Tuesday, April 16, 2013

ပြစ်မှုဆိုင်ရာဥပဒေ


ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇ၀တ်ဥပဒေ) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြု အာဏာပိုင်က ပြည်သူအချင်းချင်း ကျင့်သုံးလိုက်နာရန်၊ နိုင်ငံအတွင်း၌ နေထိုင်သည့် ပြည်သူများ အား လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ ဇာတ် ခွဲခြားခြင်းမပြုဘဲ ဆောင်ရန် ရှောင်ကြဉ်ရန် သတ်မှတ်ထား သည့် ဥပဒေများ၊ နည်းဥပဒေများဖြစ်၍ ထိုဥပဒေများ၊ နည်းဥပဒေများကို မလိုက်နာ မဆောင်ရွက် ပါက ပြစ်ဒဏ်ကို သတ်မှတ်ပေးသည့် ဥပဒေကို ခေါ်ဆိုခြင်းဖြစ်သည်။
          ပြစ်မှုဆိုင်ရာဥပဒေတွင် ပြစ်မှု (ရာဇ၀တ်မှု)များ၏ အဓိပ္ပာယ် ပြစ်မှု (ရာဇ၀တ်မှု) မြောက် စေမည့် အင်္ဂါရပ်များကို သတ်မှတ်ဖော်ပြချက်များနှင့် ပြစ်မှု (ရာဇ၀တ်မှု) များကို ကျူးလွန်ခဲ့သော်
ကျခံရမည့် ပြစ်ဒဏ်ပြဌာန်းချက်များ ပါရှိပေသည်။
          ဥပဒေ ကို အမျိုးအစား (၂)မျိုးခွဲသော်
          (က) ပင်ရင်း ဥပဒေ (သို့) အရင်းခံဥပဒေ (Substantive Law) နှင့်
          (ခ)   နည်းဥပဒေ (သို့) ကျင့်ထုံး ဥပဒေ (Procedural Law) ဟူ၍ ခွဲခြားနိုင်သည်။
          ပင်ရင်း ဥပဒေ (သို့) အရင်းခံ ဥပဒေများ (Substantive Laws) သည် နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အခွင့်အရေးများ၊ တာဝန်များ လိုက်နာကျင့်သုံးရမည့် ၀တ္တရားများကို ပြဌာန်းပေး ပြီး၊ နည်းဥပဒေ (သို့) ကျင့်ထုံးဥပဒေများ (Procedural Laws) သည် ပင်ရင်း ဥပဒေ (သို့) အရင်းခံ
ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာရသည့် နည်းစနစ်များကို ပြဌာန်း ပေးထားခြင်းဖြစ်သည်။
          ပြစ်မှုဆိုင်ရာ ပင်ရင်း ဥပဒေ (သို့) အရင်းခံ ဥပဒေတွင် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) နှင့် အခါအားလျော်စွာ ပြဌာန်းခဲ့သည့် အထူးဥပဒေများ ဒေသန္တရ ဥပဒေများ အကြုံးဝင်သည်။
          ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဥပဒေ ပုဒ်မ ၅၊ အပိုဒ် ၂၂ တွင်    " ပြစ်မှု ဆိုသော စကားရပ်သည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှု သို့်မဟုတ် ပျက်ကွက်မှုကို ဆိုလိုသည်။ " ဟုပါရှိပါသည်။

ပြစ်မှု နှင့် တရားမ
          ပြစ်မှုနှင့်တရားမမှုကို ခွဲခြားသိသင့်ပေသည်။ တရားမမှုဆိုသည်မှာ ပုဂ္ဂိုလ်ရေးနှင့်သက်ဆိုင် သော အမှုအခင်းဖြစ်သည်။ ပုဂ္ဂိုလ်အချင်းချင်း ပုဂ္ဂလိက ထိပါးနစ်နာစေသဖြင့် လျော်ကြေးတောင်း ခြင်း စသည်ဖြင့် ပုဂ္ဂလိကဆိုင်ရာ နစ်နာမှုများအတွက် ဆိုင်ရာ တရားမရုံးတွင် တရားစွဲဆိုသော အမှုကိစ္စမျိုးသည် တရားမမှု ဖြစ်သည်။
          ပြစ်မှုဆိုသည်မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှု (သို့) ပျက်ကွက်မှုဖြစ်ပြီး  ပုဂ္ဂလိက တစ်ဦးတစ်ယောက်ကိုသာ ထိခိုက်နစ်နာစေသည် မဟုတ်ဘဲ နိုင်ငံ အစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားစွာ အုပ်ချုပ်ရေးကိုလည်းကောင်း၊ အများပြည်သူတို့ ၏ ငြိမ်းချမ်းစွာ နေထိုင်ရေးကိုလည်းကောင်း၊ ထိပါးနှောက်ယှက် စော်ကားရာရောက်သည်ဖြစ်၍ နစ်နာခံရသူကိုယ်စား နိုင်ငံအစိုးရက တရားလိုပြုလုပ်၍ နစ်နာအောင်ပြုသူအား ဥပဒေအရ အရေးယူ  အပြစ်ပေးနိုင်သော ပြုလုပ်မှု (သို့) ပျက်ကွက်မှုများဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေ၏ ရည်ရွယ်ချက်
          ပြစ်မှုဆိုင်ရာဥပဒေ ကို သတ်မှတ်ပြဌာန်းပေးရာ၌ အဓိက ရည်ရွယ်ချက် (၂)ရပ် ရှိသည်။
ပထမ။           ။ ပြစ်ဒဏ်သင့်သည့် လှုပ်ရှားမှု သို့မဟုတ် ပြုလုပ်မှုတစ်ခုခုကို မပေါ်ပေါက်မီက ကြိုတင် တားမြစ်လိုသည့်သဘောနှင့် ဥပဒေအဖြစ် ပြဌာန်းခြင်း ဖြစ်ပြီး၊
ဒုတိယ။          ။ တားမြစ်ထားသည့် လှုပ်ရှားမှု သို့မဟုတ် ပြုလုပ်မှုတစ်ခုခုကို တားမြစ်ထားပါလျက်နှင့် မသမာသော သဘောနှင့်ဖြစ်စေ၊ တမင် ပြုလုပ်ကျူးလွန်ခြင်းဖြင့်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ခြင်းအတွက် ပြစ်မှုဆိုင်ရာဥပဒေအရ ပြဌာန်းထားသည့် ပြစ်ဒဏ်တစ်ရပ်ရပ်ကို ကျူးလွန်သူအား ကျခံစေခြင်းဖြင့် ပြည်သူပြည်သားတို့၏အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေ၏ အခြေခံမူ (၄)ရပ်
၁။       ပြစ်မှုတစ်ခုတွင် တရားလိုဘက်မှ တရားခံပြစ်မှုကျူးလွန်သည်ဟု ထင်ရှားအောင် မပြနိုင်သ၍ တရားခံသည် အပြစ်မရှိဟု မှတ်ယူရမည်။
၂။       စွပ်စွဲခံရသော ပြစ်မှုတွင် အကြောင်းအကျိုးဆီလျော်သော သံသယဖြစ်ဖွယ်ရာ အကြောင်းများရှိပါက သံသယ၏ အကျိုးကို တရားခံအား ခံစားခွင့်ပြုရမည်။ တရားခံအား ထင်ကြေးဖြင့် အပြစ်မပေးရ။
၃။       တရားခံ၏ရှေ့မှောက်တွင် ရယူထား၍ တရားဥပဒေအရ သက်သေခံအဖြစ်လက်ခံနိုင်သော သက်သေခံချက်များအရသာ ပြစ်မှုကို စီရင်ဆုံးဖြတ်ရမည်။
၎။       တရားစီရင်ခြင်းသည် မှန်ကန်မျှတရမည်။

ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး)
          ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) သည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပြီးနောက် ၁၈၆၁ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် အင်္ဂလိပ်တို့က ပြဌာန်းခဲ့သော ဥပဒေဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မြန်မာဥပဒေဘာသာပြန် ကော်မတီမှ ၄င်း ပြစ်မှုဆိုင်ရာဥပဒေကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ခြင်း၊ ပြင်ဆင်ပြဌာန်း ခြင်းတို့ဖြင့် လိုက်နာကျင့်သုံးလာခဲ့သော ဥပဒေ တစ်ရပ်ဖြစ်သည်။ ဤဥပဒေတွင် အခန်း (၃၃) ခန်း ပါရှိပြီး ပုဒ်မ (၅၁၁)ခု ပါဝင်သည်။ အဓိကအားဖြင့် ပြစ်ဒဏ်ချမှတ်ရန် ပြဌာန်းချက်များ ကင်းလွတ်ရ မြဲ အချက်များနှင့် ပြစ်မှုများကို ပြဌာန်းထားသည့် ဥပဒေဖြစ်သည်။
          ယခင်က ပြစ်မှုများကို ရာဇ၀တ်မှုဟု ခေါ်ဆိုသုံးနှုန်းခဲ့ကြသည်။ ပြစ်မှုဆိုင်ရာဥပဒေကို ရာဇ၀တ်ဥပဒေဟု ခေါ်ဆိုသုံးနှုန်းခဲ့ကြသည်။ ရာဇ၀တ်မှုဆိုသော အသုံးအနှုန်းကို သုံးသပ်ကြည့် သော် ရာဇ - မင်း(ဘုရင်)က အပြစ်ပေးစီရင်မည့်၊ မင်းပြစ်မင်းဒဏ်ထိုက်သင့်စေနိုင်သည့် ပြစ်မှုများ ဖြစ်၍ ရာဇ၀တ်မှုဟု ခေါ်တွင်ခဲ့ကြသည်။
          ဘုရင်က ထုတ်ပြန်သော မှာစာ၊ ကြားစာ၊ မိန့်စာများကို ရာဇသတ်ဟုခေါ်တွင်ခဲ့သည်။ ၄င်း တို့ကို မလိုက်နာလျှင် မင်းပြစ်မင်းဒဏ်သင့်မည် ရာဇ၀တ်သင့်မည်ဖြစ်သည်။
          သို့ဖြစ်၍ ရာဇသတ်ကြီးဆိုသည်မှာ ပြစ်ဒဏ်ထိုက်သင့်မည့် ပြစ်မှုများ၊ ကျခံရမည့် ပြစ်ဒဏ် များကို စုစည်းဖော်ပြထားသော ဥပဒေဖြစ်၍ ရာဇ၀တ်မှု သင့်ရောက်စေမည့်၊ ရာဇ၀တ်သင့်စေမည့်၊
မင်းပြစ်မင်းဒဏ်သင့်စေမည့် ရာဇ၀တ်မှု (ပြစ်မှု)များ၊ သင့်ရောက်မည့်ရာဇဒဏ် (ပြစ်ဒဏ်)များကို စုစည်းဖော်ပြထားခြင်းဖြစ်သဖြင့် ရာဇသတ်ကြီးဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
          အင်္ဂလိပ်ဘာသာဖြင့် Penal Code ၏ အဓိပ္ပာယ်ကို ပြန်ဆိုသော် Penal မှာ " ပြစ်ဒဏ် စီရင်သော၊ ပြစ်ဒဏ်ခံထိုက်သော၊ ပြစ်ဒဏ်သင့်သော၊ ရာဇ၀တ်သင့်သော၊ မင်းဘေးသင့်သော၊ မင်းဒဏ်သင့်သော၊ ပြစ်ဒဏ်စီရင်ရန်ဖြစ်သော" (ဦးထွန်းငြိမ်း အင်္ဂလိပ် - မြန်မာ အဘိဓာန်) ဟူ၍ ဖြစ်ပြီး၊ Code ဟူသည်မှာ " ၁။ စနစ်တကျစုစည်းထားသည့် ဥပဒေစု၊ ဥပဒေပေါင်းချုပ်၊ ၂။ ဥပဒေ
(တရားမကျင့်ထုံး၊ ပြစ်မှုဆိုင်ရာကျင့်ထုံး စသည်များ) " ဟူ၍  ပြည်ထောင်စုမြန်မာနိုင်ငံတော် ရှေ့နေချုပ်ရုံးမှထုတ်ဝေသည့် အင်္ဂလိပ် - မြန်မာ ဥပဒေဝေါဟာရ အဘိဓာန် [The English Myanmar Law Dictionary (4th Edition)] တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
          သို့ဖြစ်၍ Penal Code ကို ဆီလျော်စွာ အဓိပ္ပာယ်ပြန်ဆိုမည်ဆိုလျှင် ပြစ်ဒဏ်သင့်သော၊ ပြစ်ဒဏ်စီရင်ရန် ဖြစ်သောပြဌာန်းချက်များကို စနစ်တကျစီစဉ်စုစည်းထားသည့် ဥပဒေစု ဟု ပြန်ဆိုနိုင်ပေသည်။
          ယခုအခါ ရာဇ၀တ်မှု၊ ရာဇ၀တ်ဥပဒေ ဟူသော အသုံးအနှုန်းအစား ပြစ်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေ ဟူ၍ ပြောင်းလဲ သုံးနှုန်းနေပြီဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...