၃-၁-၁။ အက်ဥပဒေနှင့် ဥပဒေ (Act and Law)
ဥပဒေတရပ်ကို ပါလီမန်မှအတည်ပြုပြဌာန်းခြင်းဖြစ်ပါက
အဆိုပါပြဌာန်းသည့်ဥပဒေကို အက်ဥပဒေဟုခေါ်ပြီး၊ ပါလီမန်စံနစ်ကို
မကျင့်သုံးသော်လည်း၊ ပါလီမန်ကဲ့သို့အလားတူဖြစ်သည့် နိုင်ငံ၏အမြင့်ဆုံး
ဥပဒေပြုအဖွဲ့က ပြဌာန်းသည့်ဥပဒေကို ဥပဒေဟုပင်ခေါ်ခြင်းဖြစ်ပေသည်၊၊ အက်ဥပဒေ
နှင့်ဥပဒေတို့ကို ဥပဒြေုပပိုင်ခွင့်ရှိသည့် အမြင့်ဆုံးအဖွဲ့အစည်းမှ
ပြဌာန်းခြင်းဖြစ်သည်။ အဆိုပါဥပဒေများသည် ပြဌာန်းဥပဒေများဖြစ်ကြပြီး၊
၎င်းတို့ကို စတက်ကျူ့ (Statute) ဥပဒေ၊ ကိုဓဥပဒေ (Code) လည်းခေါ်ဆိုပေသည်။
၁၉၄၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏
ပုဒ်မ ၆၅ တွင် “ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှုအာဏာသည်
ပါလီမန်တွင်တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမတ၊ ပြည်သူ့လွှတ်တော်
Chamber of Deputies နှင့် လူမျိုးစုလွှတ်တော် Chamber of Nationalities
တို့ပါဝင်ရမည်”
ဟုဖေါ်ပြထား ချက်အရ အမြင့်ဆုံးဥပဒေပြုအာဏာမှာ
ပါလီမန်တွင်ရှိကြောင်းမြင်တွေ့ရသည်။ ထို့အတူ ၁၉၇၄ခုနှစ် ပြည်
ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄
တွင် “နိုင်ငံတော်၏ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်၌သာတည်သည်” ဟုပြဌာန်းထားသည်ကိုတွေ့ရှိရမည်ဖြစ်ပေသည်။
အမြင့်ဆုံးဥပဒေပြုပိုင်ခွင့်ရှိသောအဖွဲ‹အစည်းကို နိုင်ငံအသီးသီး၌ ကွဲပြားခြားနားသော အမည်များဖြင့် ခေါ်ဝေါ် ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကွန်ကရက် Congress ၊ ဂျပန် နိုင်ငံတွင် ဒိုင်ယက် (Diet)၊ အစ္စရေး နိုင်ငံတွင် နက်ဆက် (Knesset)၊ နော်ဝေးတွင် စတော့တင်း (Storting)၊ ဆိုဗီယက်တွင် (Supreme Soviet)၊ တရုတ်ပြည်သူ့သမတနိုင်ငံတွင် (National People's Assembly)၊ အင်္ဂလန်နိုင်ငံတွင် ပါလီမန် (Parliament)
မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပါလီမန်နှင့်
၁၉၇၄ခုနှစ်အခြေခံဥပဒေအရ ပြည်သူ့လွတ်တော် စသည်ဖြင့် အမျိုး
အမည်များစွာဖြင့်မှဲ့ခေါ်တတ်ကြသည်။ မည်သို့ပင်ခေါ်ဝေါ်စေကာမူ ပြည်သူလူထုက
ရွေးချယ် တင်မြောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားပြီး
ဥပဒေပြုအာဏာကိုကျင့်သုံးကြသော အာဏာ ပိုင်အဖွဲ့အစည်းမှန်သမျှသည် ပါလီမန်ပင်
ဖြစ်သည်။
၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၅) တွင်ဖေါ်ပြရာ၌ “ဥပဒေ”ဆို
သောစကားရပ်တွင် ဤဥပဒေအာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်ဖြစ်စေ၊
ဥပဒေပြုအာဏာပိုင် တစ်ရပ်ရပ်က ပြဌာန်းထားသည့်ဥပဒေ၊ အက်ဥပဒေ၊ တချက်လွှတ်ဥပဒေ၊
နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့် အပြင် ဥပဒေကဲ့သို့အာဏာတည်သော
ဓလေ့ထုံးတမ်းများလည်းပါဝင်သည်ဟု ဖွင့်ဆိုထားပါသည်။
၃-၁-၂။ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ ( Rule and Regulation )
၎င်းတို့သည် ဥပဒေသဘောသက်ရောက်သော ဥပဒေများဖြစ်သည်။ ဥပဒေတရပ်အား အကောင်အထည်ဖေါ်
ရန်အတွက်ဖြစ်စေ၊ လိုအပ်ချက်အရဖြစ်စေ နည်းဥပဒေ၊ စည်းကမ်းဥပဒေများ
ထပ်ဆင့်ထုတ်ပြန်ရသည်၊၊ အချို့ သောဥပဒေများတွင်
တနိုင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံပြီး မပြဌာန်းနိုင်သည့်
အခါတွင်သော်လည်းကောင်း၊ အသေးစိတ်ကျသည့် လုပ်ငန်းများအတွက်လည်းကောင်း
ပင်မဥပဒေအား အကောင်အထည်ဖေါ်နိုင်ရန် အလို့ ငှာ လိုအပ်သည့်နည်းဥပဒေများကို
ထပ်ဆင့်၍ ထုတ်ရမည်ဖြစ်ပေသည်၊၊
တနည်းအားဖြင့်ဆိုသော် ဥပဒေ၊ နည်းဥပဒေဟုဆိုရာတွင် နည်းဥပဒေများသည်
ဥပဒေများကို ပိုမိုအသေးစိတ် တိကျစွာရုပ်လုံးဖေါ်ထားခြင်းဖြစ်သည်။
နည်းဥပဒေများသည် ဥပဒေများကို လက်တွေ့အကောင်အထည်ဖေါ် ရာ၌ များစွာအရေးပါသည်။
နည်းဥပဒေများတွင် ဥပဒေများ၏ ရည်ရွယ်ချက်ကိုပေါ်လွင်စေရန် အသေးစိတ် ရေး
ဆွဲရသည်။
ဥပမာအားဖြင့်-
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့က ပြဌာန်းပြီးနောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း
နည်းဥပဒေများကို ရေးဆွဲခဲ့သည်။ ယင်းနည်းဥပဒေများတွင်
နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မှတ်ပုံတင်ရန်နည်းလမ်းများကိုပြဌာန်း၍
ကော်မရှင်ရုံးက လိုက်နာဆောင်ရွက် ရမည့်နည်းလမ်းများကိုလည်း
ထည့်သွင်းပြဌာန်းထားသည်။ ၎င်းပြင် ရွေးကောက်ပွဲဝင်မည့် မှတ်ပုံတင်ထား သော
နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော
အခွင့်အရေးများဖြစ်သော ကော်မရှင်မှ စာအုပ် စာတမ်းများ အခမဲ့ဖြန့်ဝေခြင်း၊
မိမိတို့ပါတီ၏၀ါဒသဘောထား၊ လုပ်ငန်းစဉ်များကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့နှင့်ညှိနှိုင်း၍ သတင်းစာ၊ ရေဒီယို၊
ရုပ်မြင်သံကြားတို့မှလွှင့်ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲ နီးလာသောအခါ၊
ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီများသည် အခြားပါတီ၊
အဖွဲ့အစည်း၊ ပုဂ္ဂိုလ်စသည်တို့အားထိပါးကာ မမှန်မကန်ပြောဆိုခြင်းမျိုး၊
ဆူပူအောင်လှုံ့ဆော်ခြင်းမျိုးမရှိသော ၀ါဒသဘော ထား ကြေညာချက်များကို
ရုပ်မြင်သံကြားမှ၊အသံလွှင့်ရုံမှ ပြောဆိုတင်ပြခွင့်များကို ကော်မရှင်က
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်
ညှိနှိုင်းဆောင်ရွက်ပေးရန်များပါ ထည့်သွင်းပြဌာန်းထားသည်။ အဆိုပါ
နည်းဥပဒေများကို ၁၉၈၈ ခု၊ စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကော်မရှင်က
ပြဌာန်းကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏ ၁၉၇၃
ခုနှစ် စကားရပ်များ အနက်အဓိပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၅ (က) (၆) တွင်
နည်းဥပဒေ ဆိုသောစကားရပ်တွင် ဥပဒေတရပ်ရပ်ဖြင့်အပ်နှင်းသည့်
လုပ်ပိုင်ခွင့်ကိုသုံးစွဲ၍ ပြုလုပ်သောနည်းဥပဒေ (Rule) နှင့်၊ ဥပဒေတရပ်ရပ်အရ နည်းဥပဒေအဖြစ်ဖြင့်ပြုသော စည်းမျဉ်းဥပဒေ (Regulation) ပါဝင်သည်ဟု ဖွင့်ဆို ထားပါသည်။
အချုပ်အခြာအာဏါပိုင်နိုင်ငံများ၏ လက်တွေ့ကျင့်သုံးလျှက်ရှိသော
ဥပဒေပြုခြင်းတွင် ဥပဒေပြုပိုင်ခွင့်အာဏာ (Law-making Power) နှင့်
နည်းဥပဒေပြုပိုင်ခွင့်အာဏာ (Rule-making Power) များပါဝင်သည်ကို တွေ့ရှိရ
မည်ဖြစ်ပေသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၈၀(၁) တွင်“ဤအခြေခံဥပဒေရှိပြဌာန်း
ချက်များနှင့်မဆန့် ကျင်စေဘဲ၊ ပါလီမန်ဆိုင်ရာလွှတ်တော်အသီးသီးသည်၊
လွှတ်တော်၏လုပ်ငန်းစဉ်နှင့် မှုခင်းကိစ္စဆောင်ရွက်မှု တို့ကို
စည်းမျဉ်းသတ်မှတ်စေရန် နည်းဥပဒေများ (rules) ကိုပြုနိုင်သည်”ဟုဖေါ်ပြထားသည်။
ထို့ပြင် ပုဒ်မ-၉၀၌ “ဤအခြေခံဥပဒေရှိ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ
ပြည်ထောင်စုနိုင်ငံတွင် ဥပဒေပြု နိုင်သောအာဏာသည်၊ ပါလီမန်၌သာတည်ရှိရမည်။
ခြွင်းချက် သို့ရာတွင် ပါလီမန်၏ အက်ဥပဒေတခုသည်၊
ထိုအက်ဥပဒေနှင့်သဘောကိုက်ညီသော နည်းဥပဒေများနှင့်
စည်းမျဉ်းဥပဒေများကိုပြုစေရန်၊ ထိုအက်ဥပဒေ တွင် အထင်အရှားဖေါ်ပြထားသောသူ
တဦးဦးအားသော်၎င်း၊ သို့တည်းမဟုတ်၊ အာဏာပိုင်တဦးဦးအားသော် ၄င်း၊
အခွင့်အာဏာကိုလွှဲအပ်နိုင်သည်။ ထိုနည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများမှာ
တရားဥပဒေကဲ့သို့ အာဏာရှိရမည်။”ဟု နည်းဥပဒေများ ပြဌာန်းကျင့်သုံးခွင့်ကို ဖေါ်ပြထားသည်ကိုတွေ့ရှိရပေသည်။
ပုဒ်မ၉၀တွင်၊
တဆက်တည်းဆက်လက်၍ပြဌာန်းထားသည်မှာ- “သို့ရာတွင် ထိုနည်းဥပဒေများနှင့်
စည်းမျဉ်း ဥပဒေများကို ပါလီမန်ဆိုင်ရာလွှတ်တော်အသီးသီးသို့၊ ဆက်လက်ကျင်းပ
လတ္တံ့သောညီလာခံတွင် တင်သွင်း ရမည်။ ထို့ပြင်အဆိုပါနည်းဥပဒေများအရ၊
သို့တည်းမဟုတ်၊ စည်းမျဉ်းဥပဒေများအရ အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်သော
အမှုကိစ္စ၏ခိုင်လုံခြင်းကို မထိခိုက်စေဘဲ၊
ထိုနည်းဥပဒေများနှင့်စည်းမျဉ်းဥပဒေများကို တင်သွင်းသည့် နေ့မှစ၍
သုံးလအတွင်းတွင် ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်လုံး၌
အဆိုတင်သွင်းဆုံးဖြတ်၍ ပယ်ဖျက်နိုင်ရ မည်”ဟုပြဌာန်းထားသည်။
ဤသည်မှာ တဆင့်ခံဥပဒေပြုခြင်းဖြင့် နည်းဥပဒေများပြုပိုင်ခွင့်အာဏာကို
အပ်နှင်း ခြင်းခံရသည့် အာဏာပိုင်ပုဂ္ဂိုလ် (သို့)
အဖွဲ့အစည်းကပြုလုပ်သည့်နည်းဥပဒေများကို ပါလီမန်ကကြီးကြပ်ထိမ်း
ကျောင်းနိုင်သည့်မူကို လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ ဤမူကို
Legislative control of legislative power of Administration ဟုခေါ်ပေသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၇-အရ
“ပြည်သူ့လွှတ်တော်နှင့်လည်းကောင်း၊ ပြည်သူ့လွှတ်တော်
ရေးရာကော်မတီများနှင့်လည်းကောင်း သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ (Rules)
နှင့် လုပ်ထုံးလုပ်နည်း များ (Procedures) ကို ပြည်သူ့လွှတ်တော် က
ပြဌာန်းရမည်ဟူ၍ပါရှိသဖြင့် နည်းဥပဒေများကိုလည်း ပြည်သူ့
လွှတ်တော်ကသာလျှင်ပြဌာန်းရမည် ဟုဖေါ်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။
၃-၁-၃။ အမိန့် ။ ( ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များ ) Order
အုပ်ချုပ်ရေးအာဏါပိုင်များမှ ထုတ်ဆင့်သည့်အမိန့်၊
တရားရုံးများ၏စီရင်ချက်နှင့် အမိန့် စသည်တို့သည်လည်း ဥပဒေသဘောသက်ဝင်သည်။
အမိန့်သည် သီးသန့်အကြောင်းအရာကိစ္စ တရပ်ရပ်အတွက် ထုတ်ပြန်ခြင်းဖြစ် သည်၊၊
အုပ်ချုပ်ရေးအာဏာပိုင်များမှ ထုတ်ပြန်သော အမိန့်များအနက်
နိုင်ငံတော်သမတကထုတ်ပြန်သော အမိန့်များလည်း ပါဝင်သည့်အပြင် ထိုကဲ့သို့သော
အမိန့်မျိုး၏ လေးနက်မှုအတိုင်းအတာမှာလည်း မြင့်မားသည် ကို တွေ့ရမည်ဖြစ်သည်။
Ordiance
ဟူသော အမိန့်သည် မြန်မာနိုင်ငံတွင်ကျင့်သုံးခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေများအရ နိုင်ငံတော်၏ ဥသျှောင်၊ အကြီးအကဲ(သို့မဟုတ်)
နိုင်ငံတော်၏အာဏါပိုင်အဖွဲ့ကထုတ်ပြန်သော အမိန့်ဖြစ်သည်။ ၁၉၄၇ခုနှစ်
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၉၄(၁) အရ၊
စစ်ကြောင့်ဖြစ်စေ၊ နိုင်ငံတွင်းဆူပူ မှုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏
တည်တံ့မှုကို အန္တရာယ်ဖြစ်စေအံ့သော အထူးအရေးတကြီးအခြေအနေ
ဖြစ်ပေါ်နေပြီဟူ၍သော်၎င်း နိုင်ငံတော်သမတက ကျေညာချက်တရပ် (Proclamation)
ကို ထုတ်ပြန်နိုင်သည်ဟု ပြဌာန်းထားသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၁၁၀(၁) အရ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် လုံး၏ ညီလာခံမရှိခိုက်၊
မည်သည့်အခါမျိုး၌မဆို၊ နိုင်ငံတော်သမတသည်၊ ချက်ခြင်းအရေးယူဆောင်ရွက်ရန်
လိုအပ်သော ကိစ္စများပေါ်ပေါက်လာသည်ဟုယူဆလျှင်၊
ထိုကိစ္စများပေါ်ပေါက်လာသည့်အလျှောက် လိုအပ် သည်ဟုထင်မြင်သော
တချက်လွှတ်ဥပဒေများ (Ordinances) ကိုထုတ်ပြန်ကျေညာနိုင်သည်ဟု ပြဌာန်းပါရှိ ပေသည်။
၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄-တွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များ Ordinances ကို
ထုတ်ပြန်ကျင့်သုံးခွင့်နှင့်စပ်လျှဉ်း၍
“နိုင်ငံတော်ကောင်စီသည် ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ခုနှင့်
တစ်ခုအကြားတွင် ပုဒ်မ ၇၄- ပါ ကိစ္စများမှအပ၊ အခြားကိစ္စများအတွက် လိုအပ်လျှင်
ဥပဒေကဲ့သို့အာဏာ တည်သောအမိန့်များ (Ordinances)
ကို ပြဌာန်းနိုင်ခွင့်ရှိသည်။ ယင်းအမိန့်များကို ရက်ပေါင်း ကိုးဆယ်အတွင်း
ကျင်းပသော အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးသို့
တင်ပြ၍အတည်ပြုချက်ရယူရမည်။ ယင်းအမိန့် များကိုထုတ်ပြန်ပြီးနောက်ရက်ပေါင်း
ကိုးဆယ် အတွင်း ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပရန်မရှိလျှင်
ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးကိုခေါ်ယူကျင်းပ၍ အတည်ပြုချက်ရယူရမည်။
ပြည်သူ့လွှတ်တော်၏အတည်ပြုချက် မရှိလျှင် ယင်းအမိန့်သည်အတည်မပြုသည့်နေ့မှစ၍
အာဏာတည်ခြင်းမှ ရပ်စဲရမည်”ဟူ၍ ပြဌာန်းကျင့်သုံးခဲ့သည်ကို တွေ့ရသည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင်
နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ (ငြိမ်ပိ) ကို စစ်ခေါင်းဆောင်များကဖွဲ့စည်းခဲ့ကြပါသည်။
ထိုနေ့မှာပင် ငြိမ်ပိအဖွဲ့ သည် အမိန့်အမှတ်- ၂/၈၈ ကိုထုတ်ပြန်ကြေညာခဲ့ပြီး၊
အပိုဒ် ၁(က) ၌ “ည ၂၀ ၀၀နာရီအချိန်မှ နံနက် ၀၄ ၀၀နာရီအချိန်အထိ မည်သူမဆို
အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းများပေါ်သို့ ထွက်ရောက်သွားလာမှု မရှိ စေရ။”ဟု အမိန့်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါသည်။
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသည်
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့် ပါလီမန်က
ပြဌာန်းထားသောဥပဒေများ၊ နည်းဥပဒေများကို မထိခိုက်စေဘဲ၊
သက်ဆိုင်ရာဒေသအတွက်လိုအပ်သော အမိန့်များ၊ ညွှန်ကြားချက်များနှင့်
လုပ်ထုံးလုပ်နည်းများကို လိုအပ်သလို (အကန့်အသတ်ဖြင့်) ထုတ်ပြန်နိုင်
ခွင့်များရှိကြပေသည်။ ဥပမာအားဖြင့် ဒေသတခုအတွင်း
ရပ်ရွာအေးချမ်းသာယာရေးအတွက် လိုအပ်ပါက ညမထွက်ရအမိန့် အစရှိသည့်
အုပ်ချုပ်ရေးဆိုင်ရာ အမိန့်တို့ကို အုပ်ချုပ်ရေးအာဏာပိုင်မှ အရေးပေါ်လိုအပ်
ချက်အရ ထုတ်ပြန်နိုင်ပြီး၊ ၄င်းတို့သည် ဥပဒေကဲ့သို့စည်းနှောင်အားရှိပေသည်၊၊
၃-၁-၄။ ဘိုင်လော၊ ညွန်ကြားချက်၊ အသင်းဥပဒေ ( By Laws or Bye Law )
ဥပဒေ၊ နည်းဥပဒေများကိုမဆန့်ကျင်ဘဲ မြူနီစီပယ် (Municipal) ဌာနများက ၎င်းတို့၏ ဌာနဆိုင်ရာလုပ်ငန်း တာဝန်များကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် တဆင့်ခံဥပဒေပြုခြင်းဖြစ်သည်။
၃-၁-၅။ လုပ်ထုံးလုပ်နည်း၊ ကျင့်ထုံးဥပဒေ ( Procedure )
ပင်ရင်းဥပဒေ၊ သို့မဟုတ်၊ အရင်းခံဥပဒေကို အကောင်အထည်ဖေါ်ဆောင်ရွက်ကြရာတွင်
နည်းဥပဒေ၊ သို့မဟုတ် ကျင့်ထုံးဥပဒေကို လိုက်နာကျင့်သုံးရသည်။
တရားစီရင်ရာ၌လိုက်နာကျင့်သုံးရန်အတွက် စည်းမျဉ်း
စည်းကမ်းနှင့်နည်းလမ်းများရှိပေသည်။ ၄င်းတို့အနက်အခိျု့သည် အမိန့််နှင့်
သတ်မှတ်သည့် ဥပဒေများမဟုတ် သည့်အပြင် နိုင်ငံတော်ကလည်းအမိန်‹အာဏာနှင့်လိုက်နာရမည် ဟုမပြောနိုင်ပေ။ သို့သော်လည်း ယင်းစည်း မျဉ်းစည်းကမ်းနှင့်နည်းလမ်းများကို တရားရုံးများက အမြဲလိုက်နာကြရသည်။ သို့ရာတွင်၎င်းတို့မှာ အများအား ဖြင့် လုပ်ထုံးလုပ်နည်းများကို ဥပဒေအဖြစ်ပြဌာန်း၍ အတည်ပြုထားလေ့ရှိသည်။
ဥပမာ-အမှုအခင်းကိစ္စရပ်များကိုဖြေရှင်းဆောင်ရွက်ရာတွင် အတိအကျလိုက်နာရမည်မှာ
သက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းပင်ဖြစ်သည်။ ရာဇ၀တ် (ပြစ်မှုဆိုင်ရာ) ဥပဒေတွင်
ရာဇ၀တ်ကျင့်ထုံး (ပြစ်မှုဆိုင်ရာကျင့်ထုံး) ဥပဒေ ဟူ၍၄င်း၊
တရားမဥပဒေတွင်လည်း တရားမကျင့်ထုံးဟူ၍၄င်း ပြဌာန်း ထားပါသည်။
အဆိုပါလုပ်ထုံးလုပ်နည်းမှ ကျော်လွန်၍ လုပ်ကိုင်ဆောင်ရွက်မှုမြုပနိုင်ပေ။
ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) အရ ပြစ်မှုကျူးလွန်သူများကို
ကြားနာစစ်ဆေးစီရင်ရာတွင် တရားရုံးများက
လိုက်နာကျင့်သုံးရမည့်နည်းလမ်းများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥဒေ အဖြစ်
ပြဌာန်းထားပါသည်။ ဤကျင့်ထုံး ဥပဒေတွင် ပြစ်မှုအမျိုးအစားပေါ်မူတည်၍
စစ်ဆေးမေးမြန်းနည်းများကို၎င်း၊ ပြစ်မှုတရပ်အတွက်အာမခံရနိုင် သည်၊
မရနိုင်သည်ကို၎င်း၊ ကျေအေးနိုင်ခြင်းရှိမရှိကို၎င်း၊ ပြစ်မှုကျူးလွန်သူအား
ပြစ်မှုအမျိုးအစားကိုလိုက်၍ တရားရုံး၏ဖမ်းဆီးခွင့်အမိန့် (၀ါးရမ်း) Warrant
မပါဘဲ ဖမ်းဆီးနိုင်ခွင့်ရှိ၊မရှိကို၎င်း၊ အယူခံဝင်ခြင်းဆိုင်ရာကိစ္စ
ရပ်များ၊ ပြင်ဆင်မှုတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ အစရှိသည့်
တရားရုံးများကလိုက်နာကျင့်သုံးရမည့် ကျင့်ထုံးများ ကိုပြဌာန်းထားပေသည်။
ပြစ်မှုဆိုင်ရာ အထူးဥပဒေတရပ်ရပ်အရ တရားရုံးကစစ်ဆေးကြားနာစီရင်ရာတွင်
လိုက်နာကျင့်သုံးရမည့် ကျင့်ထုံးဥပဒေ၊ သို့မဟုတ်၊ နည်းဥပဒေတရပ်ရပ်ကို
သီးခြားပြဌာန်းထားပါက ယင်း နည်းဥပဒေများကို တရားရုံး များကလိုက်နာရသည်။
သို့ရာတွင် ထိုကဲ့သို့ အထူးဥပဒေတရပ်ရပ်အတွက် ပြဌာန်းထားသည့် နည်းဥပဒေသည်
တရားစစ်ဆေးစီရင်ရာတွင်လိုက်နာရန် ပြည့်စုံခြင်းမရှိပါက၊
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များကို တရားရုံးများက
လိုက်နာကျင့်သုံးရမည်ဖြစ် ပေသည်။ ဒေသန္တရဥပဒေ ဥပဒေတရပ်ရပ် အတွက်လည်း နည်းဥပဒေကို အလားတူပင် လိုက်နာကျင့်သုံးရမည်ဖြစ်ပေသည်။
တရားစွဲဆိုတင်ပို့ရသည့်အဖွဲ့အစည်း၊ အမှုကြားနာစစ်ဆေးရန်အဖွဲ့အစည်းစသည့်
အဖွဲ့အစည်းတို့တွင် လုပ်ထုံး လုပ်နည်းတိကျမှုရှိရန်လိုအပ်ပါသည်။
လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်လျှင် မတရားမှုများဖြစ် ထွန်းနိုင်ပေ သည်၊၊
ထို့ကြောင့် လုပ်ထုံးလုပ်နည်းကို ဥပဒေတရပ်အဖြစ် ပြဌာန်း သတ်မှတ်၍
လိုက်နာကျင့် သုံးစေခြင်း ဖြစ်သည်၊၊
၃-၁-၆။ တရားစီရင်ထုံး၊ ဖြတ်ထုံးများ ( Case law )
အမြင့်ဆုံးတရားစီရင်ခွင့်အာဏာရှိသည့်တရားရုံး၊ (ဥပမာ-တရားရုံးချုပ်၊
ဗဟိုတရားရုံး)၏ စီရင်ချက်နှင့်အမိန့် များကို စီရင်ထုံးဟူ၍သတ်မှတ်ကြသည်။
လက်အောက်ခံတရားရုံး အဆင့်ဆင့်သည် အမြင့်ဆုံးတရားရုံး၏ လမ်းညွှန်မှုကို
ထာဝရခံယူကြရမည်ဖြစ်၍ သက်ဆိုင်ရာဥပဒေသဘောတရား၊ အမှုမှန်ဖြစ်ရပ်တို့ကို
စုပေါင်း ဆင်ခြင်သုံးသပ်၍ တရားမျှတမှုရရှိရန် စီရင်ထုံးကို လမ်းညွှန်အဖြစ်
လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ စီရင်ထုံးဟူသည်
အထက်တရားရုံးမှဆုံးဖြတ်ချက်များကို
အောက်ရုံးအဆင့်ဆင့်ကလိုက်နာခြင်းအားဖြင့် ဥပဒေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အင်္ဂလိပ်ရိုးရာဥပဒေ Common Law သည် စာဖြင့်ရေးသားထားခြင်းမရှိသော
ဥပဒေဖြစ်သည်။ ၄င်းကို စီရင်ထုံး များတွင်သာတွေ့ရှိနိုင်သည်။
ထို့ကြောင့်အင်္ဂလိပ်ရိုးရာဥပဒေကို စီရင်ထုံးဥပဒေဟုခေါ်ကြ သည်။
စီရင်ထုံးများကို တရားသူကြီးများကပြုလုပ်ကြသည်။ ထို့ကြောင့်
အင်္ဂလိပ်ရိုးရာဥပဒေကို တရားသူကြီးကပြုလုပ်သည့်ဥပဒေဟု လည်း ဆိုကြသည်။
အင်္ဂလိပ်ရိုးရာဥပဒေသည် ဓလေ့ထုံးစံများအပေါ်တွင်
တည်မှီဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ် သည်။ စီရင်ထုံးဥပဒေဆိုသည်မှာလည်း
ဓလေ့ထုံးစံ များအပေါ်မူတည်၍ ဆုံးဖြတ်ထားခြင်းဖြစ်သည်။ အဆိုပါ
တရားရေးဆိုင်ရာဆုံးဖြတ်ချက် (သို့) စီရင်ချက်သည် အမှန်အားဖြင့်
ထိုမှုခင်းတွင်ပါဝင်ကြသူများအပေါ်၌သာ တာဝန်ရှိသည်။ သို့ရာတွင်
အဆိုပါတရားသူကြီး၏ မှုခင်းစီရင်ချက်သည် ထိုအမှုနောက်မှဖြစ်ပွားလာသော အမှု
တူအမျိုးအစါး များအားလုံးအတွက် ဥပဒေရေးရာမူများအပေါ်
အခြေခံဆောင်ရွက်ပြီသည်ဖြစ်၍ အဆိုပါ စီရင် ချက်တခုကို
တရားရေးတာဝန်ခံဆောင်ရွက်ကြရသော တရားသူကြီးများက ယခင်စီရင်ချက်ကို
အနည်းနှင့် အများဆိုသကဲ့သို့လိုက်နာဆောင်ရွက်ကြရသည်။ အင်္ဂလိပ်ဥပဒေစနစ်တွင်“အမြင့်ဆုံးတရားရုံး ၏ ဆုံးဖြတ် စီရင်ချက်များကို အောက်တရားရုံးများက ဥပဒေကဲ့သို့လေးစားလိုက်နာရသည်” ဟူသော မူကိုကျင့်သုံးခြင်း ဖြစ်သည်။
ဥပဒေနှင့် ဥပဒေသဘောသက်ရောက်သောပြဌာန်းချက်များတွင် စီရင်ထုံးပါဝင်သည်ဟု
ဆိုရာတွင် သေချာကျန စွာ ဆန်းစစ်ရန်လိုအပ်ပါသည်၊၊ အခိျု့ပညာရှင်တို့က
စီရင်ထုံးအား ဥပဒေမဟုတ်၊ ဥပဒေသဘောမသက်ဝင်ဟု ဆိုကြသည်။
လက်အောက်ခံတရားရုံးအတွက် လမ်းညွန်မျှသာဖြစ်၍ ဥပဒေများမဟုတ်ဟုဆိုကြသည်။ ဥပဒေ
(သို့) ဥပဒေ၏သဘောသဘာဝသည် မလိုက်နာ၍မရ- ဟူ၍ဖြစ်ပြီး စီရင်ထုံးတို့အား
မလိုက်နာလျှင်လည်း (အတိုင်းအတာတခုတွင်) နေလို့ရခြင်းပင်ဖြစ်သည်၊၊
အမှုတခုအတွက် အမြင့်ဆုံးတရားရုံးမှ ဆုံးဖြတ်ချက်တရပ်သည်
ယေဘူယျသုံးစွဲရန်စီရင်ထုံး တရပ်ပေါ်ပေါက် လာနိုင်သော်လည်း ထိုစီရင်ထုံးကို
အမှုတခု၏အဖြစ်အပျက်နှင့်ယှဉ်၍သာ သုံးစွဲရန်ဖြစ်သည်။ အမှုတွင်ထင်ရှား သည့်
အဖြစ်အပျက်များနောက်သို့ စီရင်ထုံးကလိုက်ရသည်။ စီရင်ထုံးနောက်သို့
အဖြစ်အပျက်တို့က လိုက်ရ သည် မဟုတ်ချေ။
ဥပဒေကိုအဓိပ္ပါယ်ကေါက်ယူရာတွင် လမ်းညွန်မှုလိုမှသာလျှင်
သင့်လျှော်ရာစီရင်ထုံးတို့ကို သုံးသပ်ကိုးကား ရသည်။ အမှုတခုနှင့်တခုသည်
အကြောင်းအခြင်းအရာ၊ မှုခင်းဖြစ်ရပ်၊ အခြေအနေ ထပ်တူညီမျှမှု ရှိချင်မရှိ
မည်ဖြစ်၍ စီရင်ထုံး၏လမ်းညွန်မှုကို ကောင်းစွာသတိဖြင့်သာ ခံယူကျင့်သုံးရမည်။
အချက်အလက်စုံလင် ပိုင်နိုင်ခြင်းမရှိသည့်အခြေအနေ၌
ယခင်စီရင်ထုံးအတိုင်းလိုက်နာ ဆောင်ရွက်လျှင် မှန်ကန်မျှတမှုရှိသည့်
အဖြေကိုရနိုင်မည်မဟုတ်ဟု အချို့ပညာရှင်များက ဝေဘန်ထောက်ပြကြသည်။
ထို့ကြောင့် တရားမျှတမှုဟူသည် စီရင်ထုံးအပေါ်၌တည်သည်ဟု တထစ်ချယူဆရန်
မသင့်လျှော်ချေ။ သို့ရာတွင် စီရင်ထုံးကိုပယ်ပြီး လူကျင့်ဝတ်လူ့သဘောအရ
ဖြစ်တတ်သည့်သဘောနှင့် ကျိုးကြောင်းဆက်စပ်မှု ဆင်ခြင်တုံ တရားကို အခြေခံပြီး
ဆုံးဖြတ်နိုင်လျှင်လည်း တရားမျှတမှုရှိသည်ဟု ဆို၍လည်းမရချေ။
အချုပ်အားဖြင့်
စီရင်ထုံးတို့မည်သည် တရားရုံးတို့မှ အမှုစီရင်ဆုံးဖြတ်မှုတွင်
လမ်းညွန်မျှသာဖြစ်ပြီး အတိအကျ လိုက်နာဆောင်ရွက်ရန် မလိုအပ်သောကြောင့်
ဥပဒေသဘောသက်ဝင်သည် ဟုယူဆလျှင် မှားယွင်းသော ယူဆချက်တခုမဟုတ်သည့်တိုင်
လွဲချော်မှုအနည်းငယ်ရှိနိုင်ပေသည်၊၊
၃-၁-၇။ ဓလေ့ထုံးစံ ( Custom )
ဥပဒေ၏ ရှေးဦးအကျဆုံးသော အရင်းအမြစ်သည် ဥပဒေပြုခြင်းနှင့်ဖြတ်ထုံးများ
မဟုတ်ပဲ၊ ဓလေ့ထုံးစံများသာ ဖြစ်ခဲ့သည်။
ဓလေ့ထုံးစံသည်လူ့ဘောင်အဖွဲ့အစည်းတိုင်းက မှန်ကန်မူ၊ တရားမျှတမူနှင့်
အသုံြးုပမူဆိုင်ရာ သဘောတရားများအဖြစ် အသိအမှတ်ပြုထားသော
လူ့အပြုအမူဆိုင်ရာသဘောတရား Rule of conduct များကို
စုပေါင်းထားခြင်းပင်ဖြစ်သည်။
ဓလေ့ထုံးစံသည်ဥပဒေကဲ့သို့
စွမ်းအင်အာဏာရှိရခြင်းမှာ- ဓလေ့ထုံးစံတရပ်တွင် တရားမျှတမူသဘော
တရားများနှင့် အများပြည်သူဆိုင်ရာ သဘောတရားများပါရှိခြင်းဖြစ်ပြီး၊
တရားရုံး များက တရားစီရင်ရာတွင် အခွင့်အရေးဆိုင်ရာ စည်းကမ်းများကို
ရှာဖွေဖေါ်ထုတ်ရန်ကြိုးစားရာ၌ စည်းကမ်းသစ်များကိုချမှတ်ခြင်းထက်၊
အချိန်ကြာမြင့်စွာက လက်ခံကျင့်သုံးလာခဲ့သော
စည်းကမ်းများဖြင့်ပင်ဆုံးဖြတ်သင့်ကြသည်ဟု ဆယ်လ်မွန် ကရေးသားခဲ့သည်။
ဓလေ့ထုံးစံတွင်
နိုင်ငံတော်၏အခွင့်အာဏာအရမဟုတ်ပဲ၊ လူ့ဘောင်အဖွဲ့အစည်း၏အများ ပြည်သူ
ထင်မြင်ချက် Public opinion ဖြင့် လက်ခံအသိအမှတ်ပြုထားသော
သဘောတရားများပါဝင်ပေသည်။ သို့ရာ တွင် အကယ်၍ ပြဌာန်းဥပဒေနှင့်
ဓလေ့ထုံးတမ်းဥပဒေပါ ပြဌာန်းချက်များကွဲလွဲ၍ အငြင်းပွား ကြသည့်အခါ
ပြဌာန်းဥပဒေ Statute Law ၏ ပြဌာန်းချက်ကိုသာ လိုက်နာရမည်ဖြစ်ပေသည်။
ဥပဒေကဲ့သို့လေးစားလိုက်နာကြရသည့်
ဓလေ့ထုံးစံသည် နှစ်မျိုးနှစ်စားရှိသည်။ ပထမ တမျိုးမှာ
သဘောတူညီချက်မပါရှိဘဲ၊ သက်ဆိုင်သူများကလိုက်နာရမည့် သဘောတူညီချက်ဖြစ်ပြီး၊
ဒုတိယတမျိုးမှာ သဘောတူညီချက်များမှတဆင့် သက်ဆိုင်ရာအမှုများတွင်သာ
လိုက်နာရမည့် ဓလေ့ထုံးစံဖြစ်သည်။ ဆယ်လ်မွန်ကမူ ယင်းဓလေ့ထုံးစံနှစ်မျိုးကို
ဥပဒေရေးရာဓလေ့ထုံးစံ Legal custom နှင့် သဘောတူညီမှု ဆိုင်ရာဓလေ့ထုံးစံ
Conventional custom - ဟုခွဲခြားသတ်မှတ်ခဲ့သည်။ ဥပဒေရေးရာဓလေ့ထုံးစံသည်
ဥပဒေအာနိသင်ရှိ၍ လူအများက ဥပဒေကဲ့သို့ လေးစားလိုက်နာကြရသည်။
သဘောတူညီမှုဆိုင်ရာ ဓလေ့ ထုံးစံမှာမူ သဘောတူညီချက်ရထားသည့်
သက်ဆိုင်သူများကသာလိုက်နာရပေသည်။
ဓလေ့ထုံးတမ်းဆိုင်ရာ အရင်းအမြစ်မှရသော သဘောတူညီချက်ကို သဘောတူညီမှုဆိုင်ရာ
ဓလေ့ထုံးစံဟု ခေါ်ဆိုပေသည်။ ဥပမာအားဖြင့် လူနှစ်ယောက်သည်
ပဋိညာဉ်စာချုပ်တခုကို ချုပ်ဆိုရာတွင် ဓလေ့ထုံးတမ်း ဥပဒေတခုခုအပေါ်တွင်
အခြေခံထားခြင်းဖြစ်ပါက စာချုပ်ချုပ်ဆိုသောကိစ္စရပ်အတွက် အသိအမှတ်ပြုပြီးသည့်
အသုံးအနှုန်းတည်ရှိနေလျှင် သက်ဆိုင်သူများသည် အဆိုပါ
(ဓလေ့ထုံးတမ်းအရတည်ရှိနေသည့်) အသုံးအနှုန်း ကို ရည်ရွယ်၍
စာချုပ်ချုပ်ဆိုကြခြင်းဖြစ်ကြောင်း မှတ်ယူရမည်ဖြစ်ပေသည်။
ဥပဒေရေးရာဓလေ့ထုံးစံတွင် ဒေသဆိုင်ရာဓလေ့ထုံးစံ Local custom နှင့်
အရပ်ရပ်ဓလေ့ထုံးစံ General custom ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။
ဒေသဆိုင်ရာဓလေ့ထုံးစံတခုကို တရားရုံးများကဥပဒေအဖြစ် အသိအမှတ် ပြုရန်အတွက်
ယင်းဓလေ့ထုံးစံသည်
ဥပဒေကချမှတ်ထားသောလိုအပ်ချက်များနှင့်ပြည့်စုံရန်လိုပေသည်။
အဓိကလိုအပ်ချက်များမှာ- (၁) လျှော်ကန်သင့်မြတ်ခြင်း reasonableness ၊ (၂)
ပြဌာန်းဥပဒေနှင့်ကိုက်ညီခြင်း conformity with statute law
(၃) အခွင့်အရေးအဖြစ်သိမှတ်လိုက်နာခြင်း observance as of right နှင့် (၄)
မမှတ်မိနိုင်လောက်အောင် ရှေးကျခြင်း immemorial antiquity တို့ဖြစ်သည်။
အရပ်ရပ်ဓလေ့ထုံးစံကို တနိုင်ငံ လုံးက ဥပဒေကဲ့သို့လိုက်နာကြရသည်။ နိုင်ငံ၏
အရပ်ရပ်ဓလေ့ထုံးစံသည် ဒေသဆိုင်ရာဓလေ့ထုံးစံကဲ့သို့ပင်
မမှတ်မိနိုင်လောက်အောင် ရှေးကျမှသာ ဥပဒေရေးရာဓလေ့ထုံးစံဖြစ်၍
ဥပဒေကဲ့သို့စွမ်းအင်အာဏာ ရှိပေသည်။
No comments:
Post a Comment