Thursday, April 18, 2013

ဖွဲ့စည်းပုံမူကြမ်း အတည်ဖြစ်လျှင် အခြေအနေ ပိုဆိုးမည်ဟု BLC ပြော

နယူးဒေလီ။ ။ နအဖ ရေးဆွဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာလျှင် မြန်မာပြည်သူများအနေနှင့် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေထက်ပင် ပိုမို ဆိုးရွားသွားမည်ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ပြောကြားလိုက်သည်။
"လက်ရှိ ခံစားနေရတဲ့ အခြေအနေမျိုးတွေဟာ ပိုဆိုးသွားဖို့ပဲ ရှိနိုင်တယ်။ နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်။ ဥပဒေ စိုးမိုးရေးမရှိ၊ စီးပွားရေး ချွတ်ခြုံကျနေတာတွေ၊ လူမှုရေးဘဝ ပျက်စီးနေရတာတွေ အားလုံးဟာ တင်းကျပ်တဲ့ ဗဟို ချုပ်ကိုင်မှုအောက်မှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးလို့ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ပြောသည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ အာဏာပိုင်တွေက (လူ့အခွင့်အရေး ချိုးဖောက်မှု) တရားဝင် လုပ်ခွင့်ရတာ ဖြစ်တဲ့အတွက် ဒီလို အခြေအနေဆိုးတွေ ဆက်ရှိနေမယ်၊ ဒီ့ထက် ပိုဆိုးရွားလာနိုင်တယ်" ဟု သူက ပြောသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည့်အချိန်သည် တလကျော်သာ ကျန်ရှိတော့သည့် ဖွဲ့စည်းပုံဥပဒေ (မူကြမ်း)တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများကို စစ်တပ်က ချုပ်ကိုင်ထားမည် ဖြစ်သလို ဥပဒေပြုရေးတွင် ၂၅ ရာခိုင်နှုန်း စစ်တပ် ကိုယ်စားမဲများ အလိုအလျောက် ပါဝင်နေသည်။
အခြေခံဥပေဒက အကာအကွယ် ပေးထားသည့်အတွက် ပြည်သူ့ အခြေခံအခွင့်အရေး ဖော်ဆောင်ရန် မည်သည့် ဥပဒေမျှ ပြဋ္ဌာန်း၍ ရမည်မဟုတ်ကာ အုပ်ချုပ်ရေးတွင်လည်း စစ်ဗိုလ်ကသာ သမ္မတ ဖြစ်လာပြီး တင်းကျပ်သည့် ဗဟိုချုပ်ကိုင်မှုကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်ကြောင်း ဦးအောင်ထူးက ပြောဆိုလိုက်သည်။
ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က ဥပဒေ (မူကြမ်း) စာအုပ်များကို မကြာမီ ရက်ပိုင်းအတွင်း တိုက်ရိုက် ဖြန့်ဝေသွားမည် ဟူ၍ ပြည်တွင်းသတင်းရပ်ကွက်များက ဆိုသည်။ သို့သော် ဆန္ဒခံယူပွဲ ကျင်းပမည့် ရက်ကို အတိအကျ မသတ်မှတ်ရသေးပေ။
အခြေခံဥပဒေ မူကြမ်းအရ တရားသူကြီးချုပ်ကိုပင် စစ်ဗိုလ် သမ္မတက ခန့်ခွင့်၊ ဖြုတ်ခွင့် ရှိသဖြင့် ပြည်သူများ အားကိုး တိုင်တန်းနိုင်သည့် တရားစီရင်ရေး လမ်းကြောင်း လုံးဝရှိမည် မဟုတ်ဟု ဦးအောင်ထူးက ဝေဖန်လိုက်သည်။
ပြန်လည် ပြင်ဆင်လိုလျှင်လည်း စစ်ဦးစီးချုပ်က ရွေးချယ်ထားသော အလိုအလျောက် စစ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကြောင့် ပြင်ဆင်ရခက်မှာ ဖြစ်သည်ဟု သူက ပြောသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...