Thursday, April 18, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဘယ်အတိုင်းအတာအထိပြင်ဆင်နိုင်မလဲ

တူမောင်ညို
အောက်တိုဘာ ၁၁၊ ၂၀၁၁
 “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဆိုတဲ့ သတင်းရယ်။
စက်တင်ဘာ ၃၀ ရက်နေ့၊ စိမ်းလဲ့ကန်သာတွေ့ဆုံပွဲမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဖြေဆိုခဲ့ကြတဲ့ အဖြေ ၂ ရပ်ကိုပေါင်းပြီး (NLD) က မကြာခင် ပါတီမှတ်ပုံတင်တော့မယ်ဆိုတဲ့ သတင်းကို သေချာပေါက်ဖြစ်လာတော့မယ် သတင်းတစ်ခုသဖွယ် ပြောဆိုလာနေကြပါတယ်။
မုန့်ဆီကြော်က ဘယ်လိုနေမှန်းမသိသေးဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလုပ်နေကြပြီ။
လက်တွေ့အားဖြင့်ပြောရရင် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဆိုတာဟာ ဥပဒေကြမ်း အဖြစ်ပဲရှိပါသေးတယ်။ အမျိုးသားလွှတ်တော်ထဲမှာမဆွေးနွေးရသေးပါဘူး။
အမျိုးသားလွှတ်တော်ကလက်ခံဆွေးနွေး၊ အတည်ပြုပြီးပြီဆိုရင်လည်း အဲဒီဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ဆက်လက် တင်ပြရပါဦးမယ်။ ပြည်သူ့လွှတ်တော်က လက်ခံပါမှ(သို့တည်းမဟုတ်)ပြင်ဆင်ချက်တွေပြုလုပ်ပြီး လက်ခံတာလည်းလုပ်နိုင်ပါသေးတယ်။ လွှတ်တော်၂ ရပ်လုံးကလက်ခံသဘောတူပြီး။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှသာ ဥပဒေတစ်ရပ်အဖြစ်ပေါ်ထွက်လာမှာပါ။
ဒီတော့ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဟာ “ဥပဒေတစ်ရပ်အဖြစ်” ပေါ်ထွက်လာ တဲ့အထိ စောင့်ကြရဦးမယ်။မစောင့်ပဲ ကိုယ်သန်ရာသန်ရာထင်မြင်ချက်တွေ၊ ဆန္ဒစွဲတွေနဲ့ သုံးသပ်နေကြမယ်ဆိုရင် ရလဒ်ကောင်းမရနိုင် ပါဘူး။
ဒီနေရာမှာ  ဒီချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကနေ(ဗွီအိုအေ) ကိုပြောတဲ့စကားက ဆီလျော်ပါတယ်။ “ အခုကတော့ Bill (မူကြမ်း)တင်တာဘဲရှိသေးတယ်လေ။ Pass(အတည်ပြုချက်) မဖြစ်သေးဘူး။ ဒါတွေဖြစ်လာတဲ့အခါကျရင် ကျနော်တို့ကလည်း လက်တွေ့ ကျကျပြန်လည်သုံးသပ်ဖို့လိုမှာပေါ့။”
အလျဉ်းသင့်လို့ “ဥပဒေတွေပြင်ဆင်” နေတယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပြောချင်ပါတယ်။
ပထမဆုံးလုပ်သင့်တာတော့ “မေးခွန်းဆိုတာ အမြဲထုတ်ရမယ်” ဆိုတဲ့ လမ်းညွန်ချက်နဲ့အညီ မေးခွန်းများများထုတ်ကြဖို့ပါပဲ။
“ဘယ်လိုဥပဒေတွေကိုပြင်သလဲ၊ ဘယ်လိုပြင်တာလဲ၊ ဘာကြောင့်ပြင်သလဲ၊ ဘာအတွက်ပြင်သလဲ၊ ဘယ်အတိုင်းအတာအထိ ပြင်သလဲ” ဆိုတဲ့မေးခွန်းတွေမေးရပါမယ်။
နိုင်ငံတစ်နိုင်ငံမှာ အခြေခံအကျဆုံးဥပဒေဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရည်ညွန်းပြောဆိုကြတာမဟုတ်လား။
ကျန်တဲ့တည်ဆဲဥပဒေဆိုတာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဆွယ်အပွားတွေ၊ ကိုင်းဖျားကိုင်းနားတွေပဲလေ။ လွှတ်တော် တွေထဲမှာ ပြင်ဆင်ဖို့ အဆိုပြုနေတာတွေဟာ အခြေခံဥပဒေပြင်ဆင်ရေးမဟုတ်သေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အဆွယ်အပွားတွေ၊ ကိုင်းဖျားကိုင်းနားဥပဒေလေးတွေပဲဖြစ်ပါတယ်။
ပထမဆုံးတွေ့လိုက်ရတဲ့ပြင်ဆင်မှုကတော့ ၂၀၁၁ အောက်တိုဘာလ ၅ ရက်နေ့စွဲနဲ့ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ် ပြန်လိုက်တဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ” ဆိုတာပဲဖြစ်ပါတယ်။
ဘာတွေပြင်သလဲဆိုတော့ ဒီဥပဒေဟာ (နအဖ) စစ်အစိုးရထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည်” ဆိုတဲ့ စကားရပ်နေရာမှာ “နိုင်ငံတော်သမ္မတသည်”ဆိုတဲ့ စကားရပ်နဲ့  အစားထိုးပြောင်းလဲပြင်ဆင်တာလောက် ပဲဖြစ်ပါတယ်။ မူလထုတ်ပြန်ထားတဲ့ အနှစ်သာရနဲ့ သဘောထားကို ပြောင်းလဲသွားစေတဲ့ ပြင်ဆင်မှုမျိုးမဟုတ်ပါဘူး။ ဒီတော့ လွှတ်တော် ကနေ အတည်ပြုထုတ်ပြန်လာမယ့် “ပြင်ဆင်ပြောင်းလဲမှုတိုင်း” ကို ကျနော်တို့အနေနဲ့ လက်တွေ့ကျကျ ဆန်းစစ်သုံးသပ်ရမယ်ဆိုတာပါ ပဲ။
နောက်တစ်ခုစဉ်းစားမိတာက NLD ရဲ့ရည်ရွယ်ချက်က “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ရေး” ဆိုတာလောက်နဲ့ ရပ်တန့်ကျေနပ်နေမှာလားဆိုတဲ့မေးခွန်းပါပဲ။
(ဘီဘီစီ)နဲ့ အင်တာဗျူးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောထားတာရှိတယ်။
“ကျမတို့ NLD က အစကတည်းကပြောထားတာ ၂၀၀၈ အခြေခံဥပဒေထဲမှာဆိုလို့ရှိရင် လက်မခံနိုင်တဲ့အရာတွေပါတယ်။ အားလုံးကိုကျမတို့ပြောတာမဟုတ်ပါဘူး။ ကျမတို့လက်မခံနိုင်ဘူးလို့ ကျမတို့မြင်တဲ့အရာတွေက ဒီတချို့ကိစ္စတွေဟာ တိုင်းပြည်အတွက် ရေရှည်မှာ အကျိုးမရှိဘူးလို့ ကျမတို့မြင်လို့ လက်မခံနိုင်ဘူးလို့ပြောတာပါ။ ဒီဟာတွေကတော့ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုလို့ရှိ ရင်တော့ ကျမတို့ကတော့မရှိတာကို ကျမတို့ရင်ဆိုင်ပြီးတော့ တတ်နိုင်သလောက် ဒါတွေပြောင်းလဲဖို့တော့ ကြိုးစားသွားရမှာပဲ။ အစက တည်းက ကျမတို့ရည်ရွယ်ချက်ပဲ။ ဒီရည်ရွယ်ချက်ကတော့မပြောင်းလဲသွားပါဘူး”
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံနိုင်တာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ကလည်း သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ အသိအမှတ်ပြုပြီး၊ အခုလိုထည့်သွင်းပြောကြားထားပါတယ်။
“ဒီကနေ့အထိ မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်အဖွဲ့ အစည်းများ ၊ ဥပဒေပြင်ပရှိအဖွဲ့အစည်းများ ရှိနေကြပါတယ်။ ဒီပုဂ္ဂိုလ်အဖွဲ့ အစည်းများဟာ မိမိတို့နိုင်ငံသားများ ဖြစ်ကြပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြည်တွင်းပြည်ပ အားလုံးက လက်ခံလာအောင် ဘယ်လိုပြင်ဆင်ဆောင်ရွက်ကြမလဲ။
“နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်”ရုံမျှလောက်နဲ့လုံလောက်မည်ဟုမယူဆပါ။ ဘယ်သူမှလည်းယူဆလိမ့်မည်ဟု မထင်ပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုပြင်ဆင်ကြရမယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်နိုင်ခွင့်ကဘယ်သူလက်ထဲမှာရှိသလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးကို သမ္မတဦးသိန်းစိန်ဦးစီးတဲ့ လက်ရှိကြံ့ဖွံ့အစိုးရနှင့် ပြည်ထောင်စုလွှတ်တော် က သာဆောင်ရွက်နိုင်ပါတယ်။အခြားမည်သူမျှပြင်ဆင်နိုင်လိမ့်မည်မဟုတ်ပါ။
ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဦးစီးချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များက တညီညွတ်တည်းစိတ်တူ သဘောတူရှိမှသာလျှင် “အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း” တွင်ပြဋ္ဌာန်းထားသည့် ပုဒ်မ (၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆) တို့ ကိုပြင်ဆင်နိုင်ပါလိမ့်မယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်ဥပဒေမူကြမ်းကို “ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်” ဟုလည်း ပြဋ္ဌာန်းထားပါ တယ်။ ယနေ့အထိကျင်းပနေသော လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်း တင်သွင်းမည် ဟူသောအသံလည်းမည်သည့် လွှတ်တော်ကိုယ်စားလှယ်များထံကမှ မကြားရသေးပါ။
“နိုင်ငံရေးပါတီမှတ်ပုံတင်၊  လွှတ်တော်ထဲဝင်၊  နောက်သက်တမ်း ၅ နှစ်ကြာရင် ပြင်ဆင်နိုင်လိမ့်မယ်” ဆိုတဲ့ ပြောဆိုချက်ဟာ သိပ်ကို ရိုးလွန်းတဲ့ စိတ်ကူးယဉ်မှုပဲဖြစ်တယ်။
ချုပ်ပြီးပြောရမယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်မလား/မပြင်ဆင်ဘူးလား ဆိုတဲ့အချက်ကပဲ အားလုံးကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဘယ်အတိုင်းအတာအထိပြင်ဆင်နိုင်မလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်မလား/မပြင်ဆင်ဘူးလား ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အကလ) လက်ထဲမှာရှိတာဖြစ်တယ်။
လောလောဆယ်တော့ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဟာ “ဥပဒေတစ်ရပ်အဖြစ်” ပေါ်ထွက်လာတဲ့ အထိ စောင့်ကြည့်ကြသေးတာပေါ့ဗျာ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...