Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၉)

အခန်း (၁၁)
အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ
နိုင်ငံတကာက ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းကြရာတွင် နိုင်ငံ သားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို နစ်နာဆုံးရှုံးမှု မရှိရအောင် အတတ်နိုင်ဆုံးပြဋ္ဌာန်းလေ့ရှိပါသည်။  နိုင်ငံတကာမှာလည်း အရေးပေါ်ကာလများတွင် အထူးသဖြင့် လူအခွင့်အရေး ချိုးဖောက်ခံရမှုများ အမြောက်အများ ပေါ်ထွက်ကြလေ့ရှိသည်ကို ဂရုတစိုက် သတိထားကြရပါမည်။
ပုဒ်မ ၄၁၄ တွင် “ နိုင်ငံတော် သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာသည့် အခါ-
(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည်။

(ခ)    လိုအပ်ပါက အရေးပေါ် အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း နေထိုင်ကြသော နိုင်ငံသားများ၏ မူလ အခွင့်အရေး တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။
ဤကဲ့သို့ ပြဋ္ဌာန်းချက်မျိုးကို ယခင်ကရှိခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သော်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သော်လည်းကောင်း လုံးဝမတွေ့ရှိရပါ။ သို့အတွက် နှိုင်းယှဉ် လေ့လာကြည့်ရန် လိုပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၄ တွင်“(၁) စစ်ကြောင့် ဖြစ်စေ၊ နိုင်ငံတွင်း ဆူပူမှုကြောင့် ဖြစ်စေ၊ ပြည် ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ် ဖြစ်စေအံ့သော အထူးအရေးတကြီး အခြေ ဖြစ်ပေါ်နေပြီ ဟူ၍ သော်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံကို ထိခိုက်နေသော စီးပွားရေး အရေးတကြီး အခြေသည် ပြည်ထောင်စုနိုင်ငံ၏ တစိတ်တဒေသ၌ ပေါ်ပေါက် နေပြီ ဟူ၍သော်လည်းကောင်း နိုင်ငံတော်သမ္မတက (ဤအခြေခံ ဥပဒေတွင် အရေးတကြီး ကြေညာချက်ဟု ညွှန်းထားသော) ကြေညာ ချက်တရပ်ကို ထုတ်ပြန်ခဲ့သော်၊ ပုဒ်မ ၉၂ တွင် မည်သို့ပင် ဆိုထားစေကာမူ၊ ပြည်နယ် ဥပဒေပြု စာရင်းတွင် သီးခြားရေတွက် ဖေါ်ပြ ထားသောကိစ္စတခုခုနှင့်စပ်လျဉ်း၍၊ ပြည်နယ် တနယ်အတွက်သော်လည်းကောင်း၊ ပြည်နယ်တစိတ်တဒေသ အတွက်သော်လည်း ကောင်း၊ ဥပဒေများကိုပြုရန် ပါလီမန်တွင် အာဏာရှိရမည်။”ဟုဖော်ပြထားသည် ကိုသာတွေ့ရသည်။
၁၉၄၇ ခုနှစ် အခြေခံဥပဒေပါ  အခန်း(၂) ၌ဖော်ပြထားသော မူလအခွင့်အရေးများ နှင့်ပတ်သက်၍  ၂၀၀၈  ခုနှစ် အခြေခံ ဥပဒေ ပုဒ်မ ၄၁၄(ခ) ကဲ့သို့ဖော်ပြချက်ကို အလျဉ်းမတွေ့ရှိရပါ။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၆ တွင်“ နိုင်ငံ၏ အချို့ဒေသတွင်သော်လည်းကောင်း၊ နိုင်ငံတ၀န်းလုံးတွင် သော်လည်းကောင်း နိုင်ငံတော် ကာကွယ်ရေး နှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်ကောင်စီသည် လိုအပ်ပါက အရေးပေါ်အခြေအနေကြေညာ၍ စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်နိုင်သည်။ နိုင်ငံ၏ ဒေသအချို့အတွက် သော် လည်းကောင်း၊ နိုင်ငံတ၀န်းလုံးအတွက် သော်လည်းကောင်း စစ်စည်းရုံးခြင်းကို ပြုလုပ်နိုင်သည်။ ယင်းဆောင်ရွက်ချက်ကို အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။”ဟုဖော်ပြထားသည် ကိုသာတွေ့ရသည်။
၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ အခန်း (၁၁) ၌ဖော်ပြထားသော နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန် ၀တ္တရားများ နှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၁၄(ခ) ကဲ့သို့ ဖော်ပြချက်ကို တစုံတရာ မတွေ့ရှိရပါ။ သို့ဖြစ်ပါ၍ ဤပုဒ်မကို ပြန်လည်ဆန်းစစ် သုံးသပ်ကာ ပယ်ဖျက်သင့်ပါသည်။
ထို့ပြင် ပုဒ်မ ၄၂၀ တွင်“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေညာထားစဉ်ကာလအတွင်း လိုအပ်သည့်နယ်မြေဒေသတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။” ဟု ဖော်ပြချက်မှာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေး (၃၀) လုံးကို ချိုးဖောက်ထားကြောင်း တိတိကျကျ ပြသထားခြင်း ဖြစ်ပါသောကြောင့် လုံးဝ(လုံးဝ) ဖျက်သိမ်းပစ်ရပါမည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု အကြမ်းဖက် မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ယင်းအမိန့်တွင် အရေးပေါ် အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ် အထိ ဖြစ်ကြောင်း ဖော်ပြရမည်။”ဟုလည်းကောင်း၊ ပုဒ်မ ၄၂၁ (ခ)တွင် “နိုင်ငံတော် သမ္မတသည် – သာမာန်အားဖြင့် တကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်သည်။ယင်းသို့ တိုးမြှင့်ပေးသည့်ကိစ္စကို ပြည်ထောင်စုလွှတ် တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ အစီရင်ခံ တင်ပြရမည်။”ဟုလည်းကောင်း ဖော်ပြပါရှိသဖြင့် အရေးပေါ်ကာလ သက်တမ်း သည် (၂) နှစ်ထိ ဖြစ်ကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် ပုဒ်မ ၄၂၅ တွင်“ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက် အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျက် တင်ပြလာပါက သာမာန်အားဖြင့် တကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။”ဟုလည်း ဖော်ပြထားသေးသည်ကို ကြည့်ခြင်းအားဖြင့် (၃) နှစ်အထိ အချိန်ကာလ ကြာညောင်းရန် အရေးပေါ်ကာလကို တိုးမြှင့်၍ စစ်အုပ်ချုပ်ရေးအာဏာကို တာရှည်သဖြင့် ထိန်းသိမ်းထားလိုကြောင်း ပေါ်လွင်နေ ပါသည်။
အရေးပေါ်ကာလနှင့်ပတ်သက်၍ အခန်း(၆) တရားစီရင်ရေးခေါင်းစဉ်အောက်ရှိ  ပုဒ်မ ၂၉၆ တွင်“ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည်-
(က) အောက်ပါ စာချွန်တော် အမိန့်များကို ထုတ်ပိုင်ခွင့် အာဏာရှိသည်-
(၁) ရှေ့တော်သွင်း စာချွန်တော်အမိန့်၊
(၂) အာဏာပေး စာချွန်တော်အမိန့်၊
(၃) တားမြစ်စေ စာချွန်တော်အမိန့်၊
(၄) အာဏာပိုင်မေး စာချွန်တော်အမိန့်၊
(၅) အမှုခေါ်စာချွန်တော်အမိန့်။
(ခ) နိုင်ငံတော်အတွင်း အရေးပေါ် အခြေအနေများ ပေါ်ပေါက်ကြောင်း ကြေညာသည့် ဒေသတွင် စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်။ဟုလည်းကောင်း -
အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၃၈၁ တွင်”အောက်ဖော်ပြပါ အခြေ အနေနှင့် အချိန်အခါမှတပါး နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ-
(က) တိုင်းတပါးမှ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ချိန်၊
(ခ) ဆူပူသောင်းကျန်း မှုများ ဖြစ်ပေါ်နေချိန်၊
(ဂ) အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေချိန်။ ဟူ၍လည်းကောင်း”  ပြဋ္ဌာန်းထားပါသည်။
အထက်ပါ ပြဋ္ဌာန်းချက် နှစ်ချက်ကို ကြည့်ခြင်းအားဖြင့်  အရေးပေါ် အခြေအနေတွင် တရားစီရင်ရေးလွတ်လပ်မှု၊ တရားမျှတ မှု လုံးဝမရှိသည်ကိုလည်းကောင်း၊ အခန်း (၈) ပါ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တရားဝင်ရပိုင်ခွင့်များကိုပါ ငြင်းပယ်ထား သည်ကိုလည်းကောင်း ပွင့်ပွင့်လင်းလင်း သိမြင်နိုင်ပါသည်။
အရေးပေါ် အခြေအနေ ကြေညာရန် ပေါ်ပေါက်နေခြင်း ရှိ မရှိ၊ ကြေညာ သင့် မသင့် ကို စိစစ် ဆုံးဖြတ်ရန်၊ သို့မဟုတ် ပယ်ဖျက်ရန် ကိစ္စသည် လွှတ်တော်တွင်သာ အဆုံးအဖြတ်ခံယူသင့်သည့် ကိစ္စဖြစ်ပါသည်။ သမ္မတ တဦးတည်း၏ အမိန့်အာဏာဖြင့် နိုင်ငံတော် အာဏာတစုံလုံးကို ကာကွယ်ရေးဦးစီးချုပ်၏ လက်ထဲသို့ လက်လွတ်စပါယ် လွှဲအပ်နိုင်ရန် ပြဋ္ဌာန်းထားချက်ကို၌က စစ်တပ် က ဘယ်အချိန် ဘယ်အခါမဆို အာဏာသိမ်းနိုင်ရန် ပြဋ္ဌာန်းထားချက်သက်သက် ဖြင့် တိုင်းပြည်ကိုခြိမ်းချောက်ထားခြင်း မှာ စစ်အာဏာရှင်စနစ်၏ အတွင်းသရုပ် ကိုထုတ်ပြနေခြင်း ဖြစ်နေပါသည်။
ပုဒ်မ ၄၁၈(ခ) တွင် “ထိုသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် နေ့ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ များမှအပ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန် ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။” ဟု ဖော်ပြချက်အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် လွှတ်တော်များ၏ အခန်းကဏ္ဍကို ပစ်ပယ်ထားကြောင်း၊ ပြည်နယ်လွှတ်တော်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသတို့၏ လုပ်ပိုင်ခွင့်အားလုံးကို မျက်ကွယ်ပြုထား ကြောင်း အထင်အရှားတွေ့ရပါသဖြင့် ဤပုဒ်မအား အပြီးအပိုင် ပယ်ဖျက်ပစ်ရန် လိုအပ်ပါသည်။
ပုဒ်မ ၄၁၉ တွင် “နိုင်ငံတော်အာဏာ လွှဲအပ်ခြင်းခံရသည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ကျင့်သုံးဆောက်ရွက်ခွင့် ရှိသည်။”ဟုဖော်ပြထားသည်ကို တွေ့ရသည်။ အာဏာ ၃ ရပ်စလုံး တစ်ဦးတစ်ယောက်တည်း လက်ထဲသို့ အပ်ထားခြင်းမှာ ခေတ်ကာလနှင့် လုံးဝ မဆီလျော်မသင့်တော်ပါ။ ပဒေသရာဇ် အာဏာရှင်စနစ်သို့ သမိုင်းဘီးနောက်ပြန်လှည့်ရာ ရောက်ရှိသွားပါလိမ့်မည်။ နိုင်ငံတကာ စစ်ခုံရုံးများ တွင် အစစ်ဆေးခံနေရသူများမှာ ယခုကဲ့သို့ အာဏာရှင်များသာ ဖြစ်ပါသည်။ နျူရင်ဘတ် စစ်တရားခုံရုံး အကြောင်း ကို ကမ္ဘာ့သမိုင်းမှတ်တိုင်များမှ သင်ကြားလေ့လာပြီး ဆင်ခြင်သင့်ပါသည်။
ပုဒ်မ ၄၃၂ တွင်“ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆိုခွင့် မရှိစေရ။”ဟုဖော်ပြချက် မှာ အရေးပေါ်ကာလ ဆောင်ရွက်ချက်များ အားလုံးနီးပါးသည် စစ်ရာဇ၀တ်မှုများသာ ဖြစ်နေတတ်၍ ကြိုတင်ကာကွယ်သည့် သဘောထားဖြင့် ပြဌာန်း ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ တရားမျှတမှု ၊ တရားဥပဒေ စိုးမိုးမှု အားလုံးကို မျက်ကွယ်ပြုရာ ရောက်သွားပါသည်။ ဤသို့သော ပုဒ်မမျိုးကို ပြည်ထောင်စု လွှတ်တော်မှ ကင်းလွတ်ခွင့် ပြုထားသည်ဆိုလျှင် စစ်အာဏာရှင်စနစ်ကို တရားဝင်အတည်ပြုပေး ထားသကဲ့ ဖြစ်နေပါမည်။ အလျင်မြန်ဆုံး ပယ်ဖျက်ပြီး အသစ်ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းသင့်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...