Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၅)

အခန်း (၆)

တရားစီရင်ရေး

မြန်မာနိုင်ငံ တရားရုံးများ ဖွဲ့စည်းပုံအရ တရားရုံးအမျိုးအစား သုံးမျိုးကိုတွေ့ရပါသည်။ ပုဒ်မ ၂၉၃ (က)တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်ထားသော အခြားတရား ရုံးများ။”
ပုဒ်မ ၂၉၃ (ခ)တွင်”စစ်ဘက်ဆိုင်ရာ တရားရုံးများ။
ပုဒ်မ ၂၉၃(ဂ)တွင်” နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” ဟူ၍ သုံးမျိုးသုံးစား တွေ့ရပါသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး အာဏာနှင့် ပတ်သက်၍ ပုဒ်မ ၂၉၄ တွင်” နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက် ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင် ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့် ဆုံးတရားရုံးဖြစ်သည်။” ဟု ပြဋ္ဌာန်း ထားသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံး ဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ တရားရုံး များနှင့် နိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍မရပါ။ ယခင်ကတည်ရှိခဲ့သော တရားရုံးဖွဲ့စည်းပုံများနှင့် လုံးဝ ကွာခြားသွား သည်ကိုတွေ့ရပါ သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၏ စီရင်ပိုင်ခွင့် အာဏာတို့ လုံးဝကွာခြားသွားပါသည်။

၁၉၄၇ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၁(၁) တွင်”တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆ ချက်ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်လာ သည်ဟု သော်လည်းကောင်း၊ ပေါ်ပေါက်ရန် အကြောင်းရှိ သည် ဟု သော် လည်းကောင်း နိုင်ငံတော် သမ္မတသည် မည်သည့်အခါ၌မဆို ယူဆခဲ့သော် ထိုပြဿနာကို စဉ်းစားရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ထိုပြဿနာ နှင့် စပ်လျဉ်း ၍ လျော်ကန်သင့်မြတ်သည့်အတိုင်း ကြားနာစစ်ဆေးပြီးနောက် သမ္မတထံ အစီရင်ခံနိုင်ရမည်။”ဟု ပြဋ္ဌာန်းထားချက် ရှိခဲ့ဖူး ပါသည်။အမေရိကန်ပြည်ထောင်စု၏ တရား လွှတ်တော် ချုပ်သည်လည်း အခြေခံဥပဒေနှင့်ဥပဒေများကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခွင့် အာဏာရှိပြီး အခြေခံဥပဒေနှင့်မညီသောကိစ္စရပ်များကိုလည်း အဆုံးအဖြတ် ပြုနိုင်ခွင့် အာဏာရှိပါသည်။ အင်္ဂလိပ် ရိုးရာဥပဒေ စနစ်ကို ကျင့်သုံးခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် ယခင်က တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ပါသည်။သို့သော်ယခုအခါ ဥရောပ နိုင်ငံ များက စတင်ကျင့်သုံးခဲ့သည့် ကိုဓဥပဒေ/ ပြဋ္ဌာန်းဥပဒေစနစ် (Code Law System) သို့မဟုတ် ဆီဗီလ်ဥပဒေစနစ် (Civil Law System) ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးစနစ်ကို  ကျင့်သုံးဆောင်ရွက်လာသည်ကိုတွေ့ရပေသည်။ ၁၉၉၀- ခုလွန်နှစ်များတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ နှင့် ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃(ဂ)အရ ဖွဲ့စည်းထည်ထောင်ထားသည်ကို တွေ့ရှိရပါသည်။ ကပြားဥပဒေစနစ်တခုကို ထူထောင် ကျင့်သုံးလာကြောင်းတွေ့ရှိရပါ သည်။  ဥပဒေစနစ် ပြောင်းလဲလာခြင်း ဖြစ်ပါသည်။ သို့သော် မိမိနိုင်ငံ၏ နိုင်ငံနှင့် ဥပဒေသမိုင်းအပေါ် အခြေခံသည့် အမျိုးသားနိုင်ငံရေး သမိုင်းအစဉ်အလာနှင့် ရိုးရာ ဓလေ့ထုံးတမ်း ဆိုင်ရာ လောကပါလ တရားများကိုတော့ ချန်လှပ်ထား၍ ကျော်လွန်၍ ရနိုင်ကောင်းသည့် အရာမဟုတ်ပါ။
ပုဒ်မ ၂၉၅(ဃ) တွင်“ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ အခြားဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက် များကို ဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့် အာဏာရှိသည်။ ထို့အပြင် အခြား တရားရုံး များက ချမှတ်သော စီရင်ချက်များကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံမှု စီရင်ပိုင်ခွင့် အာဏာရှိသည်။”ဟု ဖော်ပြထားပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တို့၏အထက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တည်ရှိပါသည်။ ပုဒ်မ ၂၉၅ (ခ) တွင်” ပြည်ထောင်စု တရားလွှတ်တော်ချုပ် သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည့်အားလျော်စွာ နောက်ဆုံး အပြီးအပြတ် အယူခံဝင်ရာ တရားရုံး ဖြစ်သည်။”ဟု ဖော်ပြထားပါသည်။
တရားရုံးများဖွဲ့စည်းပုံနှင့်ပတ်သက်၍ အင်္ဂလိပ် ကိုလိုနီခေတ် မှ ယနေ့ခေတ်အထိ ဖွဲ့စည်းပုံအပြောင်းအလဲများကိုသိသင့် ပါသည်။ တဦးထိုင်စနစ်လား။ ဂျူရီစနစ်ကဲ့သို့ အများ (၃ ဦး သို့မဟုတ် ၅ ဦး) ထိုင်စနစ်လား။ အင်္ဂလိပ် ကိုလိုနီ လက်ထက်မှ ပါလီမန်ဒီမိုကရေစီ လက်ထက်တိုင် တဦးထိုင် တရားရုံးစနစ်ဖြစ်ပါသည်။ တရားရုံးမှာလည်း တရားမတရားရုံးနှင့် ရာဇ၀တ် တရားရုံးဟူ၍ နှစ်ရုံးခွဲထားပါသေးသည်။ ၁၉၇၄ ခုနှစ် မဆလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကစ၍ ယနေ့တိုင်အောင် တရားမမှုနှင့် ရာဇ၀တ်မှုကို တရုံးတည်းကသာ စစ်ဆေးဆုံးဖြတ်သည်ကို တွေ့ရပါသည်။  ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှစ၍ ၁၉၈၈  န၀တ စစ်တပ်က အာဏာသိမ်း သည့်ကာလအထိ တရားသူကြီး အများထိုင်စနစ် သို့မဟုတ် ၃ -ဦးထိုင် စနစ်ကို ကျင့်သုံးခဲ့ပါသည်။ န၀တ စစ်အစိုးရ မှ နအဖ စစ်အစိုးရ ။ထိုမှသည် ယနေ့အထိ ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၃၁၄ တွင်“တရားရုံးဖွဲ့စည်းပုံ အဆင့်ဆင့်” ကိုဖော်ပြထားသည်။ တရားသူကြီးများမှာ တဦးထိုင်စနစ်ဖြင့် စစ်ဆေးနေသော အစိုးရခန့်သူများသာ ဖြစ်နေပါသည်။ ကိုလိုနီခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ် နှင့် ယနေ့ ကြံ့ဖွံ့အစိုးရတို့ သည် တဦးထိုင်စနစ်ကိုသာ ကျင့်သုံးနေကြသည်ကိုတွေ့ရှိရပါသည်။ ဂျူရီစနစ် သို့မဟုတ် ခုံအဖွဲ့ဖြင့် စစ်ဆေးသည့်စနစ်ကို လေ့လာရကောင်းမှန်းပင် မသိလေသလော မပြောတတ်ပါ။ ကမ္ဘာ့ လာဘ်ပေး လာဘ်ယူမှု အများဆုံး နိုင်ငံစာရင်းဝင် ဖြစ်နေသည်ကတော့ ငြင်းမရပါ။ အောက်ပါသတင်း တပုဒ်ကို ပူပူနွေးနွေး တွေ့နိုင်ပါသည်။
တရားသူကြီးများအပေါ်တွင် ပြည်သူလူထုတိုင်ကြားမှု (၇၇ ) မှုရှိခဲ့
( Weekly Eleven News  ,No30 Vo17, p-2)
သမ္မတကြီးမိန့်ခွန်းပြောကြားပြီးသည့်နောက် ပြည်သူလူထုက တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများအပေါ်တွင် တိုင်ကြားမှု (၇၇) မှုရှိခဲ့ပြီး တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန်မှုရှိခဲ့ကြောင်း၊ ထို့ပြင် ရာထူးအဆင့် လျော့ချခံရသူ နှစ်ဦး၊ အငြိမ်းစားပေးခြင်း ခံရသူ တစ်ဦး နှင့် သတိပေးခြင်းခံရသူ ၄၀ ဦးအပါအ၀င် ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူ တရားသူကြီးပေါင်း ၅၇ ဦး ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အခုလို တရားရုံးချုပ်က စီမံလိုက်တာက စီမံခန့်ခွဲရေးနည်းလမ်းအားဖြင့် အပြစ် ပေးတယ်လို့ အကြမ်းဖျင်း သဘောပေါက် ပါတယ်။ တကယ်ဖြစ်သင့်တာက ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူအပြစ် ပေးခြင်းဟာ ပိုပြီးတော့ နှစ်ဖက်မျှတလို့ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင် လိုက်တယ် ဆိုလို့ရှိရင် ပြည်သူလည်းသိ၊ သက်ဆိုင်ရာ တရားသူကြီးလည်းသိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း သိသွားမှာ ဖြစ်တဲ့အတွက် ပိုကောင်းမွန်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါက တစ်ချက် ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်ခရီးမှာ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ဥပဒေအရ အပြစ်ပေးအရေးယူခြင်းဟာ ဒီနေ့သွားတဲ့ စနစ်နဲ့ပိုပြီး ကိုက်ညီမှုရှိကြောင်း ကျွန်တော့် အနေနဲ့ ထင်မြင်သုံးသပ်ပါတယ်။” ဟု ပြောကြား ခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၇၇ မှာ တရားသူကြီးများရဲ့ တရားစီရင်ရေး ဆိုင်ရာဆောင်ရွက်ချက်များကို အရေးယူမှု မပြုနိုင် ရန် ကင်းလွတ်ခွင့်ပြုထားပါတယ်။ အဲဒီ ကင်းလွတ်ခွင့်ကို ပယ်ဖျက်သင့်ပါတယ်။ ဒါမှသာ သဘောရိုးလို့ တွင်ကျယ်စွာသုံးပြီး မရိုးမဖြောင့်ပြုလုပ်ခြင်းများ ပပျောက်ကာ တရား စီရင်ရေး ကဏ္ဍကို တည့်မတ်နိုင်မှာ ဖြစ်ပါ တယ်။”ဟု ပြောကြားခဲ့သည်။ ( ဝေယံဖြိုးဦး )
တရားသူကြီးများကို ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ပုဒ်မ -၂၉၉ (ဂ) (၂) တွင်“ ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စု တရားသူကြီး ချုပ် နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရား သူကြီး ချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူကို ငြင်းပယ်ခွင့် မရှိစေရ။ ”ဟုပါရှိပါသည်။ ထို့ကြောင့် အဆိုပါ ပြည်ထောင်စု တရား သူကြီးချုပ် နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်တို့မှာ ပြည်ထောင်စု လွှတ်တော်မှ ရွေးချယ်တင်မြှောက် လိုက်သည့်ပုဂ္ဂိုလ်များမဟုတ်ကြတော့ပါ။ သမ္မတ (အုပ်ချုပ်ရေး အကြီးအမှုး)က ပြည်ထောင်စု တရား လွှတ်တော် တရားသူကြီးချုပ်အား ခန့်အပ်ထားကြောင်း ပေါ်လွင်ထင်ရှား ပါသည်။ အုပ်ချုပ်ရေးအာဏာအောက်က တရားစီရင်ရေးအာဏာရှိနေသည်ဆိုလျှင် အုပ်ချုပ် သူစေခိုင်း သည့် အတိုင်း အမိန့်ချကြရပေ တော့မည်။ လက်ရှိ အာဏာပိုင်တို့စိတ်ကြိုက် နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်နေခြင်းက ဤအချက်ကို သက်သေပြနေပါသည်။ အဘယ်မှာ လွတ်လပ် သည့် တရားစီရင်ရေး ဖြစ်နိုင်ပါတော့မည်နည်း။
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ ခန့်အပ်ခြင်း ဆိုင်ရာပုဒ်မ ၃၀၈ (ခ) (၂)တွင်“ ပုဒ်မ ၃၁၀ တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး၏ အရည် အချင်းနှင့် မပြည်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် နိုင်ငံတော် သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ် ရန်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန် လည်းကောင်း အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ။”ဟု ဖော်ပြထားသဖြင့်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့တွင် တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ရွေးချယ်တင်မြှောက်ပိုင် ခွင့် မရှိကြောင်းအထင်အရှား တွေ့ရပါသည်။ သမ္မတနှင့် ၀န်ကြီးချုပ်များကသာ ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ လုပ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ကို မျက် ကွယ်ပြု ထားခြင်း ဖြစ်ပါသည်။ ပြည်သူ့ကိုယ်စားလှယ် များကရွေးချယ်ရမည့် ပြည်သူ့တရားသူကြီး၏အခန်းကဏ္ဍကို မထီမဲ့မြင်ပြုလိုက်သလို ဖြစ်နေပါသဖြင့် ဤပုဒ်မအားလည်း အ သစ်ပြုပြင် ပြဋ္ဌာန်း သင့်ပါသည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့ထားရှိခြင်းမှာ ဟန်ပြ သဏ္ဍာန်ဆောင်ရုံသက်သက်မျှသာ ဖြစ်နေ ပါသဖြင့် ပြည်ထောင်စု အစိုးရ ၏ ဖြစ်တည်ရမည့် တရားစီရင်ရေးစနစ်ကို မည်သည့်ပုဒ်မတွင်မှာမျှ ရှာမတွေ့နိုင်ပါ။ သက်ဆိုင်ရာ လူမျိုးစု ပြည်နယ်များ၏ ဓလေ့ထုံးတမ်းဆိုင်ရာ အမှုအခင်းများ၊ ဥပဒေများနှင့် စပ်ဆိုင်လာလျှင် ယခုခန့်အပ်ထားသည့် ဗျူရိုကရက်အရာရှိ တရားသူကြီးများက မည်သို့စစ်ဆေးစီရင်ရမည်ကို တတ်သိနားလည်နိုင်မည် မဟုတ် ပါ။ ပြည်ထောင်စု တရားစီရင်ရေး စစ်စစ်တရပ် ပေါ်ပေါက်လာရန် အထူးကျိုးစားရန်လိုအပ်ပါသည်။
တရားစီရင်ရေးမဏ္ဍိုင်သည် နိုင်ငံတနိုင်၏ လူသား၊ လူ့အခွင့်အရေးများကို တရားမျှတစွာ တည်ရှိနေစေရန် အဓိကအားဖြင့် ပဲ့ကိုင်ထိန်းကျောင်း ပေးရသည့် အဖွဲ့ အစည်းဖြစ် သည်နှင့် အညီ တရားစီရင်ရေး လွတ်လပ်ခွင့် ကို အခြေခံဥပဒေဖြင့် ပြတ်ပြတ်သားသား ပြဋ္ဌာန်းပေးရပေမည်။ တချိန်က ပါလီမန်ဒီမိုကရေစီခေတ်က တရားစီရင်ရေး လွတ်လပ်ခွင့် ရှိစေရန် ၁၉၄၇ ခုနှစ်အခြေခံဥပဒေ ပုဒ်မ ၁၄၀ တွင် “ (၁) ပါလီမန် ဆိုင်ရာလွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူချက်ဖြင့်၊ နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။ ”ဟု ပြဋ္ဌာန်းထားချက်ကို နမူနာယူ သင့်ပါသည်။ ထို့ပြင် တဆက်တည်း ပုဒ်မ ၁၄၁ တွင်“ တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည်။”ဟု တရားစီရင်ရေး လွတ်လပ်မှုကို တိတိကျကျ ပြဋ္ဌာန်းခဲ့သည်။ ဤကဲ့သို့အခြေခံဥပဒေပုဒ်မများဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၂၉၉ ကို ပယ်ဖျက်ပြီး အစား ထိုးပြဋ္ဌာန်း သင့်ပါသည်။
တရားသူကြီးများခန့်ထားခြင်းနှုင့်ပတ်သက်၍ ပုဒ်မ ၃၁၇ တွင်“ ပြည်ထောင်စု တစ်ဝန်းလုံးတွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စ အ၀၀ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ အခြားဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းသည့် တရားရုံးများတွင် ဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံဆောင်ရွက်ရမည်။”ဟုပြဋ္ဌာန်းချက်အရ ခန့်အပ်သော ဗျူရိုကရက်တရားသူကြီးများဖြင့် တရား စီရင်ရေးစနစ်ကို အကောင်အထည်ဖော်မည်ဟု ဖော်ပြချက် သက်သက်ဖြစ်ပါသည်။ ပြည်သူလူထုပါဝင်သော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်မည့် ပြည်သူ့တရားစီရင်ရေးစနစ်ကို ငြင်းပယ်ထားခြင်းဖြစ်ပါသည်။ ဗျူရိုကရက်အုပ်ချုပ်ရေးအောက်က ဗျူရိုကရက် တရားစီရင်ရေး စနစ် ဖြစ်နေပါသဖြင့် အကျင့်ပျက်ခြစားမှုကို မီးလောင်ရာလေပင့် အဖြစ်မျိုးရောက်အောင် လမ်းခင်းပေးသလိုဖြစ်နေပါသည်။ အဘယ်မှာ သန့်ရှင်းပြီးပွင့်လင်းမြင်သာသည့် လွတ်လပ်သော တရားစီရင်ရေး စနစ် ကို ဖော်ဆောင်နိုင် ပါမည်နည်း။ တရားမျှတမှုဖြင့် တရားဥပဒေ စိုးမိုးနိုင်အောင် ဆောင်ရွက်နိုင်မည့် ရည်မှန်းချက်က ပျောက်ဆုံးနေပါသည်။ တရားစီရင်ရေး စနစ်တခုလုံး ကို ပြောင်းလဲပစ်နိုင်ရန် ဖော်ပြပါ ပုဒ်မအသီးသီးအား ပြင်ဆင်ပြဋ္ဌာန်းသင့်ပါသည်။
ပုဒ်မ ၃၁၉ တွင်“ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ)အရ စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်။”ဟု ဖော်ပြထားသဖြင့် တပ်မတော်သားများအနေဖြင့် အရပ်ဖက်ဆိုင်ရာ တရားစီရင်ရေး၏ စီရင်မှုနှင့် လုံးဝကင်းလွတ်နေပါသည်။ ပြည်သူလူထုနှင့် တသားတည်း ရှိရမည့် တပ်မတော်သား များ၏ တရားစီရင်ရေးဆိုင်ရာ အခွင့်အရေးဆုံးရှုံးနေကြောင်းတွေ့ရှိရပါသည်။
ပုဒ်မ ၃၂၆ တွင် “အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထား ရယူရန် ကိစ္စ များကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခွင့်ရှိသည်-(ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များ။” ဟုဖော်ပြထားသဖြင့် ၁၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များက လွှတ်တော် အတွင်းတွင် ဖွဲ့စည်းပုံနှင့်ပတ်သက်၍ လိုအပ်ချက်၊ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက် နှင့် ပယ်ဖျက်ခွင့် တို့ကို တင်သွင်းခွင့် ရှိပါသလားဆိုပါမူ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ဟုဖော်ပြချက်က ပိတ်ပင်ထားသည်ကို သတိမူရန် လိုအပ်ပါသည်။ လက်တွေ့လွှတ်တော်တွင်း တိုက်ပွဲကို ဆင်နွဲကြည့်သင့်ပါသည်။ ရွေ့၏လော။ မရွေ့၏လော။ အရွေ့မရှိလျှင် ရူပဗေဒသဘော အရ အလုပ်မဖြစ်ဟုသာ သိပ္ပံနည်းကျ ကောက်ချက်ချရပါမည်။ ဆန္ဒသက်သက်ဖြင့် အလုပ်မဖြစ်ပါ။ လက်တွေ့နိုင်ငံရေးကသာ အရေးပါ အရာရောက်ပါလိမ့်မည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုကို ပုဒ်မ ၃၂၃ တွင်“တရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေး စီရင်ရာတွင် ဥပဒေ တရပ် ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ-မရှိ၊ ညီညွတ်မှု ရှိ-မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက  ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကလည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါ တရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏ထင်မြင်ချက်ကို သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ၍ အဆုံးအဖြတ်ရယူရမည်။ ယင်းအငြင်းပွားမှုနှင့် စပ်လျဉ်း ၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင် စေရမည်။” ဟု ပြဋ္ဌာန်းထားသည်ကိုတွေ့ရပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်ဆိုင်မှသာခုံရုံးသို့ သွားခွင့်ရှိကြောင်း ဖော်ပြချက်ဖြစ်ပါသည်။ တရားရုံးအမှုများလည်း ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ရောက်လာနိုင်ရန် လမ်းကြောင်းရှိကြောင်းတွေ့ရှိရပါသည်။ ဤအမှုမျိုးတွင် ပုဒ်မ ၃၂၄  အရ“ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ် သည်။” ဟု လည်းဖော်ပြပါရှိသည်။ တရားလွှတ်တော် ချုပ်သို့ သွားရန်မလိုအပ်တော့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ-မရှိ၊ ညီညွတ်မှု ရှိ-မရှိ အငြင်းပွားမှုများသည် တရားရုံးများ မှတဆင့် ခုံရုံးသို့ ရောက်ရှိလာမည့်လမ်းကြောင်းလည်း ရှိနေပါသဖြင့် စီရင်ထုံးအသစ်များ ပေါ်ပေါက်လာလျှင် တရားမျှတမှု ရှိမရှိကို ပြည်သူအများစောင့်ကြည့်ကာ သတိထား သုံးသပ်ဆန်းစစ်ရပါမည်။စီရင်ထုံး အသစ်များက ဥပဒေကို ပြုပြင်နိုင် လေမလား စဉ်းစားခန်းဝင်ရမလိုလိုပင် ဖြစ်နေပါသည်။ ဖွဲ့စည်းပုံအတိုင်း မလိုက်နာနိုင်မှုများ အစိုးရတွင် ရှိလျှင် လည်း ဗူးပေါ်သလို ပေါ်ပေါက်လာ မည့် အကြောင်းအချက်များစွာကို နေ့စဉ် တွေ့မြင်ရ ပါလိမ့်မည်။
ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း (ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်) တွင် နောက်ဆုံးနံပါတ် (၁၁) ၌ တရားစီရင်ရေး ကဏ္ဍ ကို (က)မှ (ဋ) အထိ ဖော်ပြထားပါ သဖြင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဥပဒေပြုပိုင်ခွင့်ကို တရားစီရင်ရေး ကဏ္ဍ၌ ပြုပိုင်ခွင့် ရှိကြောင်းတွေ့ရှိရပါသည်။ ဇယား(၁) ဖော်ပြပါ တရားစီရင်ရေးကဏ္ဍများအားလုံးကို မည်သို့ မည်ပုံ ဥပဒေပြုသွားကြပါမည်နည်း ဆိုသည်ကိုတော့ လွှတ်တော်မှ ပေါ်ထွက်လာမည့် ဥပဒေများ၏့ အသံဗလံများကိုသာ စောင့်မျှော်နားဆင်ရပါတော့မည်။
ဦးမျိုး (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...