Thursday, April 18, 2013

၂၀၀၈ ခုနှစ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထဲက နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များ။


  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပုဒ်မ ၃၄၅ မှ ပုဒ်မ ၃၉၀ အထိ ပြဋ္ဌာန်းထားပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)တွင် ပုဒ်မ ၁၄၅ မှ ပုဒ်မ ၁၇၂ အထိ နိုင်ငံသားများ၏ မူလ အခွင့်အရေးများနှင့် တာဝန်ဝတ္တရား များကို ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂) တွင် ပုဒ်မ ၉ မှ ပုဒ်မ ၂၉ အထိ မူလအခွင့်အရေးများကိုလည်း နိုင်ငံတော် ဟူသော စကား၏ အဓိပ္ပါယ် ရှင်းလင်းချက်၊ နိုင်ငံသားဖြစ်မှု၊ ညီမျှမှုအခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ၊ ဘာသာ သာသနာရေးဆိုင်ရာ အခွင့်အရေးများ၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများ၊ စီးပွားရေးဆိုင်ရာ အခွင့်အရေးများ၊ ရာဇ၀တ် ဥပဒေဆိုင်ရာ အခွင့်အရေးများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကာကွယ်နိုင်၊ ရယူနိုင်သော အခွင့်အရေးများ ဟူ၍ ခေါင်းစဉ်များ အောက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြ ပြဋ္ဌာန်းထား ခဲ့သည်ကိုလည်း ဥပဒေ သမိုင်းကြောင်းအရ တွေ့မြင်သိရှိရပါသည်။ အရေးကြီးသည့် ပုဒ်မများကိုသာ နှိုင်းယှဉ်ပြီး ဆန်းစစ်သုံးသပ်ရန် လိုပါသည်။
    နိုင်ငံတနိုင်ငံ၏ နိုင်ငံသားဖြစ်မှုမှာ ဦးစွာပထမ အရေးကြီးသည့် မူလအခွင့်အရေး ဖြစ်ပါသည်။ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ၁၉၄၇ အခြေခံဥပဒေတွင်-
ပုဒ်မ ၁၁(က) ”မြန်မာနိုင်ငံတိုင်းရင်းသား တမျိုးမျိုးတွင် ဖြစ်သော၊ သို့တည်းမဟုတ် ဖြစ်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်၎င်း၊
ပုဒ်မ ၁၁(ခ) ”မြန်မာနိုင်ငံ တိုင်းရင်းသား တမျိုးမျိုးတွင် ဖြစ်သော၊ သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံး တဦးဦးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွားသူတိုင်းသည်၎င်း၊
ပုဒ်မ ၁၁(ဂ) ”ပြည်ထောင်စု နိုင်ငံ၏ နိုင်ငံသားဖြစ်သော၊ သို့တည်းမဟုတ် ဤအခြေခံ ဥပဒေ စတင်အာဏာတည်သည့် နေ့တွင် အသက်ရှင်နေသည် ဖြစ်ပါက တိုင်းရင်းသား အဖြစ်ကို ရယူခွင့်ရှိသော မိဘနှစ်ပါးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွားသူတိုင်းသည်၎င်း၊
ပုဒ်မ ၁၁(ဃ) ”ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာပြန့်ရာ နယ်မြေတခုခုတွင် မွေးဖွားခဲ့သည်ဖြစ်၍၊ ဤအခြေခံဥပဒေ စတင် အာဏာတည်သည့်နေ့မှ အထက်၊ သို့တည်းမဟုတ် ၁၉၄၂ ခု၊ ဇန္န၀ါရီလ ၁ ရက်နေ့မှ အထက် အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သော ကာလ အဖို့ ပြည်ထောင်စု နိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ နေထိုင်ခဲ့ဘူးပြီးလျှင်၊ ပြည်ထောင်စု နိုင်ငံအတွင်းတွင် ထာဝစဉ် နေထိုင်ရန် ကြံရွယ်ခဲ့သည်ဖြစ်၍၊ ထို့ပြင် တရားဥပဒေဖြင့် သတ်မှတ်သော အချိန်အတွင်းတွင် ထိုသို့ သတ်မှတ်သော နည်းလမ်းနှင့် အညီ ပြည်ထောင်စု နိုင်ငံသားအဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖေါ်သူတိုင်းသည်၎င်း ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်။” ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
    ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၅ (က) တွင်” ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ အားလုံးသည် နိုင်ငံသားများဖြစ်သည်။ ပုဒ်မ ၁၄၅(ခ) တွင်” ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူများ သည်လည်း နိုင်ငံသားများ ဖြစ်သည်။”ဟု ပြဋ္ဌာန်းခဲ့သည်ကိုတွေ့ရပါသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်ပြီးသူများသည် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ မြန်မာနိုင်ငံသား ဆက်လက် ဖြစ်သည်ဟု မှတ်ယူရပါမည်။
    သို့သော်လည်း ၁၉၇၈ ခုနှစ်တွင် မ ဆ လ ဗိုလ်နေ၀င်း အစိုးရသည် နိုင်ငံတ၀ှမ်းလုံးတွင် နဂါးမင်း စီမံချက်ဖြင့် လူဦးရေ စာရင်းကောက်ယူခဲ့သည်။ ထိုစဉ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဘင်္ဂါလီမူဆလင်များ ၁၅၆ ၆၃၀ ဦးရေ ထွက်ပြေးခဲ့ကြသည်။ ဒက်ကာ သဘောတူညီချက်အရ မြန်မာနိုင်ငံက ဘင်္ဂါလီမူဆလင်များ ၁၈၆ ၉၆၅ ဦးရေကို ပြန်လည် လက်ခံခဲ့ရသည်။ လူဦးရေ  ၃၀၃၃၅ ဘင်္ဂါလီမူဆလင်များကို ပိုမိုလက်ခံခဲ့ရသည့် သမိုင်းကိုလည်း သတိပြုရန် လိုအပ်ပါသည်။ ကိုယ့်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မည်သို့ ကာကွယ်ပါမည်နည်း။ ထိုနောက်တွင်မှ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄ ကို (၂၁ - ၁၀ -၈၂) နေ့စွဲပါ မြန်မာနိုင်ငံ ပြန်တမ်း အပိုင်း(၁) စာမျက်နှာ ၇၅၉ ဖြင့် ”မြန်မာနိုင်ငံသား ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇၆ ”အောက်ပါ ဥပဒေတို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
(က) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး) အက်ဥပဒေ၊
(ခ) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ။ ဟု ဖော်ပြပြီး ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေတို့ကို ရုပ်သိမ်းခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်က  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းခဲ့သော ဥပဒေပုဒ်မများသည်၎င်း ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေတို့သည်၎င်း ယခုအခါ တည်ဆဲဥပဒေများ မဟုတ်၍ တရား မ၀င်တော့ပါ။ သို့သော် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ တည်ဆဲဥပဒေ အဖြစ် တရားဝင်နေဆဲ ဖြစ်ပါသည်။
    ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅ တွင် ”အောက်ဖော်ပြပါ အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသည်-
(က) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။ “ ဟု ဖော်ပြထားသဖြင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများသည်၎င်း၊ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများသည်၎င်း  မြန်မာနိုင်ငံသား ဖြစ်သည်ဟုသာ အခြေခံဥပဒေများအရ သတ်မှတ်ရပါမည်။
    သို့ရာတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပုဒ်မ ၃၄၆ တွင်” နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသား ပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့် အတိုင်း ဖြစ်စေရမည်။”ဟု ဖော်ပြထားပါသဖြင့် နိုင်ငံသားဖြစ်ခြင်း နှင့် နိုင်ငံသားပြုခြင်း တို့ကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း ဖြစ်စေမည့် မြန်မာနိုင်ငံသား ဥပဒေတရပ်ရပ်ကို နိုင်ငံ၏ လတ်တလော အခြေအနေ အရပ်ရပ်များပေါ်တွင် မူတည်၍ အလျင်အမြန် ပြဋ္ဌာန်းရန် လိုအပ်လျှက်ရှိပါကြောင်း ဆန်းစစ် တွေ့ရှိရပါသည်။ အမျိုးသားနိုင်ငံရေး လိုအပ်ချက်နှင့် ကိုက်ညီသော အမျိုးသား အကျိုးစီးပွားကို ကာကွယ်နိုင်မည့်  မြန်မာနိုင်ငံသား ဥပဒေအသစ် တရပ်ကို ပြဋ္ဌာန်းနိုင်မှသာလျှင် ၂၀၁၄ ခုနှစ်တွင် သန်းကောင်စာရင်း ကောက်ခံလာမည့် အခြေအနေနှင့် အံဝင်ဂွင်ကျ ဖြစ်နိုင်ပါမည်။ 
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၈ တွင်” နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။”ဟု ဖော်ပြ ထားသဖြင့် ကိုးကွယ်ရာ ဘာသာ အနေဖြင့်လည်း လုံးဝခွဲခြား၍ မရပါ။ သို့သော်
ပုဒ်မ ၃၆၁ တွင်” နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုသည်။”ဟု ၎င်း၊ ပုဒ်မ ၃၆၂ တွင် ”နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလမ်ဘာသာ သာသနာ၊ ဟိန္ဒူ ဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်၊” ဟု၎င်း ဖော်ပြချက်များကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာ သာသနာ နှင့် တခြား ဘာသာသာသနာ များကို လုံးဝ ခွဲခြားထားခြင်းဖြစ်သည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရပါသည်။ ပုဒ်မ ၃၄၈ ပါ ခွဲခြားမှု မရှိစေရ ဟူသော မူနှင့် ဆန့်ကျင်နေသည့် ပုဒ်မ ၃၆၁ နှင့် ပုဒ်မ ၃၆၂ ကို ပယ်ဖျက်ပစ်ပြီး ဘာသာ သာသနာတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုသည့် ဘာသာ သာသနာတိုင်း အတူတကွ တည်ရှိခွင့်ပြုသည့် ဥပဒေ ပြဋ္ဌာန်းချက်ပါ ပုဒ်မဖြင့် အစားထိုး ပြင်ဆင်ဖြည့်သွင်းသင့်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ပြီး လူမျိုးတိုင်း၌ ကိုယ်ယုံကြည်ရာ ကိုယ့် ဘာသာ သာသနာကို ကိုးကွယ်နေကြသည့် လူအဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို ခွဲခြားမှုသက်သက်ဖြင့် မတရားသည့် ဥပဒေပြဋ္ဌာန်းချက်မှာ လုံးဝ မသင့်လျှော်ပါ။ ဘာသာရေးကို အခြေမခံသည့် နိုင်ငံတော်၏ မူတရပ်ကို မဖြစ်မနေ ချမှတ် ပြဋ္ဌာန်းပေးရန် အထူးလိုအပ်ပါသည်။
    ပုဒ်မ ၃၄၇ တွင်” နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”ဟု ဖော်ပြထားသည့် တန်းတူညီမျှမှု သဘောထား အခိုင်အမာကို ဖောက်ဖျက်ကျူးလွန်ထားသည့် ပုဒ်မပေါင်း များစွာထဲမှ ပုဒ်မ ၁၄ ပါ “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။”ဟု ပြည်ထောင်စု လွတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း (၁၆၆ ဦး) နေရာယူထားခြင်းနှင့် ပြည်နယ်/တိုင်း လွှတ်တော်တွင် တပ်မတော်သား သုံးပုံတစ်ပုံ ပါဝင်နေရန် ပြဋ္ဌာန်းထားသည့် ပုဒ်မကို ကြည့်ရုံဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တအုပ်လုံးမှာ ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုပ်ပွ သွားသည်ကို တွေ့မြင်နေရပါသည်။ နိုင်ငံတနိုင်ငံ၏ အထွတ်အမြတ်ဆုံး အခြေခံ ဥပဒေကိုယ်၌က တန်းတူညီမျှမှု အခွင့်အရေးကို တရားဥပဒေအရ လုံးဝ ပေးမထားဘူး ဆိုလျှင် တရားဥပဒေ စိုးမိုးရေးမှာ နိုင်ငံနှင့်အ၀ှမ်း ရှာတွေ့နိုင်တော့မည် မဟုတ်ပါ။ နိုင်ငံတွင်း ဖြစ်ပျက်သမျှ မကောင်းမှုအားလုံးသည် မတရားဥပဒေ စိုးမိုးထားခြင်း ဖြစ်သောကြောင့် လူမျိုးပေါင်းစုံ ပြည်သူအားလုံးက နိုးနိုးကြားကြား သတိကြီးစွာ ထားရမည့် အချိန်အခါ ဖြစ်ပါသည်။ နိုးကြား ထကြွမှုရှိမှသာ မတရားဥပဒေနှင့် မတရားမှု အားလုံးကို ဖယ်ရှားပစ်နိုင်ပါမည်။ 
    ပုဒ်မ ၃၄၉ တွင် ”နိုင်ငံသားများသည် အောက်ပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ရာတွင် တူညီသော အခွင့်အလမ်း ရရှိစေရမည်-
(ဃ) စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှု၊ ဟုဖော်ပြထားသည် ကိုတွေ့ရသည်။ ထို့ပြင် ပုဒ်မ ၃၅၆ တွင်” နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။ ဟုဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ အခြေခံဥပဒေနှင့် ဆန့်ကျင်စွာ ပြဋ္ဌာန်းလာသည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည် ဆိုလျှင် ထိုဥပဒေများကို ပယ်ဖျက်ပစ်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မည်သို့ ဆောင်ရွက်ပေးနိုင်မည်နည်း။ အဖြေ ရှိရပါမည်။
    ပုဒ်မ ၃၇၂ တွင် ” ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေး ကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့် တို့ကို နိုင်ငံတော်က အာမခံသည်။ ဟု ပြဋ္ဌာန်းထားချက်လည်း ရှိပါသည်။ သို့သော် အထက်ပါ ပုဒ်မ ၃၄၉၊ ပုဒ်မ ၃၅၆ နှင့် ပုဒ်မ ၃၇၂ တို့ပါ အခွင့်အရေး အားလုံးကို ပုဒ်မ ၃၇ တခုတည်းက ချေဖျကကာ ဆန့်ကျင်ပြီး ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိ ရပါသည်။ ပုဒ်မ ၃၇ တွင် ”နိုင်ငံတော်သည်- (က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထု အတွင်းရှိ သယံဇာတ ပစ္စည်းအား၏ ပင်ရင်း ပိုင်ရှင် ဖြစ်သည်။ (ခ) နိုင်ငံပိုင် သယံဇာတ ပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ် နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်။”ဟု ပြဋ္ဌာန်းထားသည်မှာ လုံးဝ မတရားပါ။ နိုင်ငံတော် ဆိုသည်မှာ ကြံ့ဖွံ့အစိုးရဖြစ်နေပြီး၊  စီးပွားရေးအင်အားစု ဆိုသည်မှာ ကြံ့ဖွံ့အစိုးရစစ်အုပ်စုပင် ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့ရှိရပါသည်။ ကြံ့ဖွံ့အစိုးရ စစ်အုပ်စုနှင့် စစ်အာဏာကပ်ပါး စီးပွားရေး ဓါးပြများ အတွက် စားပေါက်ထွင် ကြီးကြပ်နိုင်ရန် ဥပဒေများကို ပြဋ္ဌာန်းရမည်ဟု အဓိပ္ပါယ် ထွက်နေပါသည်။ စီးပွားရေး လွတ်လပ်ခွင့် မရှိဘဲ ဈေးကွက်စီးပွားရေးကို ထိပ်ကွက်စီးပွားရေးဖြစ်အောင် လုပ်ဆောင်ရန်ပြဋ္ဌာန်း ထားသည့် ဥပဒေပုဒ်မ များကို လုံးဝ ပယ်ဖျက်ပစ်သင့်ပါသည်။
    ၁၉၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀)ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ သည် နိုင်ငံသားများ၏ တရားဝင် ပိုင်ဆိုင်ထားသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် လယ်ယာမြေများကို ဧက ပေါင်း ၅၀၀၀၀ (ငါးသောင်း) အထိ စီးပွားရေးလုပ်ငန်ရှင်များအား သိမ်းပိုက်ပိုင်ဆိုင်စေရန် ပြဋ္ဌာန်းထားသည့် ဥပဒေ ဖြစ်နေပါသည်။ အာဏာကပ်ပါး စီးပွားရေး ဓါးပြများ ဖြစ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများလက်သို့ တောင်သူ လယ်သမားများ၏ လယ်ယာမြေများကို သိမ်းပိုက် ပိုင်ဆိုင်စေခြင်းမျိုးသည် တူညီသော အခွင့်အရေး မဟုတ်သဖြင့် မူဆိုင်ရာ အခြေခံဥပဒေ ပုဒ်မများနှင့် တညီတညွတ်တည်း ဖြစ်စေရန် ပြဋ္ဌာန်းနိုင်ရန် အထူး လိုအပ်ပါသည်။ ဆန့်ကျင်နေလျှင် လုံးဝ ပယ်ဖျက်ပစ်ရပါမည်။
    နိုင်ငံ၏ ဥပဒေသမိုင်းအရ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ စီးပွားရေး ဆိုင်ရာ အခွင့်အရေးများကို လေ့လာသိရှိရန် လိုပါသည်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၂၃ (၃) တွင်” ဈေးနှုန်းများကို ချုပ်ကိုင်ရန်သော်၎င်း၊ အရောင်းအ၀ယ်တို့ကို လက်ဝါးကြီးအုပ်ရန်သော်၎င်း၊ ဖွဲ့စည်းသော သို့တည်းမဟုတ် နိုင်ငံတော်၏ စီးပွားရေး ပျက်စီးရာ ပျက်စီးကြောင်းဖြစ်သော ကာတယ်အဖွဲ့များ၊ ဆင်ဒီကိတ်အဖွဲ့များ၊ ထရပ်အဖွဲ့များ အစရှိသော ကိုယ်ပိုင် လက်ဝါးကြီးအုပ် အဖွဲ့များ မရှိစေရ။”ဟု တိတိကျကျ ပြဋ္ဌာန်းထားခဲ့သည့် အချက်ကို အလေးအနက်ထား စဉ်းစားရန် လိုပါသည်။ လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး ကိုအသေးစိတ် လေ့လာရန် လိုပါသည်။ လက်ရှိ ကြံ့ဖွံ့အစိုးရ သမ္မတကြီးဘေးက လိုက်ပါနေသည့် စီးပွားရေးသမားကြီးများမှာ  ကိုယ်ပိုင် လက်ဝါးကြီးအုပ်အဖွဲ့များ၊ အာဏာကပ်ပါး စီးပွားရေး ဓါးပြများပင် မဟုတ်ပါလော။
    တည်ဆဲ စီးပွားရေးဆိုင်ရာ ဥပဒေများဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေ(၁၉၈၉ ခုနှစ် န ၀ တ ဥပဒေအမှတ် ၉) ၊ ငါးမွေးမြူရေး ဆိုင်ရာဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပဒေ စသည့် စီးပွားရေးဆိုင်ရာ ဥပဒေများသည် ကြံ့ဖွဲ့အစိုးရ၏ အာဏာကပ်ပါး စီးပွားရေးဓါးပြများအတွက်သာ ပြဋ္ဌာန်းထားခြင်း ဖြစ်ပြီး နိုင်ငံသား တဦးတယောက်ကမှ တန်းတူ ပါဝင်နိုင်ခွင့် မရှိသည်ကို နေ့စဉ် တွေ့မြင်နေရပါသဖြင့် အစိုးရကိုယ်တိုင်က အပြောတမျိုး အလုပ်တမျိုး ဥပဒေများဖြင့် တရားမျှတမှုကို ချိုးဖောက် ကျူးလွန်နေသည်ကိုသာ ပြည်သူများ တွေ့ကြုံ ခံစားနေရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ တခုနှင့်တခု ဆန့်ကျင် ကွဲလွဲနေရုံသာမကဘဲ၊ ပြဋ္ဌာန်းလာသည့် ဥပဒေများကလည်း အခြေခံဥပဒေနှင့် ထပ်ဆင့် ဆန့်ကျင်ကွဲလွဲနေသည် ဆိုပါလျှင် ဥပဒေ ပြဋ္ဌာန်းချက်များ၏ အားနည်း လွဲချော်မှုများ ဒဏ်ကို ပြည်သူလူထု ခံစားနေရပါမည်။ မတရား မမျှတသည့် ဥပဒေ များက စိုးမိုးနေမည်ဆိုလျှင် ပြည်သူလူထု စားဝတ်နေရေး မွဲပြာကျပြီး ဆူပူသောင်းကျန်းမှုများ အမြောက်အများ ပေါ်ပေါက်လာမည်ကို လွန်စွာ စိုးရိမ်ရပါသည်။ တရားဥပဒေ စိုးမိုးမှု လုံးဝကင်းမဲ့သွားလျှင် နှစ်လုံးစိတ်ဝမ်း အေးချမ်းသာယာမှုကို ရနိုင်တော့မည် မဟုတ်ပါ။
    ပုဒ်မ ၃၆၉ (က) တွင်” နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။” ဟု ဖော်ပြချက်သည် ပုဒ်မ ၁၀၉ ပါ ပြည်သူ့လွှတ်တော်နှင့် ပုဒ်မ ၁၄၁ ပါ အမျိုးသားလွှတ်တော်တို့ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနေရာ အတွက် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးခံ ထားရပါသည်။ ပုဒ်မ ၁၆၁(ဃ) အရလည်း တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် တပ်မတော်သား သုံးပုံတပုံ ပါဝင်နေသည့် နေရာများအတွက်လည်း ဆုံးရှုံးခံ ထားရပါသေးသည်။ ပုဒ်မ ၃၆၉ (က) ပါမူနှင့် ဆန့်ကျင်နေသည့် ပုဒ်မ ၁၀၉၊ပုဒ်မ၁၄၁ နှင့် ပုဒ်မ ၁၆၁(ဃ)တို့ကို ပယ်ဖျက် ပစ်ရပါမည်။ သို့မှသာ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ လူတကိုယ် မဲတပြား ပေးပိုင်ခွင့် မူနှင့် ကိုက်ညီပါမည်။ ဒီမိုကရေစီ ပန်းတိုင်သို့ သွားရာ လမ်းခရီး တလျှောက်တွင် အခြေခံမူများနှင့် မကိုက်ညီသည့် ပုဒ်မများ အားလုံးကို ပြတ်ပြတ် သားသား ပယ်ဖျက်ပစ်ရန် လိုအပ်ပါသည်။
    ပုဒ်မ ၃၇၆ တွင် ဖော်ပြသော စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရ။ ဟုဖော်ပြချက်နှင့် ပုဒ်မ ၂၁(ခ) တွင် ဖော်ပြသော တရားရုံး၏ ခွင့်ပြုချက် မရရှိက နိုင်ငံသားတဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရ။ ဟု ဖော်ပြချက်တို့သည် တူညီနေသဖြင့် ပုဒ်မ တခုတည်းဖြင့် ဖော်ပြရုံဖြင့် ပြည့်စုံနိုင်ပါသည်။ ငါးသိုင်းများလျှင် ဟင်းဟုန် သကဲ့သို့ ပုဒ်မများကို ထပ်ကာ ထပ်ကာ ဖော်ပြသည့်ပုံစံမှာ လိုတိုရှင်း ကျစ်ကျစ်လစ်လစ် ရေးသားရမည့် အရေးအသားမျိုးမဟုတ်ဘဲ လျော့ရဲ ဖောင်းပွစေပါသည်။ ဥပဒေ၏ စည်းနှောင်မှုကို အားပျော့စေပါသည်။
    ပုဒ်မ ၃၆၅ တွင် ”နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုး ထားရှိသော စာပေ၊ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ဟုဖော်ပြထားသည်။ ထို့ပြင် ပုဒ်မ ၂၂(က) တွင် ”နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။”ဟု ပြဋ္ဌာန်ထားသည်။ သို့သော် လက်တွေ့အရ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ချက်များကို မတွေ့ရှိရပါ။ ဥပဒေ၏ အခွင့်အရေးအားလုံးကို တိုင်းရင်းသား လူမျိုးစုံပြည်သူများ ခံစားရယူနိုင်ပါရန် သီးသန့် ဥပဒေတရပ်ရပ် ပြဋ္ဌာန်းပေးနိုင်ရန် လိုအပ်ပါသည်။ ယင်းသို့မှ မဆောင်ရွက်နိုင်ပါလျှင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများအတွက် ဥပဒေမှာ စက္ကူဖြူစာတမ်းမျှသာ ဖြစ်နေပေတော့မည်။ အပြောနှင့် လက်တွေ့ ညီညွတ်ရပါမည်။
ဦးမျိုး (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...