Tuesday, April 16, 2013

တရားဥပဒေစိုးမိုးရေး နောက်ခံသမိုင်းအကျဉ်း


သမိုင်းဦးဘုံမြေခေတ်မှစ၍ ဥပဒေဆိုသည့် သဘောတရားများရှိလာခဲ့သည်။ ရှေ့ယခင်က လူသား များသည် မိသားစုတစ်စုတည်းသာ စုစည်းနေထိုင်ကြပြီး၊ မိသားစုမှတစ်ဆင့် မျိုးနွယ်စုများ၊ မျိုးနွယ်စုများမှ တစ်ဆင့် ဆွေမျိုးစုများ၊ ဆွေမျိုးစုမှတစ်ဆင့် လူမျိုးစုများ ထိုမှတစ်ဆင့် နောက်ဆုံး လူ့ဘောင်အဖွဲ့အစည်း အထိ အသွင်ပြောင်းလဲလာခဲ့သည်။ ထိုခေတ်တွင် လူသားတို့သည် တိရိစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုးရေး
လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။ ထိုသို့ တိုးတက်လာသည့်အလျောက် လူတိုင်းတွင် အလုပ်နှင့် ပတ်သက်သည့် တာဝန်များ ခွဲဝေလာတတ်ကြသည်။ လူသားတို့သည် စိုက်ပျိုးရေးမှရရှိလာသော သီးနှံများ၊ အမဲလိုက်ခြင်းမှရရှိလာသော အသား၊ငါးများ အစရှိသည်တို့ကို ညီတူညီမျှရရှိရန်အတွက် သူတို့ အဖွဲ့မှ ခေါင်းဆောင်အရည်အချင်းနှင့် ပြည့်စုံမည်ဟုထင်ရသည့် သူတစ်ဦးအား ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး အုပ်ချုပ်စေခဲ့သည်။ အချင်းချင်းကြားပြဿနာများ ပေါ်ပေါက်လာသောအခါတွင်လည်း ထိုခေါင်းဆောင်၏ အဆုံးအဖြတ်ကို လိုက်နာကျင့်သုံးစေခဲ့သည်။ ယင်းခေတ်တွင် ကိုးကွယ်ယုံကြည့်မှုအရ တားမြစ်ချက်များ၊ ဓလေ့ထုံးတမ်းအရ တားမြစ်ချက်များသည် သမိုင်းဦးကာလ၏ ဥပဒေများပင်ဖြစ်သည်။
ထိုအချိန်၌ လူတို့သည် အဖွဲ့အစည်းတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် လူအများက ၀ိုင်းဝန်း ပူးပေါင်း၍ အလုပ်လုပ်ကြသည်။ ယင်းလုပ်အားဖြင့် ရရှိလာသော ပစ္စည်းများကိုလည်း အုပ်ချုပ်မှုတာဝန်ကို ယူထားသူက စည်းကမ်းချက်များ သတ်မှတ်ကာ ခွဲဝေစားသောက်ခဲ့ကြသည်။ တနည်းအားဖြင့်ဆိုလျှင် အပြုအမှုဆိုင်ရာ စည်းကမ်းများကို သတ်မှတ်၍ နေထိုင်ခြင်းဖြစ်သည်။ ထိုကြောင့် ထိုအချိန်ကာလမှစ၍ ဥပဒေသဘောတရားများ တည်ရှိလာခဲ့သည်ဟု ပြော၍ရနိုင်ပေသည်။ ဥပဒေ၏ ရှေ့အကျဆုံးအရင်းအမြစ် သည် ဥပဒေပြုခြင်းနှင့် ဆုံးဖြတ်ချက်မဟုတ်ဘဲ ဓလေ့ထုံးတမ်းများသာဖြစ်သည်။ ဓလေ့ထုံးတမ်းများ ပေါ်လာရခြင်းမှာလည်း လူသားတို့အနေဖြင့် နေ့တိုင်းကြုံတွေ့နေရသော လက်တွေ့ဘ၀၌ကောင်းမွန် သင့်လျော်မည်ဟု ယူဆရသော လူကျင့်စဉ်များကို အလိုအလျောက် ကျင့်ကြံလိုက်နာခဲ့ရခြင်းဖြစ်သည်။ နောင်အခါတွင် အဆိုပါအပြုအမှု ကျင့်စဉ်တို့သည် လူသားတို့၏ ပြုမှုဆိုင်ရာ စည်းကမ်းချက်များ ဖြစ်လာကြ ပြီးနောက် ထိုစည်းကမ်းချက်များသည်ပင်လျင် ထိုဒေသတွင် နေထိုင်လာကြသူများ၏ ဓလေ့ထုံးစံများ၊ ဓလေ့ထုံးတမ်းများ ဖြစ်လာကြခြင်းဖြစ်ပေသည်။ အဆိုပါ ဓလေ့ထုံးတမ်းများကို ကြာရှည်ကြာမြင့်စွာ လိုက်နာကျင့်သုံးခဲ့ကြရာမှစ၍ ဓလေ့ထုံးတမ်းများသည် စည်းနှောင်အားရှိလာပြီး ဥပဒေကဲ့သို့ စွမ်းအင်အာ နိသင်နှင့် အာဏာများ သက်ဝင်လာခဲ့ခြင်းဖြစ်ပေသည်။ ယင်းအချက်သည်ပင် ဥပဒေ၏အစ၊ ဥပဒေ၏ ဘဘာဝပင်ဖြစ်သည်။ ထိုကြောင့်ပင်လျင် ဥပဒေအစ ဓလေ့ထုံးတမ်းကဟု ပြောစမှတ်ပြုလာခဲ့ကြသည်။
ဘီစီ(၃၀၀၀)နောက်ပိုင်း မက်ဆိုပိုတေးမီးယား ဒေသတွင် ဘာဘီလိုနီးယန်းလူမျိုးများ စိုးမိုးလာခဲ့ သည်။ ဘာဘီလိုနီးယန်းလူမျိုးတို့၏ လူ့အဖွဲ့အစည်းတွင် အုပ်ချုပ်ရေးစံစနစ်မှာ သက်ဦးဆံပိုင်စနစ်ဖြစ် သည်။ ဘီစီ(၂၀၀၀)တွင် မက်ဆိုပိုတေးမီယားတိုင်းပြည်ကို အုပ်စိုးခဲ့သော ဆဌမမြောက် ဘာဘီလိုနီးယာ ဘုရင်ဖြစ်သူ ဟာမူရာဘီမင်း လက်ထက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေနှင့်တရာမ ဥပဒေနှစ်မျိုးစလုံးနှင့် သက်ဆိုင်သည့် ဥပဒေကို ပြုစုခဲ့သည်။ နိုင်ငံတော်ကို အုပ်ချုပ်ရာ၌ ပုဒ်မပေါင်း(၂၈၂)ခု ပါဝင်သည့် ဥပဒေ တစ်ရပ်ကို ပြဌာန်းကာ အုပ်ချုပ်ခဲ့သည်။ ထိုဥပဒေသည် ဟာမူရာဘီ၏ ကိုဓဥပဒေအဖြစ် ကမ္ဘာ့သမိုင်းတွင် အထင်အရှားရှိခဲ့လေသည်။ ဘုရင်သည် သက်ဦးဆံပိုင်စနစ်ပင်ဖြစ်သော်လည်း ဥပဒေကို လူအများသိရှိရန် စီမံပြီး တရားနည်းလမ်းနှင့်အညီ အုပ်ချုပ်စေသောစနစ်ကို ဖန်းတီးထားရှိသည်ကို တွေ့ရပေသည်။ ထို့ကြောင့် ဂရိခေတ်တွင် သူတို့၏ ဥပဒေရေးရာအမြင်သည် တိုးတက်ကျယ်ပြန့်ခဲ့သည့်အပြင် တရားဥပဒေစိုးမိုး၍ တရားမျှတမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင့် ဂရိပြည်သူတို့၏ အတွေးအခေါ်အယူ အဆတွင် ကိန်းအောင်းခဲ့လေသည်။ ဂရိတို့၏ ဒီမိုကရေစီအတိုင်းအတာနှင့် ဥပဒေစိုးမိုးမှု စံချိန်စံညွှန်းတို့ ကို လေ့လာသုံးသပ်လျှင် ပြည်သူတို့က တိုက်ရိုက်အုပ်ချုပ်သော ဒီမိုကရေစီ ထွန်းကားခဲ့သော လူပုဂိုလ် တို့၏ တန်ဖိုးကိုလည်းကောင်း၊ လူတစ်ဦး၏လွတ်လပ်မှုကိုလည်းကောင်း လူတိုင်းအတွက် တာဝန်ရှိစွာ ဖြင့်ဆောင်ရွက်မှုကိုလည်းကောင်း၊ ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံး အကြိမ်အဖြစ် ပေါ်ပေါက်ထွန်းကားခဲ့ သည့်နိုင်ငံသည် ဂရိနိုင်ငံသားဖြစ်သည်။ ဂရိဥပဒေသည် ရောမတို့၏ ပုဂလိက ဥပဒေကဲ့သို့ နိုင်ငံတော် သည် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဟု၍ မရှိခဲ့ပေ။
ရောမအင်ပါယာကြီးသည် အနှစ်(၅၀၀)တိုင်အောင် တည်တံ့ခဲ့ခြင်းမှာ တရားဥပဒေစိုးမိုးရေးဟု သမိုင်းသုတေသီများက ဖွင့်ဆိုခဲ့ကြသည်။ ရောမအစိုးရသည် တရားဥပဒေ၊ လူမှုကျင့်ဝတ်နှင့် စည်းကမ်း ချက်များကို ရေးဆွဲပြဌာန်းပြီး တိုင်းပြည်အား စနစ်တကျအုပ်ချုပ်ခဲ့သည်။ ရောမအင်ပါယာသည် တိုင်းပြည် ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမျိုးယဉ်ကျေးမှုများ ကွဲပြားခြင်းရှိခဲ့သော်လည်း အုပ်စိုးသူတို့ သည် တရားဥပဒေစိုးမိုးရေးဖြင့် အင်ပါယာကြီးကို ငြိမ်ဝပ်အေးချမ်းခြင်းရှိအောင် အုပ်ချုပ်နိုင်ခဲ့သည်။ ရောမ ဥပဒေများသည် ဂရိ၏ ဥပဒေများကို အခြေခံပြီး ရေးဆွဲခဲ့သော ဥပဒေများဖြစ်သည်။ ရောမဥပဒေတွင် (၁၂) ကျမ်းပါဝင်ပြီး ရောမတို့၏ အုပ်ချုပ်မှုစနစ်တွင် လက်တွေ့လေ့လာကျင့်သုံးရာမှ ထိုကဲ့သို့သော စနစ်အမျိုး မျိုးမှ ကောင်းသော အချင်းအရာများကို ပေါင်းစပ်ထားနိုင်၍ တိုင်းပြည် တည်တံ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုခြင်း ဖြစ်သည်။ ရောမအုပ်ချုပ်ပုံစနစ်ကို ဆန်းစစ်ရာတွင် အစိုးရအသွင်အမျိုးမျိုးထဲမှ ကောင်းသောအရာများကို လည်းကောင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသည့် နိုင်ငံတော်အာဏာ သုံးရပ်တို့သည် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းကိုလည်းကောင်း၊ စနစ်တကျပေါင်းစပ်ထားသည်ကိုတွေ့ရ သဖြင့် ရောမနိုင်ငံသည် တရားဥပဒေစိုးမိုးရေး၏ လုပ်ဆောင်ချက်ကို ဖော်ပြခဲ့ခြင်းများဖြစ်သည်။
ဂရိနှင့်ရောမတို့၏ ကွာခြားချက်မှာ ဂရိတို့သည် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီသဘောတရားများ ကို အခြေခံပြီး ရောမတို့သည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးအနက်ထား၍ တိုင်းပြည်အား စီမံကွက်ကဲအုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် ရောမနိုင်ငံအတွင်း၌ စည်းလုံးညီညွတ်ရေး၊ တရားဥပဒေရေးရာ၌ လူတိုင်းတရားမျှတမှုရှိရေးနှင့် လူသားတိုင်းချစ်ကြည်ရေးဟူ သော ရောမတို့၏ ဓလေ့ထုံးတမ်းများမှာ ယခုထက်တိုင် တန်ဖိုးရှိသော သဘောတရားများအဖြစ် ထင်ကျန်ရစ်ခဲ့သည်။ အချုပ်အားဖြင့်ဆိုသော ရောမတို့၏ ကြံဆတွေးတောချက်မှ ဖြစ်ပေါ်လာသော တရားဥပဒေအခြေခံသဘောတရားတို့သည် ယနေ့ခေတ်တရားဥပဒေစိုးမိုးရေး သဘောသဘာဝ၏ ခြေလှမ်းအစဖြစ်ခဲ့ပေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...