Tuesday, April 16, 2013

ဥပဒေ က ဥပဒေ ပါပဲလေ


ကိုယ့်အဖေအကြောင်းရေးရမှာဆို တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဆို သလိုပေါ့။ ဒါပေမဲ့ အဖေကလည်း ဆုံးသွား  ရှာပြီဖြစ်တဲ့အတွက် ပြဿနာတော့မဖြစ် နိုင်တော့ဘူးဆိုတာကတစ်ချက်၊ နောက် တစ်ချက်က ကျွန်တော်တွေ့ကြုံခဲ့ရတာနဲ့ အဖေလုပ်ခဲ့တာနဲ့ တူညီခဲ့တာက တစ်ကြောင်း၊ အကြောင်းကြောင်းတွေ ကြောင့် ရေးဖြစ်တယ်ပဲဆိုကြပါစို့ဗျာ။

ဖြစ်ပျက်ခဲ့တဲ့ကာလက (၁၉၆၈) ခုနှစ်လောက်ကပေါ့ ကျွန်တော် (၁၂)နှစ် (၁၃)နှစ်အရွယ်မှတ်နိုင်သားနိုင်တဲ့ အရွယ်  မှာဖြစ်ခဲ့တာဖြစ်လို့ မှတ်သားမိနေတာပါ။ ကျွန်တော်တို့မြို့ကတောမြို့လေးပါ။ ကျွန်တော့်အဖေက အဲဒီတောမြို့လေးရဲ့ ရပ်ကွက်တစ်ခုက ရပ်ကွက်လူကြီး၊ ရပ်ကွက်  လူကြီးဆိုတာက ရာအိမ်မှူးလား၊ ဆယ် အိမ်မှူးလားဆိုတာကိုတော့ ကျွန်တော် ခွဲခွဲခြားခြားမသိခဲ့ပါဘူး။ ဒါပေမဲ့ မင်္ဂလာ ဆောင်တွေမှာ မင်္ဂလာစကားပြောပေးရ တာ၊ လင်မယားရန်ဖြစ်ရင် ဆုံးမပေးရ တာ၊ စေ့စပ်ပေးလို့မှမရရင်လည်း တရား ရုံးပို့ပေးရတာ၊ လယ်မြေအရောင်းအ၀ယ် ကိစ္စတွေမှာ သက်သေလိုက်ပေးရတာ၊ ရပ်ကွက်ထဲကို ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အရက် ပုန်းအိမ်တွေကို ရဲတွေကဖမ်းချင်ရင်အဖေ ကရပ်ကွက်လူကြီးအနေနဲ့ သက်သေလိုက်  ပေးရတာဆိုတော့ တောမြို့လေးမှာတော့ ဦးမြအောင်ကြီး၊ ဦးမြအောင်ကြီးဆိုပြီး လူတွေက တော်တော်လေးစားကြတာ။ ရဲတွေကရောဆိုပါတော့။

ခုရေးမယ့်ဆေးခြောက်ထုပ်ကြီးက  ဆေးခြောက်တွေကို ပုဆိုးနဲ့ထုပ်ထားတာ ပါ။ ပုဆိုးကြမ်းကိုဖြန့် အဲဒီဆေးခြောက် တွေကိုထည့်ပြီး ပုဆိုးရဲ့ထောင့်လေးထောင့် ကနေ မျက်နှာချင်းဆိုင်ဆွဲပြီး စုချည်လိုက်  တာပါပဲ။ နောက်ပုဆိုးအဟောင်းတစ်ထည်  ပေါ်ကိုမှောက်တင်ပြီး ခုနကလိုပြန်ထုပ် လိုက်တဲ့ ဆေးခြောက်ထုပ်ကြီးပါ။ အဲဒီ ဆေးခြောက်ထုပ်ကြီးက ကျွန်တော်တို့ အိမ်ရဲ့တစ်ခန်းတည်းသော အိပ်ခန်းရဲ့ ထောင့်တစ်ထောင့်မှာ ကာလကြာရှည် စွာနေခဲ့ဘူးလေရဲ့။
ဖြစ်စဉ်က ဒီလိုပါ။

ကျွန်တော်တို့အိမ်ရဲ့အနောက်ဘက် လှည်းလမ်းခြားပြီး အိမ်နောက်ဖေးဘက် မှာအိတ်တစ်အိမ်ရှိပါတယ်။ အိမ်ဆိုပေမယ့် တဲကုတ်ကလေးပါ။ ကိုပုနဲ့ မသန်းရီတို့ လင်မယားနှစ်ယောက်နေပါတယ်။ သူတို့ လင်မယားကတော်တော်ဆင်းရဲတော့ ကျပန်းအလုပ်တွေအပြင် ဆေးခြောက် လည်းရောင်းပါတယ်။ ဆေးခြောက်ဆို တာက ကျွန်တော်တို့ရဲ့ စစ်တောင်းမြစ်ဝှမ်း ဒေသမှာ တော်တော်လေးပေါများပါ တယ်။ ကျွန်တော်တို့မြို့နဲ့ပတ်ဝန်းကျင်ရွာ တွေမှာ အလုပ်ကြမ်းလုပ်တဲ့ ဂေါ်ရညီ ကုလား၊ ၀ရီယာကုလားတွေရှိတာကြောင့်  လည်း သုံးစွဲသူများပါတယ်။ အဲဒီကိုပုတို့ မသန်းရီတို့လင်မယားက ဆေးခြောက် ရောင်းတော့ ရဲကရိပ်မိပါတယ်။ သတင်း အရလည်းမကြာခဏ၀င်ဖမ်းပါတယ်။ အဲဒီလိုရဲကဖမ်းမယ်ဆိုတော့ ရပ်ရွာလူကြီး အဖြစ်အဖေ့ကိုသက်သေအဖြစ်ခေါ်ရတာ ပါပဲ။ ဒါပေမဲ့ တစ်ခါမှတော့မမိပါဘူး။ ဘယ်မိပါ့မလဲ ဆေးခြောက်ထုပ်ကြီးက ဖမ်းတဲ့အထဲမှာပါတဲ့ အဖေ့ရဲ့အိမ်အိပ်ခန်း ထဲမှာရောက်ရောက်နေတာကိုး။

အဲဒီလို ကိုပုတို့အိမ်ကိုဝင်ရောက်ရှာ ဖွေပြီးရင် ရဲတွေက ကျွန်တော်တို့အိမ်မှာ ခဏတဖြုတ်နား၊ ရေနွေးကြမ်းလေးဘာ လေးသောက်၊ စကားစမြည်ပြော၊ ကျွန်တော့်စိတ်ကလန့်နေမိတာက သူတို့ စကားပြောနေတဲ့ အိမ်ဦးခန်းနဲ့ ဆေးခြောက် ထုပ်ထားတဲ့နေရာ အလွန်ဆုံးဝေးရင် (၁၅ ပေ)ပဲ။ ဆေးခြောက်အနံ့များရသွားပြီး ၀င်ရှာရင်တော့ မတွေးဝံ့စရာပါပဲ။
ဒါပေမဲ့လည်း ဖမ်းတဲ့ရဲတွေထဲမှာ အဖေ့ညီဝမ်းကွဲရဲ တပ်ကြပ်တစ်ယောက် ပါလေရဲ့။ သူက ရဲတပ်ကြပ်လှမောင်၊ ခုမှ ကျွန်တော်ပြန်စဉ်းစားမိတာက ဖမ်းတဲ့ အိမ်ကို ညီဆီကသတင်းရလို့ အဖေက ကြိုပြောထားတာလား။ ပြီးတော့မှရဲက၀င်  ဖမ်းချင်ယောင်ဆောင်တာလား။ ယခုခေတ်  စကားနဲ့ဆို လိုင်းဝင်ထားပြီးသားလားဆို တာစဉ်းစားစရာပါ။ အဖေကတော့ မျက်နှာ  တစ်ချက်မပျက်ပါဘူး။ အမေကလည်း ရဲတွေလာတိုင်း၊ ရေနွေးကြမ်း၊ ဆေးပေါ့ လိပ်၊ မြေပဲဆံကြော်၊ လဘက်၊ ကွမ်း ဧည့်ခံမြဲပါပဲ။ ဒါနဲ့ပဲ စပ်စုတတ်တဲ့ကျွန်တော်  က (ကြီးလာရင်စာရေးဆရာဖြစ်ချင်လို့နဲ့ တူပါရဲ့) ““အမေ အဲဒါကဘာအထုတ်ကြီး လဲ။ ဘာဖြစ်လို့လာလာထားတာလည်း ကိုယ့်ပစ္စည်းလည်းမဟုတ်ဘဲနဲ့””ဆိုပြီးမေး တော့ အမေပြောတာက ““ကလေးက ကလေးလိုနေ အဲဒါနင့်အရာမဟုတ်ဘူး”” တဲ့ ဆက်ပြီးတော့ ဘယ်သူ့မှလည်းလျှောက်  မပြောနဲ့ အားလုံးဒုက္ခရောက်ကုန်မယ်””တဲ့ ခုဟာက ဘယ်သူ့မှပြောတာတော့ မဟုတ်   ပါဘူး။ အားလုံးလည်း ဒုက္ခရောက်မှာ မဟုတ်တော့လို့ တိုင်းပြည်ကိုတင်ပြရတာ ပါ။

ဒီကိစ္စမျိုးက အဖေကလုပ်ခဲ့သလို သားဖြစ်သူကျွန်တော့်လက်ထက်မှာလည်း  ထပ်တူကိုယ်တိုင်ဖြစ်ခဲ့တာပါ။ အဖေ့ဆေး ခြောက်ထုပ်ကြီးနဲ့ဖြစ်စဉ်က အတူတူလိုပါ  ပဲ။
ပထမဆုံးအကြိမ် (၂၀၁၄) ခုနှစ် လောက်က လိုင်စင်မဲ့ W ကားများ၊ စတင်  အပ်နှံရန် နိုင်ငံတော်က သတင်းထုတ်ပြန် ချိန်ကပါပဲ။ ကျွန်တော်ကလည်း အဲဒီအချိန်  က တောကမြို့နယ်တစ်မြို့မှ ၀န်ထမ်းဘ၀ အကောင်ကဆိတ်ပေါက်စလောက် အကောင်၊ လုပ်ကိုင်ခွင့်နည်းနည်းပါးပါး ရှိတဲ့အကောင်ပေါက်စ၊ သူများတွေလို၊ ကျားတို့ဆင်တို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့  တော့ မြို့နယ်ဆိုတော့လည်း တောမြို့ နယ်ပေါ့ဗျာ။ အားလုံးကိုကိုယ်က ““ဟိတ် ထိပ်စီးငြိမ်”” လို့ဆိုရင်လက်အောက်က နည်းနည်းပါးပါးတော့ ငြိမ်ချင်ယောင် ဆောင်ကြတာပေါ့။
ဆိုတော့ကာ နိုင်ငံတော်ကလိုင်စင်မဲ့ ကားတွေအပ်ခိုင်းလို့ တော်တော်များများ တော့အပ်ကြပြီးပါပြီ။ ရေဒီယိုနဲ့ ရုပ်မြင်သံ ကြားကလည်း မကြာခဏကြေညာသကိုး။ အဲဒီလိုအပ်နှံဆဲကာလမှာပဲ ရန်ကုန်က ဖုန်းဝင်လာပါတယ်။ ဆင်လောက်နီးပါး အဆင့်လောက်ရှိတဲ့သူရဲ့ အနီးကပ်တပည့် အရာရှိတစ်ဦးဆီကပါ ““ကားတစ်စီးယခု ညအရောက်ပို့ပေးထားမယ်တဲ့ ဘယ်သူ မှမသိအောင် လုံလုံခြုံခြုံထိန်းသိမ်းထား ပေးပါတဲ့”” ကျွန်တော်ကလည်း ပြန်ပြော လိုက်ပါတယ် ““ဟုတ်ကဲ့ပါခင်ဗျာ””လို့ ဒါနဲ့ ပဲ အဲဒီလိုင်စင်မဲ့ကားကြီးညတွင်းချင်း ကျွန်တော့်ဆီရောက်လာရောဆိုပါတော့။ ကားဈေးတွေတက်နေတဲ့ အဲဒီအချိန်က အဲဒီကားရဲ့ တရားဝင်လိုင်စင်နဲ့ဆို တန်ဖိုး က ကျပ်သန်း ၁၈၀၀၊ ၂၀၀၀ လောက်ရှိ တယ်လို့သိရပါတယ်။ အဲဒီမှာဘဲ W ကား တွေအပ်ဖို့ညွှန်ကြားချက်တွေ၊ ကြေညာ ချက်တွေကလည်း မကြာမကြာကြားနေ ရပါတယ်။ တောမြို့လေးဆိုတော့ ဘယ်က  ဘယ်လိုသတင်းပေါက်သွားလဲ မသိပါဘူး ဗျာ။ ဖမ်းဆီးရေးအဖွဲ့ငွေကမသိမသာရော  သိသိသာသာရော ကျွန်တော့်အိမ်ရှေ့မှာ ရစ်ဝဲရစ်ဝဲနဲ့ပါပဲ။ ကျွန်တော်လည်းကြာ လာတော့ တောင့်ခံမနေနိုင်တော့ဘဲ (ကြောက်တာလည်းပါတာပေါ့ဗျာ)။ အဲဒီ ကားကြီးကို ကိုယ်တိုင်ပဲ တရားဝင်အပ် လိုက်ပါတော့တယ်။ (မှတ်ကရော အဖေ့ လောက်တောင်သတ်္တိမရှိတဲ့သား) ဒီကိစ္စ နှစ်ခုကလည်း လိုင်စင်မဲ့ကားတွေအပ်ခိုင်း မှ အဖေ့ဆေးခြောက်ထုတ်ကြီးကို ပြန်ပြီး သတိရမိတော့တာပါပဲ။

ဒီမှာ အဖေနဲ့သားဖြစ်စဉ်ကို ဥပဒေ အကြောင်းအရ ပြန်စိစစ်ကြည့်တော့ကာ အဖေထားခဲ့တဲ့ဆေးခြောက်က ““မူးယစ် ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဆိုင်ရာဥပဒေနဲ့”” ငြိ နေတာပါ။
သုံးစွဲဖို့လက်ဝယ်ထားရှိလို့ဖမ်းမိရင် ပုဒ်မ ၁၆(၈)ပါ။ အနည်းဆုံးထောင်ဒဏ် (၅)နှစ်ကနေ အများဆုံး (၁၀)နှစ်ကျခံရ မှာပါ။ လက်ဝယ်မတွေ့ပေမယ့် အမှုတွဲ မှာပူးတွဲပါလာရင်တော့ ပုဒ်မက (၁၅)ပါ။ အနည်းဆုံးထောင်ဒဏ် (၃)နှစ်ကနေ အများဆုံး (၅)နှစ်ထိကျခံရမှာပါ။ ပြန် လည်ရောင်းချရန်အလို့ငှာ လက်ဝယ်ထား  ရှိရင်တော့ ပုဒ်မက ၁၉(က)ပါ။ အနည်း ဆုံးထောင်ဒဏ် (၁၀)နှစ်ကနေ အများ ဆုံးနှစ်အကန့်မသတ်မရှိထောင်ဒဏ်ပါ။ အဲဒီမူးယစ်ဆေးဝါးကိုပဲ ထုတ်လုပ်၊ ဖြန့် ဖြူးရောင်းချ၊ ပြည်ပကိုတင်ပို့၊ ပြည်တွင်း ကိုတင်သွင်းလာရင်တော့ ပုဒ်မ(၂၀)ပါ။ အနည်းဆုံးထောင်ဒဏ် (၁၅)နှစ်က အများဆုံးသေဒဏ်ပါ။ အမလေး ကံကြီး ပေလို့သာအဖေရယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖေ့အထုတ်ကြီးက အနည်းဆုံးတော့ (၃)နှစ်နဲ့ (၅)နှစ်က ပြေးမလွတ်ပါပဲ။
ဒီလိုဆို သားကိစ္စကရော၊ သားရဲ့ လိုင်စင်မဲ့ကားများ သားခြံဝင်းအတွင်းမှာ ဖမ်းမိခဲ့ရင် (၁၉၄၇)ခုနှစ် သွင်းကုန်ထုတ် ကုန်ကြီးကြပ်ရေး (ယာယီ) အက်ဥပဒေ ပုဒ်မ ၅(၁)နဲ့ (၇)နှစ်ထက်မများသော ထောင်ဒဏ်နဲ့ငွေဒဏ်ပါချမှတ်နိုင်သည် လို့ ဥပဒေကဆိုပါတယ်။ ပြစ်မှုကျူးလွန် သော ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍအဖြစ်  သိမ်းဆည်းနိုင်တယ်လို့ဆိုတယ်ခင်ဗျ။ ကဲ သားထောင်ဒဏ်လည်းမနည်းပါဘူး။ ရာထူးလည်းပြုတ်၊ ပင်စင်လဲမရနဲ့။
ဒါပေမဲ့လည်း ယနေ့နိုင်ငံတော်မှာ ဒီလိုလိုင်စင်မဲ့ကားတွေ၊ ဆိုင်ကယ်တွေ၊ ချဲတွေ၊ နှစ်လုံးထီတွေ၊ တစ်လုံးဆိုတဲ့ ဘောလုံးလောင်းကစားတွေ အခြားအခြား  သော ငွေရမယ့်တရားမ၀င်လုပ်ငန်းတွေက အဖေ့ဆေးခြောက်ထုပ်ကြီး သိမ်းထား သလိုမျိုးပုံစံအမျိုးမျိုး၊ နာမည်ခံအမျိုးမျိုး၊ ပူးပေါင်းမှုအမျိုးမျိုး၊ နားလည်မှုအထွေ ထွေနဲ့ရှိနေဆဲပါပဲ။
အဲဒီလို တရားမ၀င်လုပ်ငန်းတွေကို အားပေးသလို၊ ကူညီသလို လုပ်နေတာ က အဖေ့လိုလူမျိုးပါ။ လုပ်ရဲ၊ ကိုင်ရဲ၊ အမည်ခံရဲ၊ အိမ်မှာထားရဲတာကလည်း အဖေလိုလူမျိုးပါပဲ။
သတင်းတွေကြိုတင်ရတာက အဖေ့  ကိုသတင်းပေးတဲ့ အဖေ့ရဲ့ညီရဲကဦးလှမောင် ပါ။ ဦးလှမောင်တွေလည်း တိုင်းပြည်အနှံ့ ရှိနေဆဲပါပဲ။ ဖမ်းချင်ယောင်ဆောင်တာ ကလည်း အဖေ့ရဲ့ ညီနဲ့တူတဲ့တာဝန်ရှိသူ တွေပါပဲလို့တွေးမိပါလေရဲ့ဗျာ။

ဒါပေမဲ့ ဥပဒေဆိုတာကတော့
““ဥပဒေကို နားမလည်ရုံမှဖြင့် ဥပဒေ ကသင့်ကို ခွင့်လွှတ်လိမ့်မည်မဟုတ်””ဆို တာကိုတော့ ကျွန်တော်အဖေသိမှာ သိသွားပါလေစလို့။ အဲဒီအချိန်ကသိခဲ့ရင် လည်း အိမ်မှာထားပေးမှာမဟုတ်ဘူးလို့ တော့ ကိုယ့်အဖေဘက် ဖြေတွေးတွေးမိ ကြောင်းပါဗျာ။ ဒါပေမဲ့ ဥပဒေက ဥပဒေ ပါပဲလေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...