Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၈)

အခန်း (၁၀)
နိုင်ငံရေး ပါတီများ
နိုင်ငံရေးပါတီတရပ်သည် မိမိ၏နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည် ဖော်နိုင်ရန် ဦးစွာပထမ ပါတီမှတ်ပုံတင်ရပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို  န အ ဖ ဥပဒေ  အမှတ် ၂/ ၂၀၁၀ ဖြင့်၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက်နေ့က ပြဋ္ဌာန်း ခဲ့ပါသည်။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၄၀၉ အရ ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။
ပုဒ်မ ၄၀၈ တွင် “နိုင်ငံရေး ပါတီတရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက် တရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့် ပေးနိုင်သောအဖွဲ့အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်။”ဟုပါရှိပါသည်။

မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းဆိုသည်မှာ ပုဒ်မ ၄၀၂  တွင် “ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်။ ဖေါ်ပြထားပြီး ၄၀၂(ဂ) တွင် “နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ” ဟု ပြဋ္ဌာန်းထားပါသည်။ သင့်တော်မှန်ကန်မှု ရှိမရှိကို ချင့်ချိန်ရန်လိုပါသည်။ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်မှန်သမျှသည် ဥပဒေဆိုင်ရာ အငြင်းပွားမှုများသာ ဖြစ်ဖွယ်ရာရှိသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏  အဆုံးအဖြတ်သည်သာ ပုဒ်မ ၃၂၄ အရ အပြီးအပြတ်ဖြစ်သင့်သည်ဟု စဉ်စားဆင်ခြင်မိပါသည်။
နိုင်ငံရေး ပါတီတရပ်ရပ်သည်  ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိလျှင် သော်လည်းကောင်း၊ မတရားသင်း အဖြစ် ကြေညာခြင်း ခံခဲ့ရလျှင်သော်လည်းကောင်း တည်ဆဲဥပဒေများအရ မဆန့်ကျင်လျှင် ပါတီရပ်တည်ပိုင်ခွင့်ကို အခြေအနေအချိန် အခါအလျှောက် ခွင့်ပြုသင့်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆(က) တွင် ”နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးကို အစဉ်တစိုက်ဦးတည်သည်။”ဟု ပြဋ္ဌာန်းချက်အတိုင်း အကောင်အထည်ဖော်ရ ပါမည်။ ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးတို့သည် တဆက် တည်း တောက်လျောက် တန်းတန်းမတ်မတ် လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ နိုင်ငံရေးပါတီအားလုံးကို ပါတီစုံ ပါဝင် လာနိုင်ရေးအတွက် လမ်းဖွင့်ပေးရပါမည်။
ပုဒ်မ  ၄၀၇ (က) (ခ) တွင် ” နိုင်ငံရေးပါတီ တရပ်ရပ်သည် အောက်ပါအကြောင်း တစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-
(က) တည်ဆဲဥပဒေအရ မတရားအသင်း အဖြစ်ကြေညာခံရခြင်း
(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်း ဖက်လုပ် ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရား အသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း” ဟုပြဋ္ဌာန်းထားပါသည်။
ဤအချက်မှာ သဘာဝကျသည်ဟု ယူဆပါသည်။သို့သော်  အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ အောက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်လိုက်ခြင်းအားဖြင့် ငြိစွန်းနေသည်ဆိုသော ကိစ္စရပ်များမှာ ပြေလည်ရှင်းလင်းသွား နိုင်သည်ဟု ယူဆပါသည်။ဤအချက်ကိုလေးနက်သွားစေရန် အောက်ပါသတင်းကောက်နှုတ်ချက်ကို  လေ့လာကြည့်နိုင်ပါသည်။
အရေးပေါ်စီမံမှုဥပဒေနှင့် မတရားအသင်းဥပဒေများပြင်ဆင်ရန် လွှတ်တော်အတည်ပြု
နေပြည်တော်၊ ဇူလိုင် ၁၇
အရေးပေါ်စီမံမှုဥပဒေအား တလွဲအသုံးပြု၍ အတိုက်အခံနိုင်ငံရေးသမားများအား အကြောင်းအမျိုးမျိုး ရှာ၍ ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်း၊ ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှုမရှိခြင်း၊ မတရားအသင်းဥပဒေ ဖြင့်ဖမ်းဆီးထောင်ချခံခဲ့ရသူများတွင် အများ စုမှာ စစ်ဘေးသင့်ဒေသများတွင်နေထိုင်ကြသော တောသူတောင်သားများဖြစ်နေခြင်းတို့ကြောင့် ယင်းဥပဒေရုပ်သိမ်းရန်လိုအပ်လျက်ရှိ ကြောင်း ဦးသိန်းညွန့်က အဆိုတင်သွင်း ဆွေးနွေးခဲ့သည်။
အရေးပေါ်စီမံမှုဥပဒေကို ၅ – ည လို့ လူသိများပါတယ်။ မတရားအသင်း ဥပဒေက ၁၇/၁ ၊ ၁၇/၂ ပါ။ မတရားအသင်း ကြေညာခံရတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေတောင်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေကြပါပြီ ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။
(The Voice Weekly / Monday / July 23 – 29 2012 / page No. 22)
မတရားသင်း ဥပဒေမှာ တိုင်းပြည်မလွတ်မြောက်မီက ၁၉၀၆ ခုနှစ်က ကိုလိုနီ နယ်ချဲ့ အင်္ဂလိပ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လုံးဝဟပ်စပ်သည့် အရာမဟုတ်ပါ။ ကိုယ့်နိုင်ငံအနေဖြင့် ကိုယ့်ဥပဒေကို ပြည်ထောင်စု လွှတ်တော်က မတရားအသင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရပါမည်။ ၁၉၀၆ ခုနှစ် ကိုလိုနီဥပဒေကို လုံးဝ(လုံးဝ) ပယ်ဖျက် သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်ငြိမ်းချမ်း သာယာသည့် အနေအထား ရောက်ရှိရန်သွားရာလမ်းတွင် ခလုတ်ကန်သင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ တရားသည့် အသင်းအဖွဲ့အစည်းများ ဖြစ်တည်လာနိုင်ရန် ကျိုးပမ်းနေသောကြောင့်လည်း ဖြစ်ပါ သည်။
တချိန်က မတရားအသင်းကြေညာခြင်းခံခဲ့ရသော ယခုငြိမ်းချမ်းရေးအဖွဲ့အစည်း အားလုံး နှင့် ပါတီအဖွဲ့အစည်းအားလုံးကို မတရားအသင်း ကြေညာခြင်းမှ တရားဝင် ပယ်ဖျက်နိုင်ပါမှ အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်နိုင်ပါမည်။
သို့အတွက် ဦးစွာပထမ ပုဒ်မ ၂၀၄ (ခ) တွင်“ နိုင်ငံတော် သမ္မတသည်- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။” ဟုပြဋ္ဌာန်းချက်အရ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီးတွင် တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးကလည်း မဖြစ်မနေ တောင်းဆို ဆန္ဒပြုကြရန် အထူးလိုအပ်ပါသည်။
ပုဒ်မ ၄၀၉ တွင်“ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်း ရမည်။”ဟုပြဋ္ဌာန်းချက်အရ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ” တရပ် တည်ရှိပါသည်။ ထိုဥပဒေ၏ အားနည်းချက် အားသာချက် များကို စနစ်တကျလေ့လာပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ပြင်ဆင်ဖြည့်စွက် အသစ်ပြန်လည် ပြဋ္ဌာန်းရန် လိုအပ်ပါသည်။ ပုဂ္ဂိုလ် တဦးချင်းစီ၏ ဂုဏ်သိက္ခာရှိရှိ တိုင်းပြည်တာဝန်ကို ထမ်းရွက်နိုင်ရန် အရေးကြီးသကဲ့သို့ နိုင်ငံရေးပါတီတရပ်အနေဖြင့်လည်း နိုင်ငံ၏ အမျိုးသားရေးတာဝန်ကို ဦးဆောင်ဦးရွက်ပြုနိုင်ရန်မှာ အရေးကြီးသည့်အတွက် ပါတီတိုင်း၏ လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှား ပိုင်ခွင့်ကို အာမခံပေးနိုင်ရပါမည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ (က)တွင် “ပါတီတည်ထောင်လိုသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်-(က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း ”ဟုဖော်ပြထားချက်တွင် ပါတီ တည်ထောင်လိုသူများသည် နိုင်ငံသား သာလျှင်ဖြစ်သင့်ပါသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂ (င) တွင် “ပါတီဆိုသည်မှာ ပြည်ထောင်စု တစ်ဝန်းလုံးတွင် ဖြစ်စေ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာဖြစ်စေ စည်းရုံးဆောင်ရွက်သည့် နိုင်ငံရေးပါတီကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ပါတီ၏ ပါတီအဖွဲ့ခွဲ အဆင့်ဆင့်လည်း ပါဝင်သည်။”ဟု ဖော်ပြထားပါသည်။ ပါတီအားလုံးကို ၎င်းတို့၏ဆန္ဒနှင့်အညီ တနိုင်ငံလုံးတွင် ကြိုက်ရာဒေသတွင် စည်းရုံးဆောင်ရွက်ခွင့် ပေးသင့်ပါသည်။ ကော်မရှင်က သတ်မှတ်ပေးခြင်းမျိုး မဖြစ်သင့်ပါ။ ပါတီစုံ စနစ်ကျင့်သုံး သည့် အိန္ဒိယနိုင်ငံ၌ National Party သတ်မှတ်ရာတွင် တနိုင်ငံလုံးရရှိသော လူထုမဲဆန္ဒ ရာခိုင်နှုန်း၊ အစိုးရဖွဲ့စည်းနိုင်သည့် ပြည်နယ် အရေအတွက်၊ လွှတ်တော်တွင်ရရှိထားသော အမတ်ဦးရေ စသည်တို့ အပေါ်တွင် အခြေခံသတ်မှတ်ခြင်းဖြစ်ပါသည်။
ပါတီတိုင်း ၎င်းတို့ဆန္ဒအရ ဒေသဆိုင်ရာ နိုင်ငံရေး လုပ်ချင်လုပ်မည်။ တနိုင်ငံလုံးတွင် (National Party)အဖြစ် လှုပ်ရှား ဆောင်ရွက်ခြင်း လုပ်ချင်လုပ်မည်။ ၎င်းင်းကိစ္စမှာ သက်ဆိုင်ရာပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ၏သဘောသာဖြစ်သင့်ပါသည်။ လုပ်နိုင်လျှင် တဖြေးဖြေး တနိုင်ငံလုံး ကိုယ်စားပြုနိုင်သည့်ပါတီ၊ အာဏာရပါတီ ဖြစ်လာမည်သာဖြစ်သည်။ ဤကဲ့သို့ ပါတီများ၏ လွတ်လပ်ခွင့်ကို အာမခံပေးသင့်ပါသည်။
ပါတီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၈ တွင် “ ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန်လိုအပ်လျှင် ကော်မရှင်က စစ်ဆေး နိုင်သည်။ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်အားလည်း စစ်ဆေးစေနိုင်သည်။ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင် အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီ ရယူနိုင်သည်။“ ဟု ဖော်ပြထားချက်မှာ ကော်မရှင်သည် နိုင်ငံရေးပါတီများ၏ လွတ်လပ်မှုကို ၀င်ရောက်စွက်ဖက်ရာ ရောက်ပါသည်။ အစိုးရဖွဲ့နိုင်သည့် ပါတီတရပ်က တခြားပါတီများကို စာရင်းစစ်ဆေးခွင့်ပေးခြင်း မှာ တရားမျှတမှု၊ လွတ်လပ်မှုတို့ကို မျက်ကွယ်ပြုရာရောက်စေပါသည်။
ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၀ တွင် “ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍-
(က) ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
(ခ) မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ” ဟုဖော်ပြချက်မှာ မည်သို့သော ကုစားခွင့်၊ သက်သာခွင့် ကိုမျှ မည်သည့်နည်းနှင့်မျှ ရယူခြင်း မပြုနိုင် တော့ပါ။ အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံခွင့်ဆိုသည့် အခွင့်အရေးကို ဤပြဋ္ဌာန်းချက်ဖြင့် ရုပ်သိမ်းလိုက်ခြင်း ဖြစ်နေပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အကျိုးသက်ရောက်မှု ပုဒ်မ ၃၂၃ နှင့် ပုဒ်မ ၃၂၄ တို့ကို မျက်ကွယ်ပြု ဆန့်ကျင်ရာ ရောက်နေပါသဖြင့် ဤပုဒ်မကို ပယ်ဖျက်သင့်ပါသည်။ ပုံမှန်တရားစီရင်ရေးစနစ် (Judicial System) နှင့် တသီးတခြား ကင်းကွားသွားရန် ပြဋ္ဌာန်းထားချက်မျိုးကို မပြဋ္ဌာန်းသင့်ပါ။
သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများ၏ ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်ခွင့်ကို အခိုင်အမာ အာမခံနိုင်မည့် နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေအသစ်တရပ်ကို ပြဋ္ဌာန်းနိုင်မှသာလျှင် အခြေခံမူ ပုဒ်မ ၆(ဃ)ပါ ပါတီစုံဒီမိုကရေစီစနစ် အခိုင်အမာ ထွန်းကားလာနိုင်ရန် တောင်း ဆိုအပ်ပါသည်။
ဦးမျိုး (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...