ဖန်တီးတာ မဟုတ်ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့မွေးရာပါ ပြဿနာတွေရဲ့ ပွဲဦးထွက်ထကြွမှုတွေသာဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ ဖွဲ့စည်းပုံ
အခြေခံဥပဒေ (၂၀၀၈)က စစ်ဗိုလ်တွေကို အခုလို အပိုင်စားနယ်မြေတွေ
သတ်မှတ်ခွဲဝေပေးခဲ့တယ်။ ဗိုလ်ရွှေမန်းနဲ့ ဗိုလ်ခင်အောင်မြင့်က
လွှတ်တော်တွေကိုကွပ်ကဲ။ ဗိုလ်သိန်းစိန်တို့က အစိုးရအဖွဲ့ကိုထိန်းချုပ်၊
စစ်တပ်ကိုဗိုလ်မင်းအောင်လှိုင်က ဗိုလ်လုပ်အမိန့်ပေး၊ ရွေးကောက် ပွဲနဲ့
နိုင်ငံရေးပါတီတွေကို ဗိုလ်တင်အေးက ချုပ်ကိုင်။ ခုံရုံးကို ဗိုလ်သိန်းစိုး က
အုပ်စီး။ အဲဒီယန္တယားအားလုံးကို (ကာလုံ)က ကြီးကြပ်။ (ကာလုံ)ကို
ကန့်လန့်ကာနောက်ကွယ်က ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့က
ကြိုးကိုင်ကြိုးဆွဲ စသဖြင့် အဲဒီလို ခုတ်မောင်းလည်ပတ် နေတဲ့စနစ်ကို
စည်းကမ်း ပြည့်ဝသောဒီမိုကရေစီလို့ခေါ်တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈) ကတော့ အထက်မှာပြောခဲ့တဲ့ ကာလုံ၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ စစ်တပ်၊
ကော်မရှင် တို့ လုပ်ချင်တာလုပ်နိုင်တဲ့ လက်စွဲတော်ဥပဒေပဲဖြစ်ပါတယ်။
ညွန်း
- ၂၀၁၂ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
No comments:
Post a Comment