Tuesday, April 16, 2013

တရားဥပဒေသည် တရားမျှတမှန်ကန်၍ သင့်မြတ်လျော်ကန်မှုရှိရမည်။


(Just and Fair)
          တရားဥပဒေစိုးမိုးရေးသဘောတရား၌ ဥပဒေသည်အကြီးမြင့်ဆုံးသော တန်ခိုးအာဏာရှိရ မည်ဆိုရာ တွင်၊ အဆိုပါတရားဥပဒေပြဌာန်းချက်ကိုယ်တိုင်၌သည်ပင်လျှင် တရားမျှတမှုနှင့်သင့်မြတ် လျော်ကန်မှုရှိသော ဥပဒေဖြစ်ရန်လည်းလိုပေသည်။ ဥပဒေသည် အားလုံး၏အထက်၌ အမြင့်ဆုံး နေရာတွင်ရှိသည့်တိုင်၊ အကယ်၍ အဆိုပါတရားဥပဒေသည် အုပ်ချုပ်သူအာဏာပိုင်များ၏အကျိုး စီးပွားနှင့်အာဏာတည်မြဲရေးကိုသာရှေ့ရှုပြီး၊ အများပြည်သူများအားဖိနှိပ်ချုပ်ချယ်သည့် ဥပဒေမျိုးဖြစ်ပါက အဆိုပါဥပဒေသည် တရားမျှတမှန်ကန်၍သင့်မြတ် လျော်ကန်မှု မရှိသည့်ဥပဒေသာလျှင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သောဥပဒေများသည် တရားဥပဒေစိုးမိုးရေးကို အထောက်အကူမဖြစ် သည်သာမက၊ တရားဥပဒေစိုးမိုးရေးကိုပင်ထိခိုက်စေမည်ဖြစ်ပေသည်။
ရှေးခေတ်အယူအဆတို့၌ ပြင်းထန်၍ထိရောက်သော အပြစ်ဒဏ်များချမှတ်ခြင်းအားဖြင့် တရားဥပဒေအား မျှတမှုရှိရန်ဖေါ်ဆောင်ခဲ့ကြသည်။ တရုပ်ပြည်၏ ပထမဦးဆုံး ဧကရာဇ်ဘုရင်ရှီဟန်အန်တီ (Shihu Anqdi) ကပြင်းထန်ထိရောက်သောဥပဒေကို ချမှတ်ဆောင်ရွက်မှသာလျှင် လူတို့၏ မတရားဆောင်ရွက်မှုကို ဟန့်တား နိုင်မည်ဟုယူဆခဲ့သည်။


          ဘီစီ (၂၉၀၀) မှ ဘီစီ (၆၁၂) အတွင်း ထွန်းကားခဲ့သည့် အဆီးရီးယားနိုင်ငံ၏ ဥပဒေများတွင် သေဒဏ် ပေးခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကိုဖြတ်တောက်ခြင်း၊ တံကျင်လှျိုခြင်း၊ ကတ္တရာစေးဖြင့်လောင်းခြင်း အစရှိသည့် ကြမ်းကြုတ်ရက်စက်သောပြစ်ဒဏ်များဖြင့် ဥပဒေများကို ပြဌာန်းခဲ့သည်။ သက်ဦးဆံပိုင်ခေတ်၏ ပြစ်ဒဏ်ချမှတ်ထားပုံမှာ သူ့ခေတ်အချိန်ခါအလျှောက် သူတို့ ပြဌာန်းသောဥပဒေသည် တရားမျှတမှုရှိခဲ့သည်ဟု သုံးသပ်ကြသည့်တိုင်၊ ယနေ့ကာလအခြေအနေအချိန်အခါ၌ လိုက်လျောညီထွေ ရှိကောင်းမှရှိမည်ဖြစ်ပါသည်။
          (၁၇) ရာစု အင်္ဂလန်ပြည် ပထမမြောက်အယ်လ်စ်ဇဘက် ဘုရင်မကြီးလက်ထက် ဥပဒေများအရ ရာဇ၀တ်သားတို့အားကြိုးမိန့်ပေးခြင်း၊ ၀မ်းဗိုက်ဖောက်၍အူများထုတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း များပြုလုပ်ခဲ့သည်။ (၁၈၀၀) ခုနှစ်၌ အင်္ဂလန်နိုင်ငံတွင်(၁၀) နှစ်သား ကလေးငယ် တစ်ဦးအား စာတိုက်တွင် ပစ္စည်းခိုးမှုဖြင့်လည်းကောင်း၊ (၁၈၀၁) ခုနှစ်တွင် အသက်(၁၃) နှစ်သာရှိသေးသည့် လူငယ်တစ်ဦးကို ဇွန်းတစ်ချောင်းခိုးမှုဖြင့် ကြိုးပေးသတ်ဖြတ်ခဲ့သည်တို့ကို လေ့လာခြင်းအားဖြင့် ပြင်းထန်ထိရောက်သော ပြစ်ဒဏ်များသတ်မှတ်၍ ဥပဒေကိုပြဌာန်းခြင်းဖြင့် မတရားမှုကို တားဆီးနိုင်မည်ဟုခံယူခဲ့ကြသည်။ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံ၌ ဘုရင်စနစ်စိုးမိုးခဲ့စဉ် ပြစ်ဒဏ် ချမှတ်ရာတွင် (၃၂) မျိုးရှိရာ လွန်စွာရက်စက် ကြမ်းကြုတ်ခဲ့လေသည်။ ရွှေနန်းသုံးဝေါဟာရအဘိဓာန် အပိုဒ် (၄၀၉) ၌ ရာဇ၀တ်ဒဏ် ရှစ် ရပ်ကိုဖော်ပြထားရာ လွန်စွာရက်စက်သည့်ပြစ်ဒဏ်များ ဖြစ်ခဲ့သည်။
          ပြင်းထန်ထိရောက်သော ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ပြစ်မှုများဖြစ်ပွားမှုကိုဟန့်တားနိုင်မည်ဟု သုံးသပ်ခဲ့ ခြင်းမှာ ယနေ့ခေတ်ကာလတွင် လက်ခံ၍ရတော့မည်မဟုတ်ချေ။ တရားဥပဒေဆိုသည်မှာ တရားမျှတမှုအပြင် ပါတ်ဝန်းကျင်အခြေအနေနှင့်လိုက်လျောညီထွေ(သင့်တင့်လျှောက်ပတ်မှု) ရှိရမည်ဖြစ်သည်။ အကြောင်းမှာ တရားဥပဒေသည် အမှန်တရားနှင့်သက်သာခွင့်ကိုရအောင် ပြဌာန်းရန်ဖြစ်သည်။ တရားဥပဒေသည် ဂလဲ့စား ချေခြင်းမဟုတ်ချေ။ ပြစ်မှုဖြစ်ရသည့်အကြောင်းတရား၊ ပြစ်မှုကျူးလွန်ရသည့်ရည်ရွယ်ချက် စသည်တို့ကို စုပေါင်း သုံးသပ်ပြီးမှ ပြစ်မှုအရ ပြစ်ဒဏ်ကျခံသင့်၊ မသင့်ကိုဆုံးဖြတ်ခြင်းဖြင့် ဥပဒေသည်တင့်တယ်လျောက်ပတ်မှုရှိရန် လိုအပ်သည်။ သို့အတွက်ကြောင့်ပင်လျှင် ဥပဒေ၌ ကင်းလွတ်ရမည့်အချက်များကို၎င်း၊ ကာကွယ်ခုခံပိုင်ခွင့် ရှိသည့် ပြစ်မှုများဟူ၍၄င်း ပြဌာန်းထားခြင်းဖြစ်ပေသည်။
          ဘီစီ (၂၀၀၀) တွင် မေဆိုပိုတေးမီးယားတိုင်းပြည်ကိုအုပ်စိုးခဲ့သော ဆဌမမြောက် ဘာဘီလိုနီးယန်း ဘုရင် ဟာမူရာဘီသည် ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားမဥပဒေ နှစ်မျိုးစလုံးနှင့်သက်ဆိုင်သည့် ဥပဒေကြီးကို ပြုစုခဲ့သည်။ ယင်းဥပဒေကြီးသည် ဟာမူရာဘီကိုဓဥပဒေဟု ကမ္ဘာ့ဥပဒေသမိုင်းတွင်ထင်ရှားသည်။ ယင်းခေတ် ကဥပဒေများတွင် အပြည့်စုံဆုံးနှင့်အထင်ရှားဆုံးသော ဥပဒေဖြစ်သည်။ ပုဒ်မပေါင်း (၂၈၂) ခု၊ ပါဝင်ပြဌာန်း ထားသည်။ ထိုဥပဒေတွင်-“မျက်လုံးတစ်လုံး ဆုံးရှုံးလျှင်၊ မျက်လုံးတစ်လုံးချင်း။ သွားတစ်ချောင်းဆုံးရှုံးလျှင် သွားတစ်ချောင်းချင်း။” “An eye for an eye and a tooth for a tooth” အလျှော်ပြန်ပေးရမည်ဟု ဥပဒေ ပြဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေပုဒ်မပါပြဌာန်းချက်အား တရားဥပဒေ စိုးမိုးရေးရှု့ဒေါင့်မှ ချဉ်းကပ်ကြည့် မည်ဆိုပါက တရားမျှတမှုရှိသည်ဟုဆိုနိုင်သည့်တိုင်၊ ဥပဒေတရပ် အနေဖြင့်ပြဌာန်းရန် သင့်မြတ်လျော်ကန်မှုမရှိ သည်ကို တွေ့မြင်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါပြဌာန်းချက်မှာ ဂလဲ့စားချေ(စေ)သည့်သဘော ဖြစ်၍ဖြစ်သည်။ ဥပဒေဆိုသည်မှာ ဂလဲ့စားချေရန်ပြဌာန်းထားခြင်း မဟုတ်သည့်အပြင်၊ အမှန်တရား၏ အကြောင်းရင်းဇစ်မြစ်ကိုလည်းရှာဖွေ၍၊ လိုအပ်သည့်ကုစားမှု (သက်သာခွင့်) ကိုပါ ရှာဖွေဖေါ်ထုတ်ပေးခြင်း လည်းဖြစ်ပေသည်။
တနည်းအားဖြင့်ဆိုပါက  အဘယ့်ကြောင့်ထိုကဲ့သို့ဖြစ်ပွားရခြင်းဖြစ်သည်ကို၎င်း၊ ထိုကဲ့သို့ ဖြစ်ပွားစေရန်အတွက် ပြစ်မှုမကင်းသောရည်ရွယ်ရင်းစိတ် သို့မဟုတ် အကြံအစည်ဖြင့်ပြုလုပ်ခြင်း ဟုတ်မဟုတ်ကို၎င်း ရှာဖွေဖေါ်ထုတ် ရသည့်အပြင်၊ ကျူးလွန်သည့်ပြစ်မှုနှင့်ညီမျှသော ပြစ်ဒဏ်ကိုသာလျှင် တရားရုံးကသုံးသပ်၍ ဆုံးဖြတ်ချက်ချရ ခြင်းဖြစ်သည်။ တရားသူကြီးများသည် ဥပဒေကအပ်နှင်းထားသော လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ သင့်လျော်မျှတ သောပြစ်ဒဏ်ကို ဆုံးဖြတ်ပေးရန်ဖြစ်သည်။ အများဆုံးပြစ်ဒဏ်သတ်မှတ်ချက်နှင့် အနည်းဆုံးပြစ်ဒဏ် သတ် မှတ်ချက်များကို ဥပဒေ၌ ပြဌာန်းပါရှိပြီးဖြစ်ပါက အမှုစီရင်ဆုံးဖြတ်ရသည့်တရားသူကြီးအနေဖြင့် ဆင်ခြင်တုံ တရားကို လက်ကိုင်ထား၍ ပြစ်ဒဏ်မည်မျှဖြစ်သင့်သည်ကိုဆုံးဖြတ်ရခြင်းဖြစ်ရာ၊ အဂတိတရားမလိုက်စားဘဲ ကျူးလွန်သည့်ပြစ်မှုနှင့်မလျှော်ညီသော ကြီးလေးသည့်ပြစ်ဒဏ်များကိုဖြစ်စေ၊ စတိမျှသာဖြစ်သော ပြစ်ဒဏ်များ ကိုဖြစ်စေ တရာရုံးများကချမှတ်ရန်မဟုတ်ချေ။ တရားစွဲဆိုခြင်း၏အဓိကရည်ရွယ်ချက်၌ စွပ်စွဲခံရသူ (တရားခံ) အား အပြစ်ရရှိရန်သက်သက်အတွက်မဟုတ်ပေ။ တရားမျှတမှုကိုရရှိရန် အတွက်ဆောင်ရွက်ခြင်းလည်း ဖြစ် ပေသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ၏ အပိုဒ် (၇) ၌ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊သို့မဟုတ်၊ ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ ဂုဏ်သရေပျက် စေသော ဆက်ဆံမှုမျိုး၊ သို့မဟုတ်၊အပြစ်ပေးမှုမျိုး မပြုလုပ်ရ ဟုပြဌာန်းထားပါသည်။
မြန်မာနိုင်ငံရှိအခိျု့သော တရားဥပဒေများကို လေ့လာကြည့်မည်ဆိုပါက တရားမျှတမှုနှင့် သင့်မြတ်လျော်ကန်မှု မရှိသောဥပဒေများကို စစ်အာဏာပိုင်များက ပြဌာန်းထားသည်ကိုတွေ့ရမည် ဖြစ်သည်။ ဥပမာအားဖြင့် “နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏တာဝန်ဖြစ်သည်”ဟုကြွေးကြော် ၍ နေ့စဉ်ထုတ်အစိုးရသတင်းစာများ၏မျက်နှာဖုံး၌ အဆက်မပြတ်ဖေါ်ပြနေသော်လည်း၊ တဖက်၌မူ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် နိုင်ငံသားများ၏ နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှုကို မတရားဖိနှိပ် တားဆီးသည့် ဥပဒေကိုထုတ်ပြန်ကာ နိုင်ငံသားနှင့်နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို ချိုးဖေါက်နေခြင်း ဖြစ်သည်။
န၀တ စစ်အာဏာပိုင်တို့သည် “နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေ”ကိုထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေ၏ အခန်း (၂)၊ တားမြစ်ချက်များအခန်း၊ ပုဒ်မ ၃ (ဃ) ၌ “တရားဝင် ဆောင်ရွက်ပိုင်ခွင့်မရှိဘဲ အမျိုးသားညီလာခံ၏ လုပ်ငန်းများကိုဆောင်ရွက်ခြင်း၊ သို့မဟုတ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ သို့မဟုတ်၊ ရေးဆွဲဖြန့်ဝေခြင်း” ကိုမပြုလုပ်ရန်တားမြစ်ထားပြီး၊ ဖေါက်ဖျက်ပါက ပြစ်ဒဏ်အဖြစ် အခန်း (၃)၊ ပုဒ်မ ၄ ၌ “မည်သူမဆို ပုဒ်မ ၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖေါက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ်အနည်းဆုံး (၅) နှစ်မှ အများဆုံး (၂၀) နှစ်အထိ ချမှတ်ရမည့်အပြင်၊ ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟုပြဌာန်းထားပေသည်။
ဤသည်ကိုကြည့်လျှင် တဖက်၌ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးမှာ နိုင်ငံသားများ၏ တာဝန်ဖြစ်သည် ဟု ဆိုထားပြီး၊ အခြားတဖက်၌မူ တင်းကြပ်ပြီး ပြင်းထန်သည့်ဥပဒေများကို ထုတ်ပြန်၍ ပြည်သူလူထု၏ နိုင်ငံရေး တွင်ပါဝင်ပတ်သက်ခွင့်ကို ငြင်းပယ်ပိတ်ပင်ထားသည်ကို တွေ့ရမည်ဖြစ်ပေသည်။ စစ်အာဏာပိုင် တို့သည် ၄င်းတို့စိတ်တိုင်းကြရေးဆွဲပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံခြင်းမှလွဲ၍ မှတပါး အခြားအရာမရှိနိုင်စေရန်  တင်းကြပ်သည့်ဥပဒေများ၊ ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများ အား ပြဌာန်းထားသည်ကို အထင်အရှားတွေ့ရမည်ဖြစ်ပေသည်။ ထို့ကြောင့် စစ်အာဏာပိုင်များလက်အောက်၌ ပြဌာန်းသောဥပဒေများသည် တရားဥပဒေစိုးမိုးရေးကိုရှေးရူ့ပြီး တရားမျှတမှန်ကန်၍သင့်မြတ်သော ပြဌာန်းချက် များပါသည့် ဥပဒေများမဟုတ်ကြသည်ကိုတွေ့ရှိ သုံးသပ်နိုင်မည်ဖြစ်ပေသည်။
ထို့အပြင် ပြစ်မှုနှင့်ပြစ်ဒဏ်ပေးရေးအပိုင်း၌လည်း ကျူးလွန်သောပြစ်မှုနှင့်မမျှတသော ကြီးလေးသည့်ပြစ်ဒဏ် များကို ချမှတ်လေ့ရှိခြင်းအားဖြင့် ဥပဒေကိုလက်စားချေရေးကရိယာသဖွယ် အသုံးပြုနေသည်ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လူရွှင်တော် ဦးပါပါလေးတို့အမှု၌ ၁၉၉၆ ခုနှစ်တွင်ကျရောက်သော လွတ်လပ်ရေးနေ့အခမ်းအနားတရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်း၌ ကျင်းပရာတွင် ဖျော်ဖြေတင်ဆက်သော မြို့တော်ဝင်းမာ အငြိမ့်အဖွဲ့မှ လူရွှင်တော် ဦးပါပါလေးနှင့် ဦးလူဇော်တို့အား ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ -ဖြင့် အရေးယူခဲ့ပါသည်။ ၁၉၉၆ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် ၄င်းတို့အပေါ် ထောင်ဒဏ် (၇) နှစ် ချမှတ်ပြီးနောက် ထိုနှစ်ဧပြီလအတွင်း၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ ကြိမ်ခရမ်က ရဲဘက်စခန်း သို့ ပို့ဆောင်ခဲ့ပါသည်။ 
အဆိုပါရဲဘက်စခမ်း၌ ၄င်းတို့အား သံချေချင်းများခတ်ထားပြီး အလုပ်ကြမ်းများကို ခိုင်း စေခဲ့ပါသည်။ ဦးပါပါလေးနှင့် ဦးလူဇော်တို့ ကျူးလွန်ခဲ့သည်ဆိုသောပြစ်မှုမှာ န၀တစစ်အစိုးရ၏ လုပ်ဆောင်ချက် အခိျု့အပေါ် လူရွှင်တော်ပျက်လုံးထုတ်ခြင်းသာဖြစ်ပေသည်။ သို့ရာတွင် စစ်အာဏာပိုင်များသည်  ဥပဒေကိုဂလဲ့ စားချေရေးလက်နက်သဖွယ် အသုံးပြု၍ မတန်တဆအပြစ်ဒဏ်များသတ်မှတ်၍ ကျခံစေခဲ့ခြင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၏ ပြယုဂ်ပင်ဖြစ်ပေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...