Tuesday, April 16, 2013

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခု  တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် ဖြစ်ပါတယ်။ အစီရင်ခံစာ တင်ပြဖို့ သက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။
သူရဦးအောင်ကို (ဥက္ကဋ္ဌ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ)။        ။ လေးစားအပ်ပါတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်‌သည်တော်များ အားလုံး  ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို သယ်ပိုး ထမ်းရွက်နိုင် ကြပါစေလို့ ဆုမွန်ပြုပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ကော်မတီရဲ့ ကိုယ်စား  တင်သွင်းမှာ ဖြစ်ပါတယ်။
နိဒါန်း
ပြည်သူ့လွှတ်တော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ (က)နှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ၂၇ တို့အရ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ် ၁၅ ဦး ဖြင့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ လုပ်ငန်း တာဝန် များကို အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၁ ဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ကော်မတီသည် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး မကျင်းပ မီကာလအတွင်း ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတို့မှ ပေးပို့လာသော တိုင်ကြားစာ အမှုတွဲများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ ပြုစု တင်ပြရခြင်း ဖြစ်ပါတယ်။
ကော်မတီ၏ တာဝန်များ
ကော်မတီသည်-
(က) တရားစီရင်ရေးနှင့် ဥပဒေရေးရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှုရှိစေရေးအတွက် ကူညီဆောင်ရွက် ပေးရမည်။
(ခ) ဥပဒေနှင့်အညီ တရားစီရင်ရေး တရားရုံးအဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့် များကို ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးရမည်။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားတဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရား မျှတမှု အခွင့်အရေးတို့ကို နိုင်ငံသားတိုင်းရရှိစံစားနိုင်ရေးအတွက် အားပေးကူညီရမည်။
(ဃ)    နိုင်ငံ့ဝန်ထမ်းများရဲ့ အခွင့်အရေးများ မှန်ကန်စွာရရှိရေး အတွက် အဆင့်ဆင့် ကူညီ ဆောင်ရွက် ပေးရမည်။
(င)  သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိတဲ့ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိတဲ့ ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြသွားရမည်။
(စ )တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန် သည့် အမိန့်၊ ညွှန်ကြား ချက်များသည် လက်ရှိ အခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့်၊ ညွှန်ကြားချက် များအား လိုက်နာ ဆောင်ရွက်ရာတွင် စောင့်ကြည့် ထိန်းညှိကူညီ ပေးရမည်။
(ဆ)    သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနား ခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ မှတစ်ဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံရမည်တို့ ဖြစ်ပါတယ်။ ဆောင်ရွက်ချက်များ အနေနဲ့ အစီရင်ခံတဲ့ ကာလအတွင်းမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ကော်မတီကို အဖွဲ့ဝင် ၃ ဦးစီပါဝင်တဲ့ အဖွဲ့ငယ် ၄ ဖွဲ့ ခွဲပြီးတော့မှ တိုင်းဒေသကြီး၊ ပြည်နယ်များကို ခွဲဝေ သတ်မှတ် တာဝန်ပေးခဲ့ပါတယ်။ ကော်မတီမှာ ဥပဒေဆိုင်ရာဘွဲ့၊ ဒီပလိုမာ ရရှိသူများ လည်း ပါဝင်ပါတယ်။ အချိုးကျပါဝင်တဲ့ အဖွဲ့ငယ် ၃ ဖွဲ့ ထပ်ဖွဲ့ပြီး တော့မှ အနယ်နယ်အရပ်ရပ်က ရောက်ရှိလာတဲ့ တိုင်စာအမှုတွဲများကို လေ့လာစိစစ် ဆောင်ရွက်ပေးဖို့အတွက်ကို အချိန်ပြည့် ရုံးထိုင်ပြီးမှ ဆောင်ရွက်လျက်ရှိပါတယ်။ ကော်မတီအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပထမအကြိမ် တရားစီရင် ရေးနှင့် ဥပဒေရေးရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ လွှတ်တော်ဝန်း မှာရှိတဲ့ ကော်မတီရုံးခန်းမှာ ကျင်းပတဲ့အခါမှာ အဲဒီအစည်းအဝေးကို ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားသူကြီးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် အခြားသော ရေးရာ ကော်မတီများမှ လေ့လာသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ကော်မတီ သို့ တိုင်ကြားပေးပို့လာသော အမှုတွဲများအနက်ကနေပြီးမှ အချက်အလက်၊ အထောက် အထား ခိုင်လုံတဲ့ အမှုတွဲများကို တရားလွှတ်တော်ချုပ်မှ ပြန်လည်စိစစ် အရေးယူ ဆောင်ရွက် နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အလားတူပဲ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ  ပြုလုပ်ခဲ့တဲ့အခါမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးမင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ကော်မတီသို့ ရောက်ရှိခဲ့တဲ့ တိုင်ကြားစာအမှုတွဲဟောင်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖြစ်သောကြောင့် မြန်ဆန်လွယ်ကူစေဖို့အတွက် ကော်မတီအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တရား လွှတ်တော်များသို့ တိုက်ရိုက်ပေးပို့ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီပေးပို့တဲ့ အမှုတွဲများ အတွက် ပြည်ထောင်စုတရား  လွှတ်တော်ချုပ်သို့လည်းပဲ မိတ္တူပေးပို့ရန်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ လည်း သတ်မှတ် စိစစ်သွားမည် ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြ ပါတယ်။ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အနေနဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှာ ဒေသအသီးသီးက ရောက်ရှိလာတဲ့ တိုင်စာ အမှုတွဲပေါင်း ၁၃၀၈ စောင်နှင့် လွှဲပြောင်း ပေးဖို့အတွက်ကို ခုနက အထောက်အထား၊ အချက်အလက် ခိုင်လုံတဲ့ အမှုတွဲ ၄၃၂ တွဲ ကို သက်ဆိုင်ရာ တရားလွှတ်တော် အသီးသီးနှင့်ဌာနအသီးသီးသို့ စနစ်တကျ လွှဲပြောင်း ပေးပို့ခဲ့ပါတယ်။ ပြည်နယ်၊ တိုင်းတရားလွှတ်တော် အသီးသီးက ပြန်ကြားစာပေါင်း ယနေ့ အထိ ၁၁၅ စောင် လက်ခံရရှိပြီး ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အမှုတွဲများကိုလည်းပဲ အချိန် ကာလနှင့် ပြန်ကြားပေးဖို့ကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များခင်ဗျား။ ပုထုစဉ်တို့ရဲ့ သဘာဝကြီးက အမှုခင်းဖြစ်ပွား တရားရုံး ရောက်တဲ့အချိန်မှာ မှန်သည်မှားသည်အပထား အနိုင်ရလို့ ရသည်မှာ သဘာဝဖြစ်ပါတယ်။ ဘောလုံးပွဲတစ်ပွဲရဲ့ အမှုမှာလည်းပဲ တူညီပါတယ်။ ဘောလုံးပွဲကစားပြီးတဲ့အချိန်မှာ ရှုံးနိမ့်သော အသင်းအများစုက ပြောကြား လေ့ရှိတဲ့ စကားတစ်ခုကတော့ ဒိုင်လူကြီးများ ဘက်လိုက်သောကြောင့်။ ဒီသဘောအတိုင်းပါပဲ ကော်မတီကို ရောက်ရှိလာတဲ့ တိုင်စာအမှုတွဲများမှာ ပါဝင်သလို တရားစီရင်ရေး နယ်ပယ်မှာ ရှိတဲ့ပုဂ္ဂိုလ်များ အဂတိလိုက် စားလို့၊ လာဘ်စားလို့ ပြောဆိုပြီးသားအမှုတွေကို ကော်မတီ အနေနဲ့ သေချာစိစစ်ပါတယ်။ အချက်အလက်၊ အထောက်အထား ပြည့်စုံမှန်ကန်နိုင်ဖွယ်ရှိသော အမှုတွဲများကိုသာ ဆက်လက်လွှဲပြောင်းပေးပို့ပါတယ်။ မှန်ကန်နိုင်ဖွယ်မရှိသော အထောက်အထား မပြည့်စုံသော အမှုတွဲများကိုတော့ မှတ်တမ်းအဖြစ်နဲ့ပဲ လက်ခံထား ရှိပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့အထိ ဆိုရင် တိုင်စာအမှုတွဲပေါင်း ၁၆၀၀ ခန့် ရောက်ရှိနေပါပြီ။ နောက်ထပ်လည်း အမှုတွဲ တွေက ဆက်လက်ရောက်ရှိနေအုံးမှာပါ။ ယခုအပတ်တွင်း ဖွဲ့စည်းဖွင့်လှစ်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့လည်း တိုင်စာများရောက်ရှိနေပါပြီ။ သို့သော် တရား လွှတ်တော်အသီးသီးကနေပြီးတော့မှ ပြန်ကြားလာတဲ့ အမှုတွဲ ၁၀၀ ကျော်ကို စိစစ်ကြည့်တဲ့အခါမှာ အများစုသည် ဝတ္တရားကျေ၊ တာဝန်ကျေ စိစစ်ပြန်ကြားမျိုးများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဆက်လက်၍ ကော်မတီရဲ့အခြားဆောင်ရွက်ချက်ကို ဆက်လက်တင်ပြပါမယ်။ ဤကော်မတီ အနေဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ပြစ်မှုဆိုင်ရာ ကျင့်‌ထုံးဥပဒေကို ပြင်ဆင်ရန် အဆို၊ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်ရန်အဆို၊ The Armytration and Protocal  Convection ဥပဒေနှင့် Armytration Act တို့ကို ပြင်ဆင်ရန်အဆိုကို ပစ္စည်းလွှဲပြောင်းခြင်း ပြင်ဆင် ရန်အဆို ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို ဖျက်သိမ်း၍ ဥပဒေသစ် ပြဋ္ဌာန်းသင့်ကြောင်းအဆိုနှင့် တရား စီရင်ရေး မဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်မှုအတွက် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးရေးအဆိုများကို တင်သွင်းခဲ့တဲ့ အခါမှာ ပြည်သူ့လွှတ်တော်မှ တစ်ခဲနက် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီအဆိုတွေကို ဥပဒေကြမ်းအဖြစ်နဲ့ ဆက်လက်ထွက်ပေါ်လာဖို့အတွက်ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာလည်းပဲ စာချွန်တော်အမိန့်၊ လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးရန်လည်း တင်သွင်းထားရှိကြောင်း တင်ပြလိုပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့ကွန်ကရစ်မှ ပြည်ထဲရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် နံနက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကို တွေဆုံ ဂါရဝပြုပြီးတော့မှ တရား ဥပဒေစိုးမိုးရေး ကိစ္စများကို အမြင်ချင်း ဖလှယ်ခဲ့ပါတယ်။ အဲဒီနောက် ရေးရာကော်မတီ အစည်းအဝေး ခန်းမမှာ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ ပြည်သူ့ကွန်ကရစ် ပြည်ထဲရေးနှင့် တရားစီရင် ရေး ကော်မတီရဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းပဲ အသေးစိတ် ရှင်းလင်းခဲ့လို့မို့လို့ လေ့လာ မှတ်သားခဲ့ရပါတယ်။ အလားတူပဲ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ကရစ်၊ ပြည်ထဲရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ ဖိတ်ကြားချက်အရ ကော်မတီ ဥက္ကဋ္ဌဦးဆောင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ် ၇ ပါဝင်တဲ့ အဖွဲ့ဟာ ၂၀၁၁ ခုနှစ်၊ မေလ ၂၉ ရက်မှ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပီကျင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ဘူမိမြို့သို့ သွားရောက်ပြီးတော့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ တရား စီရင်ရေးလုပ်ငန်းများကို မြေပြင်သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။
သတင်းမီဒီယာများနှင့် တွေ့ဆုံခြင်း
ကော်မတီအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကော်မတီနှင့် သတင်းမီဒီယာ အဖွဲ့များ ကော်မတီရုံးခန်းမှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ပြုလုပ်တဲ့ အခါမှာ ကော်မတီ၏လုပ်ငန်းများကို အဓိက ရှင်းလင်းပြောကြား ခဲ့ပြီးတော့မှ အကြောင်းအရာများ သည် အများပြည်သူ့ စိတ်ဝင်စားကြ ပြီးတော့မှ အဓိပ္ပာယ်ကျယ်ပြန့်သော သဘော သဘာဝရှိ သောကြောင့် နားလည်မှု၊ ကွဲပြားမှုမရှိစေဖို့ အတွက်ကို ရှင်းလင်းပြောကြားမယ့် အချက်များကို ကြိုတင်ရေး သားထားတဲ့အတိုင်း ဖတ်ကြားရှင်းလင်းပြီးမှ မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါတယ်။ သတင်းမီဒီယာ အဖွဲ့များက မေးခွန်းများပြန်လည် မေးမြန်းကြရာမှာ လက်ရှိ တရားစီရင်ရေး နယ်ပယ်တွင် အဂတိလိုက် စားမှုများ လွန်စွာများပြား နေကြောင်း တရားစီရင်ရေး မဏ္ဍိုင်သည် တိမ်းစောင်းယိမ်းယိုင်နေကြောင်း ပြည်သူအများစုသည် ဥပဒေ အကာအကွယ် မရဟု ထင်မြင် ခံစားနေကြကြောင်း အဲဒီ အခြေအနေတွေ ကို ကော်မတီအနေနဲ့ မည်ကဲ့သို့ ကာကွယ် ကုစားနိုင်မည်ကို သိရှိလိုကြောင်း အဓိကထား မေးမြန်းခဲ့ကြ ပါတယ်။ မေးမြန်းချက်များမှာ ကော်မတီက ဖြေကြားတဲ့အခါမှာ အုပ်ချုပ်ရေးက လွှမ်းမိုးတဲ့ တရားစီရင် ရေးစနစ် အနာဂတ်ကာလမှာ ရှိတော့မည် မဟုတ်ကြောင်း တရားဥပဒေများအရ တရားစီရင်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးက အဂတိလိုက်စားနေပါ က ထိရောက်စွာ အရေးယူနိုင်မယ့်ဥပဒေများ ရေးဆွဲ ပြီးတော့မှ လွှတ်တော်ကို တင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။ မီဒီယာများ အနေနဲ့ ဤကော်မတီနှင့် တစ်လ တစ်ကြိမ် အလားတူရှင်းလင်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့ကြသော်လည်း အခြေအနေ မပေးခဲ့ပါ။
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ မဲဆန္ဒရှင်များရဲ့ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ သားအခွင့်အရေး ဆိုင်ရာများ အပါအဝင် အထွေထွေသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်များကို ပြည်သူ့လွှတ်တော်သို့ တက်ကြွစွာ တင်ပြဆွေးနွေးလျက် ရှိကြပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ ဆောင်ရွက်ချက်များဟာ ဒီမိုကရေစီ ကျင့်စဉ်ကို ဖော်ဆောင်ရာမှာ အသွင်သဏ္ဍန်ရော၊ အနှစ်သာရပါ လေးနက် တည်ငြိမ်လာနေပါတယ်။ ဒါကိုလည်းပဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက အသိအမှတ်ပြု မှတ်တမ်း တင်ခြင်းများလည်း ရရှိနေပါတယ်။ ဆက်လက် ပြီးတော့မှ သုံးသပ်ချက်နှင့် နိဂုံးတင်ပြပါမယ်။
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များခင်ဗျား။ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအဖွဲ့နှင့် လက်အောက်ဌာန အသီးသီးမှာရှိတဲ့ အမှုထမ်း၊ အရာထမ်းကြီးငယ်များ ပြည်သူတို့နှင့်ဆက်ဆံတဲ့ နေရာမှာ တရားဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဥပဒေက ၎င်းတို့အား ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့် အာဏာ အကန့်အသတ်ထက် ကျော်လွန်သုံးစွဲမှုမပြုအောင် ထိန်းကျောင်းရတဲ့အလုပ်ကို တရားစီရင် ရေးမဏ္ဍိုင်ဟုခေါ်တဲ့ တရားရုံးများ၊ တရားသူကြီးများက ဆောင်ရွက်ကြရပါတယ်။ ပြည်သူတစ်ဦး တစ်ယောက်အနေနဲ့ မိမိရဲ့အခြေခံရပိုင်ခွင့် ချိုးဖောက် ခံရသည်ရှိသော် သို့မဟုတ် သုံးစွဲခြင်းမပြုနိုင် အောင် တားဆီးခြင်းခံရသည်ရှိသော် မိမိနစ်နာမှု အတွက် တိုင်ကြားတောင်းဆိုခွင့်ရှိပါတယ်။ တိုင်ကြား ချက်များအပေါ်မှာ ချိုးဖောက်တားဆီးတဲ့ အာဏာပိုင်များကို  တရားရုံးများက ဥပဒေနှင့်အညီ စစ်ဆေး အရေးယူမှုပြုရမှာ ဖြစ်ပါသည်။ ဒါဟာ တရား ရုံးများရဲ့ တာဝန်ဖြစ်ပါတယ်။   အလားတူပဲ နိုင်ငံသား တိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာ အေးချမ်း သာယာရေး စသည်တို့အလို့ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများနှင့် မဆန့်ကျင်လို့ရှိရင် မိမိရဲ့ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့်စသည်များရှိစေရမည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်သောသူသည် သတ်မှတ်ထားသည့်ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်ညီညွတ်ပါလျက် အဆိုပါ ရပိုင်ခွင့်များကို သုံးစွဲသည့်အခါ ပိတ်ပင်ခြင်း၊ ဟန့်တား ခြင်း၊ အရေးယူခြင်းခံရသည်ဆိုလျှင် အခြေခံရပိုင်ခွင့်များ ဆုံးရှုံးတဲ့ ၎င်းပုဂ္ဂိုလ်အတွက် တရားရုံးက ကာကွယ်စောင့်ရှောက်မှု ဥပဒေနှင့်အညီဖြစ်အောင် ဆောင်ရွက်မှုများ ပြုလုပ်ပေးရပါတယ်။
ပြည်သူ့ကိုယ်စားလှယ်များခင်ဗျား။ ဒီမိုကရေစီနိုင်ငံများမှာ တရားသူကြီးများ ဥပဒေမျက်နှာကို သာကြည့်ကာ ဖြောင့်မတ်မှန်ကန်စွာနှင့် လွတ်လပ်စွာ စီရင်ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့ရဲ့ ရာထူးသက်တမ်းနှင့် လုပ်ပိုင်ခွင့်အာဏာတို့ကို အခြေခံဥပဒေက အတိအကျပြဋ္ဌာန်းပေးထားကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် အသီးသီးမှာ  ဦးဆောင်နေကြတဲ့ အဆင့်မြင့် ရာထူးကြီးများကို ပြည်ထောင်စုသမ္မတက အမည်စာရင်းအဆိုပြု တင်ပြပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခန့်အပ်ခြင်းမျိုး ပြုပေးရပါတယ်။ သို့သော် တရားသူကြီးများ၏ အဂတိလိုက်စားခြင်းအပါအဝင် ဖြောင့်မတ် မှန်ကန်မှုမရှိတဲ့ စီရင်မှု၊ လုပ်ဆောင်မှု များအပေါ် အရေးယူဆောင်ရွက်ရန် လိုအပ်သော အခြေခံဥပဒေမှာ တိကျစွာဖော်ပြထားတဲ့ အချက် အချို့မှအပ အခြားမည့်သည်အကြောင်းနှင့်မျှ အရေးယူ ဆောင်ရွက်လို မရနိုင်ကြောင်း လေ့လာစိစစ် တွေ့ရှိရပါတယ်။ တနည်းအားဖြင့် တရားသူကြီးများကို အကာအကွယ် ပေးနေမှုများ လွန်စွာများပြား နေသောကြောင့် အရေးယူရန် အခွင့်အလမ်း မရှိသလောက် ဖြစ်ကြောင်းလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များ ခင်ဗျား။ သာမန်အားဖြင့် ဝေဖန်သုံးသပ်လို့ရှိရင် ဒီမိုကရေစီ နိုင်ငံများမှာ ခက်မသုံးဖြာ အချုပ်အခြာအာဏာ သုံးရပ်ရှိပါတယ်။ ပထမ အာဏာဖြစ်တဲ့ ဥပဒေပြုရေးတာဝန်ကို ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားတဲ့ လွှတ်တော်များက ဆောင်ရွက် ကြရပါတယ်။ ဒုတိယဖြစ်တဲ့ အုပ်ချုပ်ရေး အာဏာကိုလည်းပဲ ပြည်သူ့ကိုယ်စားလှယ်အများစုကြီး ပါဝင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က ရယူစီမံ ဆောင်ရွက် ကြပါတယ်။ သို့သော် တတိယဖြစ်တဲ့ တရားစီရင်ရေးအာဏာကို စွဲကိုင် ဆောင်ရွက်နေ ကြသည့် တရားလွှတ်တော်များမှ အဆင့်မြင့်တရား သူကြီးများသည် ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြောင်း ထူးခြားစွာတွေ့ရှိရပါတယ်။ ယနေ့ မြန်မာနိုင်ငံကို တရားဥပဒေစိုးမိုးမှု အနိမ့်‌ကျဆုံး နိုင်ငံများ စာရင်းမှာ ကမ္ဘာက ထည့်သွင်းထားပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အဂတိတရားများ ဖုံးလွှမ်း နေဆဲဖြစ်ကြောင်း ပြည်တွင်းပြည်ပလည်းပဲ ကျယ်လောင်စွာ ဝေဖန်အော်ဟစ်နေကြပါတယ်။ ယိမ်းယိုင် တိမ်းစောင်းနေတဲ့  တရားစီရင်ရေးမဏ္ဍိုင် ကို လွှတ်တော်ျသက်တမ်းတစ်ခု သို့မဟုတ် နှစ်ခု သတ်မှတ် ကာလတစ်ခု အတွင်းမှာ ဖြောင့်မတ်ကြံ့ ခိုင်လာ ဖို့ဆိုလို့ရှိရင်တော့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများထဲက လက်တွေ့ကျမယ့် နည်းလမ်း သုံးခုကို ကျွန်တော် အကြံပြုတင်ပြလိုပါတယ်။ ပထမနည်းလမ်း တရားလွှတ်တော် အဆင့်ဆင့်မှာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့ရှိပါတယ်။ အဲဒီလိုရှိတဲ့ အထဲမှာ မြို့နယ်အဆင့်တရားသူကြီး၊ တရားရေးအရာရှိ တာဝန်ထမ်းဆောင်ပြီးမှ သတ်မှတ်တဲ့ နှစ်ကာလအပြည့်‌မှ ခရိုင်အဆင့် ထမ်းဆောင်ရပါတယ်။ ခရိုင်အဆင့်မှာ သတ်မှတ်တဲ့ နှစ်ကာလပြည့်မှ ပြည်နယ်၊ တိုင်းအဆင့်ကို ဆက်လက်ထမ်းဆောင်ရပါတယ်။ ၎င်းအဆင့်မှာသတ်မှတ်တဲ့ နှစ်ကာလပြည့် မှ ပြည်ထောင်စု အဆင့်သို့ ဆက်လက် ထမ်းဆောင် နိုင်ခွင့်ရှိကြောင်း ကိုလည်းပဲ လေ့လာတွေ့ရှိရ ပါတယ်။ တစ်နည်းအားဖြင့် တရားစီရင်ရေးနယ်ပယ်ရဲ့ ဝင်ပေါက်ပိုက်လိုင်းအတွင်း ရောက်ရှိမှ ဆက်လက် တက်ရောက် နိုင်ခြင်းမျိုး ဖြစ်ပြီးတော့မှ အပြင်ပုဂ္ဂိုလ်များ ဝင်ခွင့်လုံးဝမရှိသည့် အနေ အထားမျိုး ဖြစ်တာကို တွေ့ရပါတယ်။  အမှန်မှာ တရားသူကြီး၊ တရားရေးအရာရှိ လုပ်သက်က အဓိက မဟုတ်ပါ။ ဖြောင့်မတ်မှန်ကန်မှု၊ လူထုအပေါ် မေတ္တာထား ရန်သည်သာ ပဓာနဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ တရား လွှတ်တော် အဆင့်များမှာ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ ပြင်ပဥပဒေပညာရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းတဲ့ နည်းလမ်းက ပထမနည်းလမ်း ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းအနေနဲ့ ဆက်လက်ပါမယ်။
ပြည်သူ့ ကိုယ်စားလှယ်များ ခင်ဗျား။ ဆိုရိုးစကားတစ်ခုရှိပါတယ်။ အမျိုးစစ်မှ အမျိုးချစ်တတ်သည်တဲ့။  ပြည်သူ့ကိုယ်စားလှယ်များဟာ ပြည်သူ့ အကျိုးစီးပွားဘက် ကနေပြီးတော့မှ  ရပ်တည်ကာကွယ်ပေးရပါတယ်။ ပြည်သူမျက်နှာကို ကြည့်နေရပါတယ်။ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒကို နားဆင် ဖြည့်ဆည်းပေးရပါတယ်။ ဘာကြောင့်ဆိုတော့ ပြည်သူ ကိုယ်စားလှယ်များ ဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးချစ် တတ်စေရန်၊ ပြည်သူ့ အကျိုးစီးပွားဘက်က ရပ်တည်တတ်စေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု တရားလွှတ်တော် အဆင့်တို့ကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပြင်ဆင်ဖွဲ့စည်းပေးသင့်ပါတယ်။ ဒုတိယ အကြံပြုချက် ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့မှ တတိယအကြံပြု တင်ပြချက်ကို တင်ပြပါမယ်။  ကိုယ်စားလှယ်တော်ကြီးများ သိရှိတဲ့ အတိုင်းပဲ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာ          အရှေ့အုပ်စုနှင့် အနောက်အုပ်စုမှာ အင်အားကြီး အုပ်စု တစ်စု ရှိခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကြီး တိုက်ခိုက်ခဲပါတယ်။ အဲဒီစစ်အေးတိုက်ပွဲကြီးရဲ့ နိဂုံးပိုင်းကာလ ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ အရှေ့နှင့်အနောက်နှစ်ပိုင်းခွဲခြားထားတဲ့ ဘာလင် တံတိုင်းကြီးကို ဖြိုချပြီးတော့မှ  ဂျာမနီနှစ်နိုင်ငံ တစ်ခုတည်းသော နိုင်ငံအဖြစ်နဲ့ပေါင်းစည်းခဲ့ပါတယ်။ အဲဒီအခါမှာ ပေါင်းစည်းထားတဲ့ ဂျာမနီနိုင်ငံအတွင်းမှာ ခိုးမှု၊ ဆိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု အမှုမျိုးစုံဟာ ဒရကြမ်း ဖြစ်ပွားပြီးတော့မှ တရားဥပဒေစိုးမိုးမှု အားနည်းနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီအခါမှာ ဂျာမနီအစိုးရကနေပြီးတော့မှ ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူခဲ့ပါတယ်။ ပြည်သူ့ဆန္ဒ အရ အရှေ့ဂျာမနီကွန်မြူနစ်စနစ်အောက်မှာ၊ တစ်ပါတီစနစ်အောက်မှာ လေ့ကျင့်ဖွဲ့စည်းထားခဲ့ကြတဲ့  တရားသူကြီးများ၊ တရားရေးနယ်ပယ်က ဝန်ထမ်းများကို ပိုလျှံလုံလောက်သော ထောက်ပံ့ကြေးများနှင့် အငြိမ်းစားလစာပေးပြီးတော့မှ တာဝန်က ရပ်နားစေခဲ့ပါတယ်။ ဒီမိုကရေစီစနစ် ကျင့်စဉ်နှင့်အညီ ဖွဲ့စည်းထားတဲ့ တရားသူကြီးများဖြင့် ဂျာမနီတစ်နိုင်ငံလုံးကို ပြန်လည်ပြုပြင်ပြီးမှ ဖွဲ့စည်းပေးတဲ့အခါမှာ တရားစီရင်ရေးစနစ်က တစ်လပြီးတစ်လ သိသာထင်ရှားစွာ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒီကနေ့ ဂျာမနီနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားဥပဒေစိုးမိုးမှု အကောင်းဆုံး နိုင်ငံများအနက် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များ ခင်ဗျား။ ခက်မသုံးဖြာနိုင်ငံတော်အာဏာရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံသား တိုင်းရင်းသား ပြည်သူများသာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ သန်း ၆၀ မျှသော ပြည်သူများအနေနဲ့ ဒီလွှတ်တော် ခန်းမကြီးထဲလာပြီးမှ ထိုင်ပြီးတော့မှ အဲဒီခက်မသုံးဖြာရဲ့ ရေးရာကိစ္စတွေကို စီမံခန့်ခွဲဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလို မဖြစ်နိုင်လို့မို့လို့ သူတို့ကိုယ်စား အာဏာကုန် လွှဲအပ်ပေးလိုက်တဲ့ တစ်နည်းအားဖြင့်  ပြည်သူက ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များကို တာဝန်ပေးပြီးတော့မှ လွှတ်တော် နှစ်ရပ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ကြီးကို ဖွဲ့စည်း ပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူ တစ်ရပ်လုံးရဲ့ကိုယ်စား  အာဏာ သုံးရပ်ကို စွဲကိုင်ပြီး တော့မှ ပြည်သူ့အကျိုးကို ပြန်လည် သယ်ပိုးခြင်းဟာ ကျွန်းနှင့်ကိုင်း၊ ရေနှင့်ငါးပမာ အပြန်အလှန် အကျိုး ပြုနေပါတယ်။ ထို့အတူ ပြည်သူလူထုက ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများကိုလည်းပဲ ရွေးချယ်တင်မြှောက် တာဝန်ပေးခဲ့တာရှိပါတယ်။ အဲဒီလို တာဝန်ပေးခဲ့သလိုပဲ တာဝန်မကျေတဲ့ ဂုဏ်အင်္ဂါအရည်အချင်းပျက်ယွင်းတဲ့ ခုနကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများကိုလည်းပဲ တာဝန်ကနေ လွယ်ကူစွာ ရုပ်သိမ်းနှုတ်ပိုင်ခွင့် ပြည်သူထံမှာ ရှိသင့်ပါတယ်။ ကိုယ်စားလှယ်များခင်ဗျား။ အခြေခံဥပဒေဆိုတာ အချိန်ကာလတစ်ခုအတွင်း မှန်ကန်နိုင်တဲ့ သမုတိသစ္စာတရား ဖြစ်ပါတယ်။ ထာဝရ မှန်ကန်နေမယ့် ပရမတ္ထသစ္စာတရား မဟုတ်ပါဘူး။ နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် အထောက်အကူ မပြုတော့သော၊ အကျိုးမပြုတော့သော ဥပဒေပုဒ်မများ၊ ဒီမိုကရေစီကျင့်စဉ်နှင့် အံဝင် ဆီလျော်မှု မရှိသော ဥပဒေပုဒ်မများကို ကိုယ်စားလှယ်များက ပြုပြင် ရေးဆွဲပြီးတော့မှ တရားစီရင်ရေးမဏ္ဍိုင် ကြံ့ခိုင်လာအောင် ဆောင်ရွက်ပေးသင့် ပါကြောင်း တင်ပြ ရင်းနိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...