Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း-၁)

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ – ၁၅၁ (၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်လာသည် ဟုသော် လည်းကောင်း၊ ပေါ်ပေါက်ရန် အကြောင်းရှိသည် ဟုသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌ မဆို ယူဆခဲ့သော် ထိုပြဿနာကို စဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ် ကလည်း ထိုပြဿနာနှင့် စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့် အတိုင်း ကြားနာ စစ်ဆေးပြီးနောက် သမ္မတထံ အစီရင်ခံနိုင်ရမည်။” ဟု ပြဋ္ဌာန်းထားချက် ရှိခဲ့ဖူးပါသည်။
အမေရိကန်ပြည်ထောင်စု၏ တရားလွှတ်တော်ချုပ်သည်လည်း အခြေခံဥပဒေနှင့် ဥပဒေများကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခွင့် အာဏာ ရှိပြီး အခြေခံဥပဒေနှင့် မညီသောကိစ္စရပ်များ ကိုလည်း အဆုံးအဖြတ်ပြုနိုင်ခွင့် အာဏာရှိပါသည်။
Common Law System (အင်္ဂလိပ်ဥပဒေစနစ်) စနစ်ကို မြန်မာနိုင်ငံကဲ့သို့ မကျင့်သုံးသော ဥရောပနိုင်ငံများက စတင်ကျင့်သုံးခဲ့သည့် ကိုဓဥပဒေ/ ပြဋ္ဌာန်းဥပဒေစနစ် (Code Law System) သို့မဟုတ် – ဆီဗီလ်ဥပဒေစနစ် (Civil Law System) တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများကို ကျင့်သုံး ဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။ ပါမောက္ခ ဒေါက်တာ ဟန်း(န်) ကယ်(လ်)စင် (၁၈၈၁-၁၉၇၃) ၏မူအရ “ဥပဒေပြုသူတို့က အခြေခံဥပဒေနှင့် မညီသော ဥပဒေများ မပြုလုပ်ကြရန်နှင့် အုပ်ချုပ်သူတို့ကလည်း အခြေခံ ဥပဒေနှင့် ဆန့်ကျင်သော အဆုံးအဖြတ်များ မပြုလုပ်ကြရန်” ဖြစ်သည်။ အခြေခံဥပဒေရေးရာ အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်နိုင်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးတရုံး သီးခြားဖွဲ့စည်း တည်ထောင်၍ အခြေခံဥပဒေဆိုင်ရာ ပါလီမန်နိုင်ငံရေးကို တရားစီရင်ရေးနည်းလမ်း (Judicialization  of Constitutional Parliamentary Politics) ဖြင့် ကယ်လ်စင်က အကောင်အထည်ဖော်ခဲ့သည်။
၁၉၉၀ ခုလွန်နှစ်များတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နှင့် ယနေ့မြန်မာနိုင်ငံ တို့ကျင့်သုံးနေကြသည်ကို တွေ့မြင်ရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ – ၂၉၃ တွင် “နိုင်ငံတော်၏ တရားစီရင်ရေး ဆိုင်ရာရုံးများကို အောက်ပါအတိုင်းဖွဲ့စည်းသည်။ (ဂ) တွင် “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး။” ဟု ဖော်ပြထားသည်။ ပုဒ်မ -၂၉၄ တွင် “စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။” ဟု ဖော်ပြထားသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာကို ထိခိုက်၍ မရပေ။ ခုံရုံး၏ လုပ်ငန်းတာဝန်များကို ပုဒ်မ – ၃၂၂  (က) မှ (ဆ) အထိပြဋ္ဌာန်းထားသည်။ ပုဒ်မ – ၃၂၄ တွင် “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု ပဋိပက္ခများကို ခုံရုံး၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ သွားခွင့်မရှိတော့ပါ။ ဥရောပ အခြေခံ ဥပဒေဆိုင်ရာ တရားစီရင်ရေးပုံစံသို့ ပြောင်းလဲ အကောင်အထည်ဖော် လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ လက်ရှိကျင့်သုံးနေသော ဥပဒေစနစ်မှာ အင်္ဂလိပ်ရိုးရာ ဥပဒေစနစ် (Common Law System) ဖြစ်ပါသည်။ ယခု ကျင့်သုံးလာသည့် ပြဋ္ဌာန်းဥပဒေစနစ် (၀ါ) ဆီဗီလ် ဥပဒေစနစ် (Civil Law System) ဖြင့် ပေါင်းစပ်လိုက်လျှင် ကပြား ဥပဒေစနစ် တရပ်ကို ထူထောင်လာသည်ဟု ဆန်းစစ်တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေ ကိုယ့်နိုင်ငံ၏ အမျိုးသားရေး သမိုင်းအစဉ်အလာနှင့် ရိုးရာဓလေ့ထုံးတမ်း ဆိုင်ရာ လောကပါလ တရားများကိုတော့ ကျော်လွန်၍ ချန်လှပ်ထား၍ ရနိုင်မည်ကား မဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအနေဖြင့် အမှန်စင်စစ် ဥပဒေစာသားများထက် ဥပဒေ၏ သဘောထားကို အလေးထားရပါမည်။ အနက်အဓိပ္ပါယ် စာသားများကို ကျော်လွန်၍ အခြားအခြေခံများပေါ်တွင် မှီငြမ်းပြုပြီး ဥပဒေ၏ သဘောထားအမှန်ကို ဖော်ထုတ်ရန် တာဝန်လည်းရှိပါသည်။
ဥပဒေများ၏ ခေါင်ထိပ်စည်းက အထွတ်မြတ်ဆုံး ဥပဒေအဖြစ် ထားရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိကျ ပြတ်သားပြီး ရှေ့နောက်စကားရပ်များ ညီညွတ်ရှင်းလင်း ရပါမည်။ ပုဒ်မ တခုချင်း အချိတ်အဆက် ညီညွတ်ရပြီး ပုဒ်မတစ်ခုကို နောက်ပုဒ်မ တစ်ခုက ချေဖျက်ထားခြင်းမျိုး လုံးဝမပါရှိရပါ။ အတွင်းသဘော အနှစ်သာရခြင်း တထပ်တည်း တူညီရပါသည်။ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် ကွဲလွဲချက်များထဲမှ ပုဒ်မ တစ်ခုကိုသာ အတည်ယူရမည်ဖြစ်ပြီး ကျန်ပုဒ်မများကို ပြုပြင်လိုလျှင်ပြုပြင်ပြီး၊ ပယ်ဖျက်ရန်လိုအပ်လျှင် ပယ်ဖျက်ပစ်ရပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းတွင် ဥပဒေအချင်းချင်း ပဋိပက္ခ ဖြစ်နေသည့် ပုဒ်မများ အမြောက်အမြား ပါရှိနေပါသဖြင့် ၎င်းကွဲလွဲချက်များကို နိဒါန်းမှစ၍ အခန်းအလိုက် သုံးသပ် တင်ပြ သွားမည်ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ – ၄၅၃ တွင် “ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင် တည်ဆဲ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်။” ဟု အတိအလင်း ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ General Clauses Act ကိုသာ ကိုးကားရပါမည်။ သို့အတွက် စကားရပ်များနှင့် စပ်ဆိုင်လျှင် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေကို ကိုးကားပြီး အရှိကို အရှိအတိုင်း ဖွင့်ဆိုသုံးသပ် ဆန်းစစ် တင်ပြသွား ပါမည်။
အခန်းအလိုက် သုံးသပ်တင်ပြချက်
နိဒါန်း
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နိဒါန်း တွင်”ပြည်သူလူထု၏ လိုအင်ဆန္ဒ နှင့်အညီ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန် အတွက် ကြိုးပမ်းတည်ဆောက် ပေးခဲ့ပေသည်။” ဟုဖော်ပြပါသည်။ ထို့ပြင် ”နိုင်ငံတော်အတွင်း လူမျိုးရေး တန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်ဓါတ်ဖြစ် သည့် ပြည်ထောင်စု စိတ်ဓါတ် ကိုခိုင်မြဲစွာ မွေးမြူလျက် ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန် ချမှတ်၍ လည်းကောင်း အတည်ပြု ပြဋ္ဌာန်း လိုက်ကြသည်” ဟုလည်းဖော်ပြပါသည်။ ဤနိဒါန်းဖော်ပြချက်ပါ သဘောတရားများနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များသည် အလေးအနက်ထား လိုက်နာမှုရှိမရှိ၊ ကိုက်ညီမှု ရှိမရှိ၊ ထပ်တူကျမှု ရှိမရှိ ဆန်းစစ်ရန်လိုအပ်ပါသည်။ အခန်း (၁) နိုင်ငံတော် အခြေခံမူများမှ စတင်၍ အစအဆုံး ကောက်နှုတ်ဖော်ပြ၍ ဥပဒေရေးရာ သုံးသပ်တင်ပြပါမည်။
အခန်း (၁)
နိုင်ငံတော် အခြေခံမူများ။
အခြေခံမူများ ပုဒ်မ – ၆ (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” ဟု ဖော်ပြချက်နှင့် အခြေခံမူတွင် ပါရှိသော ပုဒ်မ – ၂၆ (က) “နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။” တို့သည် ဆန့်ကျင်နေကြောင်း၊ စကားရပ် သဘောထား ကွဲလွဲခြားနားနေကြောင်း ပြတ်သားစွာ တွေ့ရှိရပါသည်။ တပ်မတော်သားများသည် နိုင်ငံဝန်ထမ်းဖြစ်ကြောင်းကို ဤအခြေခံဥပဒေ ပုဒ်မ – ၂၉၁ တွင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အမှန်တကယ်မှာ ပုဒ်မ – ၃၃၉ ပါ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။” ဟု ပြဋ္ဌာန်းထားသည်နှင့်အညီသာ လိုက်နာဆောင်ရွက်ရပါမည်။ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ဦးဆောင်ခွင့်ကို အခြေခံဥပဒေ သဘောတရားအရ ခွင့်ပြု မထားပါ။ နိုင်ငံရေး ဦးဆောင်မှုကို နိုင်ငံရေးပါတီများကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါ ပုဒ်မများကို အလေးထား သည့်အနေဖြင့် ပုဒ်မ -၂၆ (က) နှင့် ဆန့်ကျင်နေသော ပုဒ်မ – ၆ (စ) ကို ပယ်ဖျက်ပစ်ရပါမည်။
ပုဒ်မ – ၉ (က) တွင် “ထိုတိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ပြည်နယ်တို့သည် အဆင့်အတန်းတူညီ ကြသည်။” ဟု ဖော်ပြချက်မှာ မဆလ တပါတီအာဏာရှင်စနစ်က ဗိုလ်နေ၀င်း ပြဋ္ဌာန်းခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ – (၃၁) တွင် ဖော်ပြထားခဲ့သည့် သဘောထားနှင့် ပုံသဏ္ဌာန်မှာ တထပ်တည်း တူညီနေသည်ကို ထူးထူးကဲကဲတွေ့ရှိရသည်။ နိဒါန်းတွင် ဖော်ပြထားသည့် “လူမျိုးရေး တန်းတူမှုဖြင့် ပြည်ထောင်စုစိတ်ဓါတ်” ကို ဖော်ဆောင်ရည်ညွှန်းနိုင်ခြင်းမရှိဘဲ တစ်ပါတီ အာဏာရှင် စနစ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆက်လက်ပြဋ္ဌာန်း ထားသည်ကို တွေ့မြင်နေရသည်။ ပြန်လည်စိစစ် ပြင်ဆင်ပြဋ္ဌာန်းရမည့် ပုဒ်မဖြစ်နေကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် ပုဒ်မ – ၅၆ တွင် ပါရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း တစ်တိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ဒေသတို့ကို ပုဒ်မ – ၉ တွင် တဆက်တည်း ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရပါ။ ဤပုဒ်မ ပြဋ္ဌာန်းချက်တွင် ချန်လှပ်ထားမှုသည် သီးခြားကန့်၍ ခွဲခြားလိုက်သည့် သဘောထားကို ဖော်ပြရာရောက်စေပါသည်။ ဥပဒေ၏ အားနည်းချက်ကြောင့် အန္တရာယ်ဖြစ်စေ သည့် ပြည်တွင်းစစ်မှ ရှောင်ရှားသင့်ပါသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ၂၁ ရာစု ပင်လုံညီလာခံအသစ်ဖြင့်သာ လူမျိုးရေး တန်းတူမှု ရှိသည့် ပြည်ထောင်စု စစ်စစ်ကို ဖော်ဆောင်နိုင်ပါမည်။ သို့ဖြစ်ပါ၍ ဤပုဒ်မ သည် ပြုပြင်ပြောင်းလဲ ပစ်ရမည့် ပုဒ်မစာရင်းတွင် ထည့်သွင်းထားသင့်ပါသည်။
ပုဒ်မ – ၁၄ တွင် “ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။” ဟု အခြေခံမူတွင် ဖော်ပြလာသည်။ တဆက်တည်း လေ့လာရမည့် ပုဒ်မများမှာ အောက်ပါတို့ပါဝင်သည်။ ဥပဒေပြုရေး၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ – ၇၄ (က) တွင် “ပုဒ်မ – ၁၀၉ (ခ) အရ “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပုဒ်မ – ၁၄၁ (ခ) အရ “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး။ စုစုပေါင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ပါဝင်သည်ဟု အတိအကျဖော်ပြထားပါသည်။ ဤသို့ဆိုလျှင် အခြေခံမူတွင်ဖော်ပြထားသော ပုဒ်မ -၂၁ (က) “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်။” နှင့် ပုဒ်မ – ၃၈ (က) “နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသည်။” ဆိုသော ပုဒ်မနှစ်ခုနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်း အထင်အရှားတွေ့ရပါသည်။ ထို့ပြင် လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင် မြှောက်ခြင်း ပုဒ်မ – ၃၉၁ (ခ) “ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲ တစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော် တစ်ရပ်စီအတွက် ဆန္ဒမဲ တစ်မဲသာ ပေးပိုင်ခွင့်ရှိသည်။” ဟူသော လူတစ်ကိုယ်မဲတစ်ပြား အခြေခံဒီမိုကရေစီမူကို ဗိုလ်ချုပ်မှုးကြီးတစ်ဦးတည်းက လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးခန့်အပ်ခြင်းဖြင့် ဆန့်ကျင် ချိုးဖောက်ထားသည်ကို တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံမူ၌ပင်လျှင် ဒီမိုကရေစီမူများဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ထားသည်ဆိုလျှင် တရားဥပဒေစိုးမိုးရေးကို အဘယ်ပုံ အဘယ်နည်းဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ပါအံ့နည်း။ ဒီမိုကရေစီ မူဆိုင်ရာပုဒ်မများကို လိုက်နာရမည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မများအားလုံးကို ပယ်ဖျက်ပစ်ရပါမည်။ စစ်အာဏာရှင်စနစ်ကိုထိန်းသိမ်းရန် စစ်အစိုးရ တရပ်တည်ရှိနေ သေးသည်ကို ဤပုဒ်မများက ဖော်ညွန်းနေပါသဖြင့် အရပ်သားအစိုးရ တရပ်ကို တည်ဆောက်လိုပါက ဤပုဒ်မများကို မဖြစ်မနေ ဖျက်သိမ်းပစ်ရ ပါလိမ့် မည်။
ပုဒ်မ – ၄ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်။” ဟု ပြဋ္ဌာန်းချက်အတိုင်းသာ ဖြစ်သင့်ပါသည်။ တပ်မတော်က ဆင်းသက်ပြီး ကာကွယ်ရေးဦးစီးချုပ် ပေါ်တွင်တည်သည်ဟု ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်၌က စစ်အုပ်စုလက်စွဲ စစ်အာဏာရှင်စနစ် ကျမ်းကြီး တစ်စောင် ဖြစ်သွားပါလိမ့်မည်။ စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်ချုပ်ရေးအောက်က နိုင်ငံတော်တိုင်း ကျဆုံးတတ်သည်ကို သင်ခန်းစာယူတတ်ရပါမည်။ ဒီမိုကရေစီ စနစ်နှင့် ပြဒါး တစ်လမ်း သံတစ်လမ်းဖြစ်နေ သည်ကို ခွဲခြားရှုမြင်ရပါမည်။
စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ညွှန်းသည့် ပုဒ်မ – ၃၆ (ခ) တွင် “နိုင်ငံတော်သည် စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ၊ လက်ဝါး ကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။” ဟူသော ပြဋ္ဌာန်းချက်ကို တိတိကျကျ လိုက်နာရပါမည်။ ထို့ပြင် ပုဒ်မ – ၃၆ (ဃ) တွင် “စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြု” ဟု ပါရှိသည့်အတိုင်း ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက စံပြလိုက်နာ ကျင့်သုံးရပါမည်။ သို့သော်လည်း ပုဒ်မ ၃၇ (ခ) တွင် “နိုင်ငံတော်သည် နိုင်ငံပိုင်သယံဇာတများအား စီးပွားရေး အင်အားစု များက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲ ကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်။” ဟု ဖော်ပြထားပြန်သည်။ ၎င်းဥပဒေကို အကောင်အထည် ဖော်ရန် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေနှင့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်း၍ ပုဒ်မ – ၃၆ (ခ) နှင့် (ဃ) တို့ကို ဆန့်ကျင်ပြီး ပြဋ္ဌာန်းလိုက် သည်ကို တွေ့ရှိရပါသည်။ စီးပွားရေးဆိုင်ရာ အခြေခံမူများနှင့် ကွဲလွဲဆန့်ကျင်စွာ ပြဋ္ဌာန်းထားသည့်အပြင် အစိုးရ အာဏာပိုင်များက မူနှင့်ဆန့်ကျင်စွာ ကျူးလွန်ဖောက်ဖျက် ထားသည့် အမှုပေါင်း မြောက်များစွာလည်း ပေါ်ပေါက်လျှက်ရှိပါသည်။ ၎င်းတို့ကို စုံစမ်းစစ်ဆေးပြီး ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလာသည့် အဆိုပါ ဥပဒေများ ကို ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းသင့်ပါသည်။
ပုဒ်မ – ၃၇ (ဂ) တွင် “ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့် အညီခွင့်ပြုရမည်။” ဟု ယေဘူယျ ဖော်ပြ ချက်ကိုတွေ့ ရပါသည်။ ၎င်းအခွင့်အရေးများအတွက် တိကျသည့် သီးသန့်ဥပဒေတစ်ခုစီ ပြဋ္ဌာန်းပေးရန် လိုအပ်ပါသည်။ အခြေခံမူ၏ အဓိက လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင် မည့် ပုဒ်မများကိုသာ ဤအခန်းတွင် ထည့်သွင်းရန် လိုအပ်ပါသည်။
ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးတည်း၏ လုပ်ပိုင်ခွင့်များကို ဖော်ပြထားသော ပုဒ်မအမြောက်အများကို တပ်မတော် အခန်းတွင်သာ ဖော်ပြသင့်ပါသည်။ ဤအခန်းတွင် မဖော်ပြသင့်ပါ။
ဤအခန်း ပုဒ်မ ၁ – မှ ပုဒ်မ ၄၈ အထိ မူများတွင် ထပ်မံဖြည့်ရမည့်၊ ပယ်ဖျက်ရမည့် ပုဒ်မများနှင့် ပတ်သက်၍ လွှတ်တော်အတွင်းတွင် ဖြေရှင်းရုံဖြင့် မပြေလည်နိုင်တော့ပါ။ လွှတ်တော်ပြင်ပ ၂၁ ရာစု ပင်လုံ ညီလာခံ အသစ်ဖြင့်သာ စစ်မှန်သည့် မူများကို ချမှတ်နိုင် ဖြည့်ဆည်းနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဦးမျိုး (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...