Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၇)

အခန်း (၉)
ရွေးကောက်တင်မြှောက်ခြင်း
လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ခေါင်းစဉ်အောက်ရှိ အခြေခံမူများပါ ပုဒ်မ ၁၄ တွင်-
“ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။”ဟုဖော်ပြထားပါသည်။
သို့သော် ထိုတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်စပ်ဆိုင်သည့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်မ တစုံတရာမျှ မပါရှိသည်ကို ထူးခြားစွာ တွေ့မြင်ရပါသည်။
လွှတ်တော်ဆိုသည်မှာပြည်သူများဆန္ဒနှင့်ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ အတွက်သာဖြစ်ရ ပါမည်။ ဒီမိုကရေစီ၏
အဓိပ္ပါယ်မှာ ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ပါသည်။ ပြည်သူ့ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်ခြင်းဖြစ်ပါသည်။ အမည် စာရင်းတင်သွင်း ခန့်အပ်ရုံမျှဖြင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပိုင်ခွင့် မရှိပါ။ တပ်မတော်သည်လည်း ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံသားတိုင်း လိုက်နာကြရသည့်နည်းတူ လိုက်နာကျင့်သုံးရပါမည်။ မလိုက်နာနိုင်ပါလျှင်  “ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်။”ဟု ဖော်ပြသော အခြေခံမူများပုဒ်မ ၂၀ (စ) ကို အထင်အရှား ချိုးဖောက်ခြင်းသာ ဖြစ်ပါလိမ့်မည်။ တရားဥပဒေ စိုးမိုးရေးကို တရားလက်လွတ်မျက်ကွယ်ပြုခြင်းသာ ဖြစ်ပါလိမ့်မည်။
ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ပုဒ်မ ၃၉၁ (ခ) တွင် “ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲတရပ်၌ မဲဆန္ဒနယ်တနယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲ တစ်မဲ သာပေးပိုင်ခွင့်ရှိသည်။”ဟုဖော်ပြချက်ကို နိုင်ငံသားတိုင်း ဥပဒေအရာတွင် တန်းတူညီမျှမှု ရရှိခံစားထိုက်ပါသည်။ မည်သူတဦးတယောက် ကမျှ လွှတ်တော်ကိုယ်စားလှယ် (၁၆၆) ဦးအတွက် တဦးတည်းကိုယ်စားလှယ်ခံ၍  ရွေးချယ်ခွင့် ခန့်အပ်ပိုင်ခွင့် မရှိသင့်ပါ။ လွှတ်တော်ကိုယ်စားလှယ် (၁၆၆) ဦးကို ရွေးကောက်တင်မြှောက်မည့် ပြည်သူလူထု၏ ဆန္ဒမဲများကို တဦးတည်းက မောင်ပိုင်စီးပြီး သိမ်းပိုက်ထားရာရောက်နေပါသည်။ပုဒ်မ ၃၉၁ ပါမူကို တိတိကျကျ လက်ခံကျင့်သုံးရပါမည်။
သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာမူနှင့် ဆန့်ကျင်စွာ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့၏ ပုဒ်မ ၂(ဂ) တိုင်း၌ “လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ   ဤဥပဒေအရ လွှတ်တော်များသို့  ရွေးကောက် တင်မြှောက်ခံရသူကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းထား သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ဆိုသည် ဟု အဓိပ္ပါယ်သက်ရောက်စေရမည်” ဆိုကာ ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အခန်း(၈)တိုင်း၌လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အခန်းအောက်က ပုဒ်မ  ၃၁၊ ပုဒ်မ ၃၂ နှင့် ပုဒ်မ ၃၃  တိုင်း ၌ ဖော်ပြထားသည်ကို တွေ့ရပါသည်။
သို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရွေးကောက်တင်မြှောက်ခြင်း ဥပဒေပုဒ်မ ၃၉၁ နှင့် ဆန့်ကျင်နေသည့် အထက်ပါဥပဒေများတွင် ပါရှိနေသော အခန်း(၈) တခန်းလုံးကို ပယ်ဖျက်ပစ်သင့်ပါသည်။အထက်ပါ ပုဒ်မ ၂(ဂ) ကိုလည်း ပုဒ်မ ၃၉၁ နှင့် ဆန့်ကျင်ကွဲလွဲနေသဖြင့် ပြင်ဆင်ပစ်ရမည် ဖြစ်ပါသည်။
အထွေထွေပြဋ္ဌာန်းချက်များတွင် ပါရှိသော ပုဒ်မ ၄၅၃ တွင်“ဤအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုရာ တွင် တည်ဆဲစကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်။”ဟု ဖော်ပြထားသည့်အတိုင်းသာ အနက်အဓိပ္ပါယ် ဖွင့်ဆိုရပါမည်။ ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၂၇ အရ “ ဥပဒေများ၏ အနက်အဓိပ္ပါယ်ကို တညီတညွတ်တည်း ဖြစ်စေရန် ဖွင့်ဆိုပေးရမည်။” ဟုပြဋ္ဌာန်းထားသည့်အတိုင်း တညီတညွတ်တည်း ဖွင့်ဆိုပေးရပါမည်။ ထို့ကြောင့် ပုဒ်မ ၃၉၁ နှင့် တညီတညွတ်တည်း ဖြစ်စေရန် “လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်  များကို ရွေးကောက်တင်မြှောက်ရာတွင် ကျင့်သုံးသည့် ပုဒ်မ ၃၉၁ (က) (ခ) (ဂ)တို့ပါ မူအတိုင်း ရွေးကောက်တင်မြှောက်ခံရသူကို ခေါ်သည်။”ဟု ပြင်ဆင်ြ့ပဋ္ဌာန်းသင့်ပါသည်။
ပုဒ်မ ၃၉၅ တွင်လည်း “ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်း ပျက်ယွင်းသူမဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော် တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။”ဟု ဖော်ပြချက်နှင့် ဆန့်ကျင်နေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် (၁၆၆)  ဦး၏ နေရာကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် အစားထိုး ရွေးကောက်တင်မြှောက်နိုင်ရန် လိုအပ်ပါသည်။
ပုဒ်မ ၄၀၂ တွင်“ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်-
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များ နှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေး ပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ။ ”
ဟုဖော်ပြထားချက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုက်ရိုက်သက်ဆိုင်သော (က) လုပ်ငန်းများကိုသာ အပြီးအပြတ် ဆောင်ရွက်သင့်ပါသည်။ (ခ)ပါ ဆုံးဖြတ်ချက်များ၊ အယူခံမှုများနှင့် ပြင်ဆင်မှုများသည် ပုဒ်မ ၃၂၃ အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည် ဖြစ်ပါသည်။ပုဒ်မ ၃၂၄ အရ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏  ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည် ဟုဖော်ပြချက် အတိုင်းသာ ဖြစ်သင့်ပါသည်။ ထို့အတူ (ဂ)ပါ နိုင်ငံ ရေး ပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စများကိုလည်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ သွားသင့်ဟု စဉ်းစားဆင်ခြင်မိပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကွဲလွဲကာ ပြဋ္ဌာန်းလာသည့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ များကို တိုက်ဆိုင်စစ်ဆေးပြီး အသစ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရပါမည်။ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲပေါင်းမြောက် များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါသည်။ ဥပမာ ရခိုင်ပြည်နယ်၊ မောင်းတောခရိုင်တွင် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ကာလက ပုဒ်မ ၁၄၄ ထုတ်ခဲ့ရသည့် အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့သည်ကို အောက်ပါကိုးကားသတင်းအရ သိရှိရပါသည်။
ဖြစ်စဉ်အကျဉ်းမှာ – ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတဦးက ”လွန်ခဲ့တဲ့ စနေနေ့ ညနေပိုင်းမှာ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက ခမောင်းဆိပ်ကျေးရွာမှာ မဲဆွယ်စည်းရုံးနေစဉ် ကြံ့ဖွံ့ပါတီက လာနှောင့်ယှက်တဲ့အတွက် တဖွဲ့နှင့်တဖွဲ့ အကြီးအကျယ် ရိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့က စပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ပြီး ၅ ယောက်ထက် ပိုမစုရဆိုပြီး အမိန့်ထုတ်ထားပါ တယ်။”ဟုပြောသည်။
တကယ်တန်း မွတ်ဆလင်လူထု ထောက်ခံနေတာက အစိုးရနဲ့ မဆိုင်တဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဖြစ်ပါတယ်။ ဒါကို ကြံ့ဖွံ့ပါတီက သိနေတဲ့အတွက် နေရာတိုင်းမှာ လိုက်အနှောင့်အယှက်ပေးနေတော့ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီက နောက်ဆုံးမခံမရပ်နိုင်ဖြစ်ပြီး ခုလိုရိုက်ပွဲ ဖြစ်ပွားတာ ဖြစ်ပါတယ်” ဟုပြောသည်။
အနည်းဆုံး ရိုက်ပွဲ ၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုအထဲ မောင်းတော တောင်ပိုင်းတွင် မြင်းလွှတ်ကျေးရွာနှင့် သပြေတော ကျေးရွာများတွင်လည်း ရိုက်ပွဲဖြစ် ပွားခဲ့သည်ဟု သိရသည်။
(၁၀ – ၁၈ – ၂၀၁၀ Nirinjara မှ )
ဦးမျိုး (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...