Tuesday, April 16, 2013

တရားမျှတမှုသည် အလိုအလျောက်ပြီးပြည့်စုံခြင်းရှိရမည်။

 
တရားဥပဒေသည် တရားမျှတပြီးသားဖြစ်ရသည်။ ဥပဒေ၏ပင်ကိုသဘောသည် တရားမျှတမှုရှိပြီးသားဖြစ်၍ အခြားပရောဂတစုံတရာမှဝင်ရောက်ပြီး ဥပဒေကိုတရားမျှတမှုရှိရန်အတွက် သီးခြားလုပ်ယူရန်မလိုအပ်ချေ။ ထို့အတူ အခြားအထောက်အပံ့အကိုးအကားဖြင့် တရားဥပဒေကို တရားမျှတမှု မရှိအောင်လည်းမလုပ်နိုင်ချေ။
 
မဆလခေတ်၊ န၀တနှင့် န၀တတဖြစ်လဲနအဖခေတ်တလျောက်လုံး တရားဥပဒေတို့သည် ၄င်းတို့အလိုအ လျောက် တရားမျှတခြင်းမရှိခဲ့သည်ကိုတွေ့နိုင်ပေသည်။ မဆလ တရားစီရင်ရေးအဖွဲ့တို့သည် အမှုများစီရင် ဆုံးဖြတ်ရာ၌ ပါတီယူနစ်၏ဦးဆောင်မှုကိုအမြဲတမ်းခံယူရသည်။ တရားစီရင်ရာတွင် သက်ဆိုင်ရာအာဏာပိုင်
အဖွဲ့အစည်း၏ သဘောထားမှတ်ချက်များတောင်းခံရသဖြင့် ဥပဒေသည် သူ့အလိုအလျှောက်တရားမျှတခြင်း မရှိတော့ပေ။ န၀တနှင့်နအဖတို့ခေတ်၌ ပို၍ပင်ဆိုးဝါးသောအခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေပေသည်။ 
 
အချို့ဥပဒေများ၌ ဥပဒေအရအာမခံပေးရမည်။ မပေးမနေရပေးရမည်ဟု သတ်မှတ်ပြဌာန်းထားသော်လည်း တရားစီရင်ရေးအဖွဲ့တို့သည် ဥပဒေပြဌာန်းသတ်မှတ်ချက်အတိုင်း လိုက်နာလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပေ။ 
ဥပဒေအရအာမခံမပေးနိုင်သည့် အမှုပင်ဖြစ်စေကာမူ တရားသူကြီးများ၏ ဆင်ခြင်တုံတရားအရ အာမခံ ပေးနိုင်ပါသည်။ သေဒဏ်၊ တသက်တကျွန်းဒဏ် ထိုက်သင့်သည့် ကြီးလေးသောရာဇ၀တ်ပြစ်ဒဏ် ထိုက်သင့် သည့်အမှုများတွင် အာမခံပေး၍မရသော်လည်း တရားသူကြီးများ၏ဆင်ခြင်တုံတရားအရ အမျိုးသမီးများ၊ အသက်အရွယ်ကြီးရင့်နေသူများ၊ အလွန်အမင်းနေထိုင်မကောင်းဖြစ်နေသူများနှင့် အသက်(၁၆) နှစ်အောက် ကလေးသူငယ်များအား အမှုအနေအထားကိုသုံးသပ်၍ အာမခံပေးနိုင်ပါသည်။ ထိုကဲ့သို့သောကိစ္စများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇  တွင်ပြဌာန်းထားပါသည်။ 
 
တရားရုံးများသည် မိမိရှေ့မှောက်သို့ ရောက်ရှိလာသောအမှုများနှင့်ပတ်သက်၍ တရားမျှတမှုကိုရှာဖွေဖေါ်ထုတ်ရာ၌ ပြင်ပပယောဂ မပါစေဘဲ မိမိတို့လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ တရားမျှတမှု့အတွက်အပြီးအပြတ်ဖြစ်အောင်ဆောင်ရွက် လုပ်ဆောင်ကြရန် ဖြစ်ပါသည်။
တရားဥပဒေအရ အာမခံပေးရမည့် ပြစ်မှုများဖြင့် စွဲဆိုခြင်းခံနေရသူများအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ အရ အာမခံပေးရမည်ဖြစ်ပေသည်။ သို့ရာတွင် မဆလခေတ်၊ န၀တနှင့် နအဖခေတ်တလျှောက်လုံး၌ ယနေ့ထိတိုင် “စီမံချက်ဆိုသည့်ခေါင်းစဉ်ဖြင့်ြုပလုပ်သောကိစ္စများ၊  အမှုများတွင် မည်ကဲ့သို့ပင် ဥပဒေပြဌာန်း ထားသော်လည်း ဥပဒေအတိုင်းလိုက်နာခြင်း၊ ကိုးကားကျင့်သုံးခြင်းမရှိပါ။ “စီမံချက်အမှုများအောက်၌ သက်ဆိုင်ရာပြည်သူလူထုသည် ဥပဒေအရ အာမခံရရှိရမည့်အမှုများပင်လျှင် အာမခံကိုငြင်းပယ်ခြင်းခံရပြီး၊ ဥပဒေအရပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်မှုကိုလည်း အာဏာပိုင်များနှင့် တရားရုံးများက ငြင်းပယ်လေ့ရှိခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းလျော့ရဲနေခြင်းကို ပြဆိုခြင်းပင်ဖြစ် ပေသည်။ 
 
တရားစီရင်ရေးအဖွဲ့သည် အခြားအခြားသော ပြင်ပအထောက်အပံ့အကိုးအကားများဖြင့် တရားဥပဒေအား အကောင်အထည်ဖော်ရလျှင် တရားဥပဒေသည် ၄င်းအလိုအလျောက် ပြီးပြည့်စုံသည့် တရားမျှတမှုကို မရရှိနိုင်တော့ချေ။ တရားဥပဒေစိုးမိုးရန်အတွက် ဥပဒေသည် ၄င်း၏အလိုအလျောက်ပင် တရားမျှတမှုရှိပြီး သားဖြစ်ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...