Tuesday, April 16, 2013

ရှေးဟောင်းလူ့အဖွဲ့အစည်းများနှင့် ဥပဒေ


BC ၄၀၀၀ မှ ၅၀၀၀ - အကြားတွင် အရှေ့တိုင်းအင်ပါယာများဟု ထင်ရှားခဲ့သော အာရေးဗီးယားကျွန်းဆွယ်ရှိ တီးဂရစ်နှင့် ယူဖရိတ်မြစ်ဝှမ်းနှစ်ခုကြား၌ထွန်းကားခဲ့သည့် မေဆိုပိုတေးမီးယား ပြည်၊ ဘာဘီလိုးနီးယားပြည်နှင့် အာဆီးရီးယားပြည်တို့၌၄င်း၊ အာဖရိကတိုက် အရှေ့မြောက်ပိုင်း နိုင်းမြစ်ဝှမ်းဒေသ၌၄င်း၊ တရုပ်ပြည် မြစ်ဝါမြစ် ၀ှမ်းဒေသ၌၄င်း၊ အိန္ဒိယပြည် အိန္ဒုမြစ်ဝှမ်းဒေသ၌၄င်း ယဉ်ကျေးမှု့အားဖြင့် အတည်တကျနေထိုင်ခဲ့ကြသော ရှေးဟောင်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးများထွန်းကားခဲ့ကြသည်၊၊ ယဉ်ကျေးမှုထွန်းကားလာသဖြင့် တိုင်းပြည်နိုင်ငံအား အုပ်ချုပ်မှုအရေးတွင် တိုင်းသူပြည်သားတို့ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် အုပ်စိုးသူတို့၏ သဘောဆန္ဒနှင့်အညီ ပြည်သူပြည်သားများနေထိုင်နိုင်ရန် စည်းကမ်းနည်းလမ်းများချမှတ်၍ အုပ်ချုပ်လာခဲ့ ပေသည်၊၊
ထိုခေတ်လူသားတို့၏ နိုင်ငံရေးစနစ်ကိုလေ့လာလျှင် ဘာသာရေးယုံကြည်စွဲလမ်းမှုက ၄င်းတို့၏ လူ့အဖွဲ့စည်း တွင် အရာရာကိုလွှမ်းမိုးနေခဲ့သည်။ ဘုရားသခင်၏အစောင့်အမကို အမြဲခံယူရရှိထားသော ဘုန်းကြီး၊ ဘုရင်များ နှင့်ဘာသာရေးတာဝန်ကို ထမ်းဆောင်သော ဘုန်းကြီးများ၏ စီမံအုပ်ချုပ်မှု့အောက်၌ ယင်းတို့၏ဘ၀ကို ထိန်း ကျောင်းနေကြရသည်၊၊ ဆူမေးရီးယန်းတို့၏ စီးပွားရေးစနစ်အရ အုပ်ချုပ်သူများသည် နိုင်ငံသားများအား စည်း ကမ်းချက်သတ်မှတ်၍ လုပ်ကိုင်စေခဲ့သည်။ အဓိကထုတ်ကုန်လုပ်ငန်းများဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် လက်မှုလုပ်ငန်းများကို အစိုးရ၏ လယ်သီးစားများ၊ လွတ်လပ်သောလယ်သမားများနှင့် လက်မှုအလုပ်သမား များ၊ ဘုန်းကြီးများ၏ အစေအပါးများနှင့် ကျေးကျွန်များကြုပလုပ်ကြရန် စည်းကမ်းသတ်မှတ်ထားပြီး၊ အထက် တန်းလွှာမှလူများက မိမိတို့လက်အောက်ရှိ အလုပ်သမား၊ လယ်သမား၊ ကျေးကျွန်တို့၏ လုပ်အားမှရရှိသော အကျိုးစီးပွားကို ခံစားခွင့်ရှိကြောင်းပြဌာန်းထားသည်၊၊ အချုပ်အားဖြင့်ဆိုသော် ဆူမေးရီယန်းတို့၏ နိုင်ငံရေး  စနစ်မှာ ဘာသာရေးအစိုးရပင်ဖြစ်ပေသည်။
   
 ဘီစီ ၃၀၀၀ နောက်ပိုင်း မက်ဆိုပိုတေးမီးယားဒေသတွင် ဘာဘီလိုနီးယားလူမျိုးများ စိုးမိုးလာခဲ့သည်။ ဘာဘီ လိုနီးယန်းလူမျိုးတို့၏ လူ့အဖွဲ့အစည်းတွင် အုပ်ချုပ်ရေးစံနစ်မှာ သက်ဦးဆံပိုင် စံနစ်ဖြစ်သည်။ ဘီစီ ၂၀၀၀ တွင် မက်ဆိုပိုတေးမီးယားတိုင်းပြည်ကိုအုပ်စိုးခဲ့သော ဆဌမမြောက် ဘာဘီလိုနီးယန်းဘုရင်ဖြစ်သူ ဟာမူရာဘီ  မင်းလက်ထက်တွင် ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားမဥပဒေ နှစ်မျိုးစလုံးနှင့်သက်ဆိုင်သည့် ဥပဒေကြိုပစုခဲ့သည်။ နိုင်ငံတော်ကိုအုပ်ချုပ်ရာ၌ ပုဒ်မပေါင်း (၂၈၂) ခုပါဝင်သည့် ဥပဒေတရပ်ကိုပြဌာန်းကါအုပ်ချုပ်ခဲ့သည်။ ထိုဥပဒေ သည် ဟာမူရာဘီကိုဓဥပဒေ The Code of Hammurabi အဖြစ်ကမ္ဘာ့သမိုင်းတွင်ထင်ရှားခဲ့လေသည်၊၊  ဘာဘီလိုနီးယန်း လူ့အဖွဲ့အစည်း၌လည်း ဘာသာရေးအယူအဆများက အုပ်ချုပ်ရေး၌ လွှမ်းမိုးမှုရှိသော်လည်း ဘုရင်လုပ်သူများသည် တရားဥပဒေစည်းကမ်းများနှင့်အညီ ထိုခေတ်နှင့်လျှော်ညီစွာ အုပ်ချုပ်ကြသဖြင့် ဘာသာ ရေးအစိုးရစနစ်မျိုးမဟုတ်တော့ချေ။ ဘုရင်သည်သက်ဦးဆံပိုင်ပင်ဖြစ်သော်လည်း ဥပဒေကို လူအများကသိရှိ စေရန်စီမံပြီး တရားနည်းလမ်းနှင့်အညီအုပ်ချုပ်သောစနစ်ကို ဖန်တီးထားရှိခဲ့သည်ကို တွေ့ရပေသည်။

အီဂျစ်ပြည်၌အုပ်စိုးသော ဖာရာအို  ဘုရင်များမှာ သက်ဦးဆံပိုင်ဘုရင်များဖြစ်ကြပြီး၊ နတ်ဘုရားများမှ ဆင်းသက်လာသူများဖြစ်သည်ဟူ၍ တိုင်းသူပြည်သားများကယုံကြည်ကြသည်။ ထို့ကြောင့် ဖာရာအိုဘုရင် များကိုဘုရားဘုရင်များအဖြစ်တိုင်းသူပြည်သားများက ကိုးကွယ်ကြသည်။ သို့ဖြစ်၍အီဂျစ်တို့၏ နိုင်ငံရေး အတွေးအခေါ်မှာ ဘာသာရေးနှင့်တဆက်တည်းဖြစ်နေပေသည်။ ဖာရာအိုဘုရင်တို့၏ တိုင်းရေးပြည်ရာ အုပ်ချုပ် ရေးသည်လည်း ဘာသာရေးအုပ်ချုပ်မှုစနစ်သာဖြစ်လေသည်။
အိန္ဒိယပြည် အိန္ဒုမြစ်ဝှမ်းတွင် ရှေးဟောင်းယဉ်ကျေးမှုပေါ်ထွန်းခဲ့သည်ဟု သမိုင်းသုတေသီများ၏ ရှာဖွေတွေ့ရှိ ချက်များဖြင့် သက်သေထူခဲ့ကြသည်။ အာရိယန်လူမျိုးတို့၏ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုပျက်စီးပြီးနောက် နှစ်ပေါင်း တစ်ထောင်ကျော်ကြာမှ (ဘီစီ- ၂၀၀၀ ခန့်) ဂင်္ဂါမြစ်ဝှမ်း အာရိယန်တို့၏ယဉ်ကျေးမှုသည် အခြေခိုင်မာခဲ့သည်ဟု ဆိုကြသည်။ ထိုခေတ်တွင် ဓမ္မသျှတ္တရ  ဟိန္ဒုကျမ်းဝင် မနုမင်းဓမ္မသတ်သည် အလွန်ထင်ရှားခဲ့သည်။ နိုင်ငံသားတို့ကဘုရင့်အား အုပ်ချုပ်မှုဆောင်ရွက်ရန်အတွက် မိမိတို့လုပ်ကိုင်ဆောင်ရွက်၍ရရှိသော အကျိုးစီးပွါး ၏ ဆယ်ပုံတစ်ပုံကို ပေးကြရသည်ဟုလည်းကောင်း၊ မိမိတို့လယ်ယာ ကုန်သွယ်လုပ်ငန်းထွက်ပစ္စည်းတို့မှ ၆ ပုံ ၁ ပုံ ကို အခွန်ပေးဆောင်ရသည်ဟုလည်းကောင်း တွေ့ရှိရပေသည်။
ဟိန္ဒူတို့၏နိုင်ငံရေးမှာ ရှေးဟောင်းဘေဘီလိုးနီးယန်း၊ အာဆီးရီးယန်းနှင့် အီဂျစ်တို့၏ နိုင်ငံရေးစနစ်များနှင့်မတူ ပေ။ ဟိန္ဒူတို့၏လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးနှင့်ဘာသာရေးနှစ်ရပ်ကြားထဲ၌ ကြီးမားသောခြားနားချက်ရှိနေပေ သည်။ ရှေးဟောင်းအိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုးများ၏ နိုင်ငံရေးတွေးခေါ်မှုတွင် အစိုးရ (သို့မဟုတ်) မင်း၏အာဏာ ကင်းနေပါက လူ့ဘောင်အဖွဲ့အစည်းတွင် အင်အားကြီးသူက အင်အားငယ်သူကို ညှဉ်းဆဲနိုင်မည့် အန္တရယ်ရှိ ခြင်းကြောင့် နိုင်ငံတော်အာဏာရပ်နှင့် ယင်း၏စိုးပိုင်ခွင့်သည် ပေါ်ထွန်းလာရသည်ဟု ဟိန္ဒူတို့ကလက်ခံယုံ ကြည်သည်။ အပြစ်ရှိသူကိုအပြစ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရ (သို့မဟုတ်) အုပ်စိုးသောမင်းက တရားဥပဒေ သတ်မှတ်ကာ လူလူချင်းကျူးကျော်စော်ကားမှု လူတဦးချင်းစီ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုနှင့် ရပ်ရွာအေးချမ်းသာယာမှုတို့အတွက် ဆောင်ရွက်ရမည်ဟုဆိုသည်။
ဟိန္ဒူတို့၏နိုင်ငံရေးအတွေးအခေါ်အရ အာဏာပိုင်မှုသည် နိုင်ငံ၏အုပ်ချုပ်သူမင်းအဖြစ် ပေါ်ထွန်းလာရပြီး ထိုမင်း သည်ပင်လျှင် ဥပဒေကိုချိုးဖေါက်၍အပြစ်ကျူးလွန်ပါက သာမန်နိုင်ငံသားတဦးကဲ့သို့ပင် အပြစ်ဒဏ်ကို ခံစေရ မည်ဟု လက်ခံယုံကြည်ကြလေသည်။




လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်ကပင် မြစ်ဝါမြစ်ဝှမ်း တွင်လည်း တရုပ်ယဉ်ကျေးမှု စတင်ပေါ်ပေါက်ခဲ့ သည်ဟု သမိုင်းသုတေသီတို့ကဆိုကြသည်။ သို့သော် တရုပ်ပြည်၏မော်ကွန်းဝင် သမိုင်းမှာမူ ဘီစီ ၂၀၀၀ ခန့်ကစတင်၍ဖြစ်သည်ဟု ယူဆကြသည်။ တရုပ်တို့၏ နိုင်ငံရေးအတွေး အခေါ်သည် ဟိန္ဒူတို့နှင့်များစွာ ဆင်တူပြီး၊ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ လူ့အဖွဲ့အစည်းများနှင့် ကွဲပြားခြားပေသည်။ တရုတ်လူမျိုးတွေးခေါ်ရှင်များက  လူတို့၏ ဗီဇနှင့်အတူကပ်၍ပါလာသည့် မကောင်းသောစရိုက်များကို ကွပ်ကဲထိမ်းသိမ်းရန်အတွက် တရားဥပဒေသည်လိုအပ်သည်ဟူ၍၄င်း၊ လူတို့သည်သဘာဝအားဖြင့် မိုက်မဲတွေဝေတတ်ကြသဖြင့် အသိတရားမှန်ကန်လာအောင် ပညာလည်းပေး၊ စည်းကမ်းနှင့်လည်း ကွပ်ကဲ ရမည်ဟူ၍သွန်သင်ခဲ့ကြသည်။
တရုတ်ရိုးရာဥပဒေကဏ္ဍသည် လူမှုစည်းကမ်းသတ်မှတ်ချက်များအပေါ်အခြေတည်ထားသည်။ တရုတ် ရိုးရာ ဥပဒေပေါ်ထွက်ရာသည် ဓလေ့ထုံးစံများဖြစ်ခဲ့သည်ဟု ဥပဒေသမိုင်းပညာရှင်တို့ ကဆိုကြသည်။ ဘီစီ ၁၂ ရာစု ကုန်ခါနီးတွင် ရှန်ခေတ် (Shang) ပျက်စီး၍၊ ကျိုခေတ် (Chou) သို့ ရောက်လာသည်။ ဤခေတ်သည် တရုတ် နိုင်ငံရေး အတွေးအခေါ်များ ပေါ်ထွန်းရာခေတ်ဖြစ်သည်။ ဤခေတ်တွင် တရုပ်တွေးခေါ်ရှင်များဖြစ်သော ကွန်ဖျူးရှပ်၊ မင်စီးရပ်၊ မော်တီ၊ လောင်ဇီစသော တွေးခေါ်ရှင်ကြီးများပေါ်ပေါက်လာသည်။ ရှေးဟောင်းတရုတ်လူမျိုးတို့၏ တရားသူကြီးဖြစ်ခဲ့သော တွေးခေါ်ရှင် ကွန်ဖျူးရှပ်၏ အဆိုအရမူ တရုတ်လူ့အဖွဲ့ အစည်းသည် ဥပဒေအရ စုစည်းတည်ဆောက်ခဲ့သည်မဟုတ်၊ ကိုယ်ကျင့်တရားအရသာလျှင် တည်ဆောက်ခဲ့ ကြသည်ဟု ရေးသားခဲ့သည်။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...