Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၂)

အခန်း(၂)
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
ဤအခန်း(၂) ပုဒ်မ -၅၃(က) တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တနယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင် သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမ ရယူရမည်။”ဟုဖော်ပြထားပြီး၊
ပုဒ်မ- ၅၂(ခ) (၃) တွင် ”နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှုး သည် အောက်ပါ အတိုင်း လွှတ်တော်ကိုယ်စားလှယ် များ၏ ဆန္ဒကို ရယူရမည်
– (၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စား လှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။”ဟုလည်းဖော်ပြထားပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရစဉ်ကပင် တည်ရှိခဲ့သည့် မြေပုံအညွန်းများအတိုင်း ပြန်လည်စိစစ်သင့်ပါသည်။ မဆလ တပါတီအာဏာရှင်စနစ်လက်ထက်က ပြောင်းလဲသတ်မှတ်ခဲ့သည့်အတွက်ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် သက်ဆိုင်ရာ နယ်မြေ နယ်နိမိတ်များကို ပြန်လည်သတ်မှတ်သင့် ကြောင်းတွေ့ရှိရပါသည်။
နိုင်ငံတော်ကို အောက်ပါ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ်(၇) ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်- (က) မှ (ဏ)ထိ ဖော်ပြသည့် ဤဥပဒေပုဒ်မ -၄၉ တွင်ဖော်ပြချက်ကို ၂၁-ရာစု ပင်လုံညီလာခံ အသစ်တရပ် ခေါ်ယူကျင်းပပြီး အကျေအလည်ညှိနှိုင်းကာ ဆုံးဖြတ်ချက်ရယူနိုင်မှသာလျှင် ထာဝစဉ် တည်တံ့ ခိုင်မာသည့် ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်ပါမည်။
ပုဒ်မ -၅၆ တွင်”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်- (က)မှ (စ)အထိ ဒေသ ၅ ခုနှင့် တိုင်း ၁ တိုင်း ကို ဖော်ပြထား သကဲ့သို့ သတ်မှတ်ထားမည်ဆိုလျှင် ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း စသည့်တိုင်းနှင့် ပြည်နယ်များတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသများနှင့်တိုင်းများ ပေါ်ပေါက်လာစရာ တွေ့မြင်နေရပါသည်။ ပြည်တွင်းပြဿနာ စစ်စစ်ဖြစ်၍ မိသားတစုစီမံမှုအဖြစ်  ကိုယ့်တိုင်းရင်းသားအရေးကို ကိုယ်ပိုင်ဖန်တီးသင့်ပါသည်။ နယ်မြေဆိုင်ရာ အငြင်းပွားမှု မလိုအပ်သည့် ခွဲခြားဆက်ဆံမှုမျိုးကိုလည်း ကျော်လွှားအောင်မြင်နိုင်မှာ ဖြစ်ပါ သည်။
အခန်း(၃)
နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ
အုပ်ချုပ်ရေး စနစ်တွင် သမ္မတ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးထားသည်။ ပြည်ထောင်စု ၀န်ကြီးချုပ်ကိုပင် ဖော်ပြသည့် ပြဋ္ဌာန်းချက် တစုံတရာ ပါမလာပါ။ ပုဒ်မ -၁၆ တွင်“နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။” ဟု ဖော်ပြသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် ပြည်နယ် ၀န်ကြီးချုပ်များကို ပုဒ်မ ၂၆၁ (ခ)အရ သမ္မတ က ခန့်အပ်တာဝန်ပေးရန် ဟု ဖော်ပြထားသည်။ ပြည်နယ်နှင့် တိုင်းတွင် အကြီးအကဲမထားပဲ ၀န်ကြီးချုပ်စနစ်ကို ကျင့်သုံးခြင်းမှာ အာဏာချုပ်ကိုင်မှုကို တကြိုးတည်း ကိုင်ထားကြောင်းတွေ့ရသည်။ ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းခြင်းဆိုင်ရာ သဘောထားနှင့် ကွာဟ နေကြောင်း တွေ့ရပါသည်။ နိဒါန်းတွင်ဖော်ပြထားသည့် နိုင်ငံတော်အတွင်း လူမျိုးရေး တန်းတူမှုကို မဖော်ဆောင်နိုင်ကြောင်း ပေါ်လွင် နေပါသည်။
ပုဒ်မ ၅၇  မှ ပုဒ်မ ၇၃ အထိ ပုဒ်မပေါင်း ၁၇ ခုပါရှိသည်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်သမ္မတ ကို အခန်း ၅ ပုဒ်မ ၄၅ မှ ပုဒ်မ ၆၄ အထိ ဖော်ပြပါရှိသည်။ ၁၉၇၄ အခြေခံဥပဒေကိုမူ ပါတီစုံ ခေတ်မဟုတ်၍ မဖော်ပြတော့ပါ။ ၂၀၀၈ အခြေခံဥပဒေတွင် သမ္မတ စနစ်ဖြင့် အုပ်ချုပ်ခြင်းဖြစ်၍ ၁၉၄၇ အခြေခံဥပဒေနှင့် ကွာခြားသည်မှာ ပြည်ထောင်စု ၀န်ကြီးချုပ်ကိုလုံးဝ ရှာမတွေ့ရပါ။ သို့ရာတွင် တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များက တိုင်းနှင့်ပြည်နယ်အရေအတွက်အတိုင်းပင်ဖြစ်သည်။ တိုင်းနှင့်ပြည်နယ် တွင် အကြီးအကဲ ဟူ ၍ ယောင်လို့မှမဟ။ ဗမာ လည်း လူမျိုးစု တစုဟုသာ လက်ရှိသမ္မတဦးသိန်းစိန် ကပြောရုံသာ ပြောဖူးသည်။ နိဒါန်းတွင်ပါရှိသည့် လူမျိုးရေး တန်းတူမှုကို ဖော်ထုတ်နိုင်သည့် ပုဒ်ထီး ပုဒ်မ တခုတလေမျှ ဤဖွဲ့စည်းပုံ ၂၀၀၈ ထဲ တွင် ပါမလာ သည်က လက်တွေ့ပြဿနာ ဖြစ်နေပါသည်။
ပုဒ်မ ၅၉ (စ) တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ် သူသော် လည်းကောင်း၊တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။”ဟု လွန်လွန်ကဲကဲ ကန့်သတ် ထားသည်ကိုတွေ့ရပါသည်။ သားသမီးနှင့် သားသမီး၏ ဇနီး သို့မဟုတ် ခင်ပွန်းအထိတိုင်အောင် နိုင်ငံခြားအစိုးရနှင့် ကင်းရှင်းအောင် ပြဋ္ဌာန်းထားချက်မှာ နိုင်ငံတကာအလယ်တွင် ရှက်ဖွယ်လိလိ ဖြစ်နေပါသည်။ လူ့အခွင့်အရေးကို တားမြစ်ပိတ်ပင်သည်အထိ ပြဋ္ဌာန်းထားချက်မျိုး တခြားနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင်လည်း ရှာတွေ့နိုင်မည် မဟုတ် ပါ။ သမ္မတ နှင့်ပတ်သက်၍ ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၄၉ တွင်”(က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင် နက် အတွင်း ၌ မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်းဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ် မျိုးမဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခြင်း ခံနိုင်ခွင့် မရှိစေရ။”ဟူ၍သာ ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိရပါသည်။ဤမျှဆိုလျှင် ပြည့်စုံလုံလောက် ပြီဖြစ်ပါသည်။ သားသမီး သမက်ချွေးမများနှင့် ပတ်သက်၍ကား ပတ်သက်စရာ အကြောင်းအချက်မရှိပါ။ ကျဉ်းမြောင်းလွန်းသည့် ပိတ်ပင်တားမြစ်မှုမျိုး ဖြစ်နေပါသဖြင့်  လုံးဝရှောင်ရှား သင့်ပါသည်။ ပယ်ဖျက်သင့်ပါသည်။
အဓိက တင်ပြလိုသည်မှာ သမ္မတ ရွေးကောက်တင်မြှောက်သည့် စနစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် ပုဒ်မ ၅၈ အရ ”ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွဋ်အထိပ် နေရာ ရရှိသည်။” ဖြစ်၍ နိုင်ငံသား အားလုံး၏ ရွေးကောက်တင်မြှောက်မှုကို ခံယူရရှိသူသာ ဖြစ်ရပါမည်။ သို့တည်း မဟုတ် ပြည်သူ့ကိုယ်စားလှယ်စစ်စစ် လွှတ်တော်အမတ်များ၏ နိုင်ငံသားအားလုံးကိုယ်စား ရွေးကောက်တင်မြှောက်မှုကို ရရှိသူသာ ဖြစ်ရပါမည်။ တခြားနည်း မရှိပါ။ မြန်မာနိုင်ငံ သမိုင်း၌လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၆ တွင်”နိုင်ငံတော် သမ္မတကို လျှို့ဝှက်သော မဲဆန္ဒပေးစံနစ်ဖြင့်၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်၏ တွဲဖက်ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော် သမ္မတ ရာထူးအတွက် ရွေးကောက်တင်မြှောက်ခြင်းကို၊ ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်။”ဟု အတိအလင်းပြဋ္ဌာန်းထားခဲ့ဖူးသည်။ နိုင်ငံသား အားလုံး၏ အထွဋ်အထိပ်နေရာကို ပုဒ်မ ၅၈ နှင့်ဆန့်ကျင်စွာ ဤဥပဒေ ပုဒ်မ ၆၀ (က)တွင် ”နိုင်ငံတော် သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်။” ဟုဖော်ပြလာပါသည်။
ပုဒ်မ ၆၀ (ခ) တွင်လည်း”သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊
(၂) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း၊ ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊
(၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား ကိုယ်စား လှယ်များ အစုအဖွဲ့၊ -ဟူ၍လည်းကောင်း။
ထို့ပြင် ပုဒ်မ ၆၀ (ဂ) တွင်” ယင်းအစုအဖွဲ့ တဖွဲ့စီက ဒုတိယ သမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်။”ဟု လည်းဖော်ပြထားသေးသည်။
ပုဒ်မ ၆၀ (င) တွင်” ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော် သမ္မတလောင်းများ ဖြစ်သည့် ဒုတိယ သမ္မတ သုံးဦးအနက် မိမိတို့ ကြိုက်နှစ် သက်သည့် ဒုတိယ သမ္မတ တစ်ဦးကို နိုင်ငံတော်သမ္မတ အဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်။”ဟုပါရှိပါသည်။
ဤသည်ကို ဆန်းစစ်လျှင် သုံးဦးအနက် တဦးမှာ တပ်မတော်က ရွေးချယ်သူသာ မုချဖြစ်နေပါသည်။ ကျန်နှစ်ဦးမှာလည်း စစ်တစ်ပိုင်း ကြံ့ဖွံ့ပါတီဝင်များ ဖြစ်မြဲဖြစ်နေသည်ကို လောလောလတ်လတ် တွေ့ကြုံနေရပြီး ဖြစ်ပါသည်။
ပုဒ်မ ၆၀ (ဂ) တွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်-ဟု စာသားပါရှိခြင်းမှာ အဆိုးရွားဆုံးဖြစ်သည်ကို တွေ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ လည်း ဒု သမ္မတများ ဖြစ်နိုင်သည် ဟုပြဋ္ဌာန်းထားချက် ကို၌က မူနှင့် ဆန့်ကျင်ကွဲလွဲနေပါသဖြင့် လုံးဝပယ်ဖျက်ပစ်သင့် ပါသည်။ ဒုသမ္မတ သုံးဦးရွေးချယ်သည့် အစုအဖွဲ့ စုဖွဲ့ပုံကအစ ပုဒ်မ ၅၈ နှင့် လုံးဝဆန့် ကျင်နေပါသဖြင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖျက်သိမ်းသင့်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၆ အတိုင်းသာ ဖြစ်သင့်ပါသည်။ သို့မှသာ နိုင်ငံသား အားလုံး၏ အထဋ်အထိပ် နေရာကို ထိုက်ထိုက်တန်တန် ရရှိနိုင်ပါမည်။ စစ်အာဏာရှင် လက်စွဲ၂၀၀၈အခြေခံဥပဒေ အတိုင်း ဒုတိယ သမ္မတ သုံးဦးတွင် နှစ်ဦးက စစ်တပ်ကချည်းဖြစ်ရမည်ဟု တရားသေ သတ်မှတ်လိုက်ခြင်းမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ပြီး တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျစေရန် ဦးတည်နေပါသည်။ စစ်ဗိုလ်မှ သမ္မတ ဖြစ်ရမည် ဟု ပြဋ္ဌာန်းထားသကဲ့သို့ သတ်မှတ်ချက်သာဖြစ်ပါသည်။
ဥပဒေအတိုင်း လိုက်နာ၏ မလိုက်နာ၏ကို သမ္မတများကိုယ်၌က ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် သုံးသပ်ရန် ဖော်ပြလိုပါသည်။ ပုဒ်မ ၆၈ တွင် ”နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံပေးပို့ရမည်။”ဟု ဖော်ပြထားချက်ကို ယနေ့ထက်ထိ စာရင်းပြုစုပေးပို့ပြီး ဖြစ်သည်ဟု လူသိရှင်ကြား ထုတ်ပြန်ထားချက် မရှိသေးပါ။ ပွင့်လင်းမြင်သာသည့် အစိုးရတရပ်၏ ဂုဏ်သိက္ခာနှင့် လက်တွေ့ညီညွတ်ရန်လိုအပ်ပါသည်။ တိုင်းပြည်စီးပွားရေးကို အခြေခံမူ ပုဒ်မ ၃၆ (ခ) ပါ “စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု  သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက် နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။”ဆိုသည့် မူနှင့် ဆန့်ကျင်နေလျှင် အရေးယူခြင်း ခံရမည်။ သမ္မတများ နှုတ်ထွက်ပေးရပါမည်။ တိုင်းပြည်က အယုံအကြည်မရှိ အဆိုတင်သွင်းခွင့် ရှိပါသည်။
ဥပမာ လက်တွေ့တခုတည်းကိုသာ ထောက်ပြလိုပါသည်။ Crony ခေါ် ဆွေမျိုးသားချင်းကောင်းစားရေးသမား ဗျူရိုကရက်အရင်းရှင်ကြီးများ ပါဝင်သည့် သတင်းတပုဒ်ကို ကြည့်မြင် လျှင် ရှင်းသွားပါလိမ့်မည်။ အောက်တွင်ဖော်ပြအပ်ပါသည်။
နိုင်ငံတော် သမ္မတ၏ ဂျပန်နိုင်ငံ ခရီးစဉ်သို့ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့ကြ
(Weekly Eleven News; No 30,Vo 17,May 2, 2012; page-3)
ဂျပန်နိုင်ငံသို့ ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာသွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် မြန်မာနိုင်ငံမှ စီးပွားလုပ်ငန်းရှင်ကြီး များဖြစ်သော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ IGE ကုမ္ပဏီ မှ ဦးနေအောင်၊ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့် ဒိုင်းမွန်းစတား ကမ္ပဏီမှ ဒေါက်တာ ကိုကိုကြီး တို့လိုက်ပါခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
အထက်ဖော်ပြပါ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် သမ္မတများ မည်သို့ဆက်စပ်နေကြသည်ကို တွေ့မြင်နေရပြီးဖြစ်သည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို သမ္မတများ ကိုယ်၌က မလိုက်နာပါမူ အဘယ်သူလိုက်နာပါအံ့နည်း။
အခြေခံမူများပါပုဒ်မ- ၂၁(က)အရ ” နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့် ရှိသည်။”ဟု ပြဋ္ဌာန်းချက်နှင့် တိုင်းတာရန်လိုအပ်ပါသည်။ ပုဒ်မ ၆၅ တွင် ဖော်ပြထားသော ကတိသစ္စာ ပြုထားသည့်အတိုင်း ဥပဒေများကို လိုက်နာကျင့် သုံး ဆောင်ရွက်ရန်လိုပါသည်။
ဦးမျိုး(ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...