Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၀)

အခန်း (၁၂)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း
နိုင်ငံတိုင်းရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တိုင်းတွင် ပြင်ဆင်ရန် လိုအပ်သည့်အခါ ပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်းကို ထည့်သွင်းဖော်ပြလေ့ ရှိပါသည်။ ထို့်အတူ မြန်မာနိုင်ငံတွင် ယခင်ကရှိနှင့်ခဲ့သည့် ၁၉၄၇ ခုနှစ် နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ များ၌လည်း ဤအခန်းကို ဖော်ပြခဲ့ကြသည်။ ၎င်း ပြင်ဆင်ခြင်းအခန်းပါ ဖေါ်ပြချက်များသည် ယခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ ပြင်ဆင်ခြင်း အခန်းနှင့် မတူကွဲပြား ဖြစ်နေသည်များကို နှိုင်းယှဉ် သုံးသပ်ရန်လိုပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၁) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ခြင်း၊ ပုဒ်မ ၂၀၉ တွင်

“ (၁) ထိုကဲ့သို့သော ဥပဒေကြမ်းကို ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်၌ စတင် တင်သွင်းနိုင်သည်။
(၂) ထိုဥပဒေကြမ်းကို ပါလီမန်ဆိုင်ရာ လွှတ်တော်အသီးသီးက အတည်ပြုပြီးနောက် လွှတ်တော် နှစ်ရပ်လုံးကပင် တွဲဖက်အစည်း အဝေး၌ စဉ်းစားဆွေးနွေးရမည်။
(၃) လွှတ်တော်နှစ်ရပ်၏ လက်ရှိအမတ်များအနက် သုံးပုံနှစ်ပုံအောက် မလျော့သော အမတ်များက တွဲဖက်အစည်းအဝေးတွင် ထောက်ခံ၍ မဲပေးမှသာလျှင် ထိုဥပဒေကြမ်း ကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုသည်ဟု မှတ်ယူရမည်” ဟူ၍ ဖော်ပြထားသည် ကိုတွေ့ရှိရပါသည်။ သုံးပုံနှစ်ပုံမဲ ထောက်ခံချက်ရှိရမည် ဟုသာဖော်ပြချက်ပါရှိပါသည်။ မည်သည့်ပုဒ်မများကို ပြင်လိုလျှင်၊ မည်သည့်ပုဒ်မများမှအပ စသည်ဖြင့် ဖော်ပြထားချက်များကို မတွေ့ရပါ။ တဆက်တည်း ပုဒ်မ ၂၁၀ တွင်  “ဤအခန်းရှိ အထက်က ဖော်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေကြမ်းကို အတည်ပြုပြီးသောအခါ ထိုဥပဒေကြမ်းကို နိုင်ငံတော် သမ္မတထံသို့ တင်ပြရမည်။ နိုင်ငံတော် သမ္မတသည် ထိုဥပဒေကြမ်းကို ချက်ခြင်း လက်မှတ်ထိုး၍ ထုတ်ပြန်ကြေညာရမည်။” ဟု ဖော်ပြပါရှိပါသည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်၊ဟု ပြဌာန်းထားခြင်းမျိုး မပါရှိပါ။
၁၉၇၄ ခုနှစ် တပါတီအာဏာရှင် မဆလခေတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၅) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း ပုဒ်မ ၁၉၄ တွင်
“(က) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ နိဒါန်း၊ အခန်း(၁) ပုဒ်မ ၁ နှင့် ၄။ အခန်း(၂) ပုဒ်မ ၅ ၊ ၆ ၊ ရ ၊ ၈ ၊ ၉ ၊ ၁၁၊ ၁၂ ၊ ၁၄ ၊ ၁၈ နှင့် ၂၁ ။ အခန်း (၃) ပုဒ်မ ၂၈ ၊ ၂၉ နှင့် ၃၂။ အခန်း (၄) ပုဒ်မ ၄၁၊ ၄၄ နှင့် ၄၆ ။အခန်း(၁၅) ပုဒ် ၁၉၄ တို့ကို ပြင်ဆင်ရန် ရှိလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ခုနှစ်ဆယ့် ငါးရာခိုင်နှုန်းက ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှ အပ အခြားပြဋ္ဌာန်းချက်များ ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ခုနှစ်ဆယ့် ငါးရာခိုင်နှုန်း ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ” ဟုဖော်ပြထားသည်ကို တွေ့ရှိခဲ့ရသည်။
ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၅ တွင်” ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရန်ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်။ ဟုလည်းကောင်း၊ ပုဒ်မ ၄၃၆ တွင်  “(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရပါသည်။
အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ခုကို လေ့လာလျှင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် မ ဆ လ တပါတီ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနှင့် ကန့်သတ်ပုံခြင်း တပုံစံတည်း ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ပါသည်။ ပါလီမန် ဒီမိုကရေစီ ခေတ်က ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပုဒ်မများကို လုံးဝကန့်သတ်ထားချက် မပါရှိပါ။ ဆန္ဒခံယူပွဲ ကျင်းပရန်လည်း မလိုအပ်ပါ။ ကိုယ်စားလှယ် အမတ် သုံးပုံ နှစ်ပုံမဲဖြင့် အတည်ပြု ဆုံးဖြတ်ခဲ့သည့် သာဓကကို တွေ့ရပါသည်။
လက်ရှိ အာဏာရ ကြံ့ဖွံ့အစိုးရနှင့် ကြံ့ဖွံ့လွှတ်တော်ကို ကြည့်မည်ဆိုလျှင် တမိုးလုံး ဖျောက်ဆိတ်ဟု ပြောရမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှင့် တပ်မတော် လူထွက် ကြံ့ဖွံ့အမတ်များက ပြည်ထောင်စု လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော်အောင် နေရာယူထားပြီးဖြစ်သောကြောင့် ကြံ့ဖွံ့နာယက ဗိုလ်သန်းရွှေ ရေးဆွဲထားခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သည့်နည်းနှင့်မျှ ဖြည့်စွက် ပြင်ဆင် အစားထိုးရန် ဖြစ်နိုင်ချေ ရှိမည် မဟုတ်ပါ။ပြင်ဆင်ရန် အလွန်ခက်ခဲလွန်းသည့် ပြဋ္ဌာန်းချက်များဖြင့် ကန့်သတ်ထားသည်ကိုသာ တွေ့ရှိရပါသည်။ ပြင်ဆင်နိုင်ရန် ဆိုပါလျှင်  ပုဒ်မ ၄၃၆ (က) (ခ) တခုလုံးကို ပယ်ဖျက်ပစ်ရပါမည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကဲ့သို့သာဖြစ်သင့်ပါသည်။ ကန့်သတ်ပုဒ်မများ လုံးဝမပါရှိဘဲ၊ သုံးပုံနှစ်ပုံ မဲဖြင့် အတည်ပြု ဆုံးဖြတ်နိုင်ရပါမည်။
ဦးမျိုး (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...