Tuesday, April 16, 2013

တရားခံဖြစ်သွားသော တရားသူကြီး


မောင်မောင်သောင်းမြင့် (တရားရေး)
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)
ဒီအကြောင်းတွေကို တွေးမိတိုင်း ရင်နင့်အောင် ခံစားရပါသည်။
ကျွန်တော် အခုဖော်ထုတ်မယ့် အဖြစ်အပျက်တွေဟာ အဖြစ်မှန်တွေပါ။မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေလိုမှု စိုးစဉ်းမျှ မပါရှိပါ။ 
ကျွန်တော့ဘ၀နဲ့ ယှဉ်တွဲဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေထဲမှ သင်ခန်းစာယူကြပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့အတွေးအခေါ်တွေနဲ့ ကျွန်တော်တို့နိုင်ငံတော်ကြီး တိုးတက်အောင်ဆောင်ရွက်နိုင်ကြဖို့ ‘စေတနာ’နဲ့ ရင်ဖွင့်တာပါ။ 
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလနေ့ တစ်နေ့ကပေါ့။ အဲဒီတုန်းက ကျွန်တော်က ပုသိမ် အနောက်မြို့နယ် တရားရေး ဦးစီးမှူးပေါ့ဗျာ။ ၁၉၇၃ ခုနှစ်မှာ တရားရေးဝန်ထမ်း စဖြစ်တယ်ဆိုတော့ လုပ်သက် ၁၅ နှစ် ရှိပါပြီ။

ကျွန်တော့ဇနီးက ပုသိမ်မြို့နယ် သမ၀ါယမဦးစီးဌာနမှာ အထက်တန်းစာရေးပါ။ သားလေးက ၁၀ နှစ်၊ သမီးလေးက (၆)နှစ် ရှိပါပြီ။
၁၉၈၈ ခုနှစ် အရေးအခင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို အားလုံးသိပြီးကြပြီမို့ အသေးစိတ် ပြောမပြချင်တော့ပါဘူး။
ကျွန်တော်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းတွေကိုပဲ တိုတိုနဲ့လိုရင်း ပြောပြပါတော့မယ်။
စာဖတ်သူများ မှတ်မိကြလိမ့်မယ် ထင်ပါတယ်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလထဲမှာ ၁၉၈၈ ခုနှစ်၊ တရားစီရင် ရေးဥပဒေပြဋ္ဌာန်းပြီး ကျွန်တော်တို့ တရားရေးဝန်ထမ်းတွေဟာ တရားသူကြီး ဖြစ်လာတယ်ဗျာ။
ကျွန်တော် တရားသူကြီးဖြစ်တာ နှစ်ရက်မြောက်တဲ့နေ့ကပေါ့။
ကျွန်တော်တို့မိသားစု တီဗီကြည့်နေတာ ည ၁၀ နာရီကျော်တော့ အိပ်ရာဝင်ကြပါတယ်။
လခစားဘ၀၊ အိမ်ကလည်း ကျဉ်းတော့ ခုတင်တစ်လုံးပေါ်မှာပဲ မိသားစုလေးယောက် အိပ်ကြရပါတယ်။
ည ၁၂ နာရီလောက်မှာ ကျွန်တော့ အိမ်ရှေ့ကနေ ‘ဦးသောင်းမြင့်၊ ဦး သောင်းမြင့်’ လို့ ခေါ်သံကြားရလို့ ကျွန်တော် လူးလဲပြီး ကပျာကယာထ လိုက်ပါတယ်။
မီးလည်း ဖွင့်လိုက်ရော မိန်းမနဲ့ ကလေးနှစ်ယောက်လည်း နိုးတော့တာပါပဲ။
ကျွန်တော် အိမ်ရှေ့တံခါးသွားဖွင့်တော့ လက်နက်ကိုင် လေး-ငါး ယောက် အိမ်ထဲဝင်လာပါတယ်။
ကျွန်တော့ကို အိပ်ရာလိပ်၊ အ၀တ်အစားအချို့နဲ့ အသုံးပြုတဲ့ဆေးယူပြီး လိုက်ခဲ့ပါလို့ ပြောပါတယ်။
အဲဒီအသံကိုကြားရတော့ ကျွန်တော့နားထဲ မိုးကြိုးပစ်သလို ခံစားရတယ်။
ရုတ်တရက် အသက်ရှူရပ် သွားတယ်။
မိန်းမနဲ့ ကလေးနှစ်ယောက် ငိုသံကြားရတော့မှ သတိပြန်ရလာတယ်။
လောကကြီးဟာ မတရားဘူးဗျာ။
၁၉၇၃ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ တရားရေးဝန်ထမ်းဘ၀နဲ့ မြို့နယ်တရား သူကြီးအဖွဲ့ရဲ့ အကြံပေးလုပ်ခဲ့ရတယ်ဗျာ။
ကိုယ်တိုင်တရားမစီရင်ခဲ့ရပါဘူး။
ကန့်လန့်ကာနောက်ကွယ်မှာ နေရတဲ့ဘ၀ပါ။ ဟော အခုတော့ မြို့နယ်တရားသူကြီးဖြစ်တာ နှစ်ရက်ပဲ ရှိသေးတယ်။ အဖမ်းခံရပြီဗျာ။
အော် ဘ၀... ဘ၀ အဖြစ်ဆိုးလှပါတယ်ဗျာ။ တရားသူကြီးဖြစ်တာ နှစ်ရက်ပဲ ရှိသေးတယ်။
နောက်ဘာဆက် ဖြစ်ဦးမလဲ၊ ရင်တထိတ်ထိတ်နဲ့ တစ်ည ကုန်သွားပါတော့တယ်။
နောက်နေ့မနက် မိုးမလင်းတလင်း အချိန်မှာ တာလပတ်တွေအုပ်ထားတဲ့ ကားတွေနဲ့ ကျွန်တော်တို့ နှစ်ယောက်ရယ်၊ အခြားသူ တွေကိုပါ တစ်နေရာကို ခေါ်သွားကြတယ်။
ကားထဲမှာ မှောင်နေလို့ ဘယ်သူတွေပါမှန်း မသိကြဘူးဗျာ။
တစ်နေရာရောက်တော့ ‘ဆင်း ဆင်း’ ဆိုမှ ကားပေါ်မှ ခုန်ဆင်းလိုက်တော့ ပုသိမ်ထောင်ရှေ့ ထောင်ဘူးဝ ရောက်နေပါလေရောဗျာ။
ကျွန်တော့ရဲ့ ကံကြမ္မာကတော့ နေမြင့်လေ အရူးရင့်လေပါပဲ။ မနက် ၁၀ နာရီလောက်ရှိတော့ ကျွန်တော်တို့ အားလုံးကို ထောင်ပိုင်ကြီး ရုံးခန်းကို ခေါ်ပါလေရောဗျာ။
လူ ၃၀၀ ကျော် လောက်ရှိမယ် ထင်ပါတယ်။
ကျွန်တော်တို့ကို နည်းမျိုးစုံနဲ့ စစ်ဆေးမေးမြန်းတယ်ဗျာ။
ထောင်ထဲမှာ နေရတာ ခုနစ်ရက်လောက်ကြာတော့ ထောင်ပိုင်ကြီးရုံးခန်းကို ထပ်သွားရပြန်တယ်။
အကြောင်းကတော့ ကျွန်တော့ကို ‘ရမန်’ ယူဖို့တဲ့ဗျာ။
ကျွန်တော့ကို ရမန် လာယူတဲ့ တရားသူကြီးက ကျွန်တော့ရုံးက တရားသူကြီးတစ်ယောက်ပါပဲ။
ကျွန်တော့ကို ဖမ်းဆီးရတဲ့အကြောင်းရင်းက ၀န်ထမ်းတွေ ဆန္ဒပြလှည့်လည်ပွဲမှာ ပါလို့တဲ့ဗျာ။
ကဲ ကောင်းကြပါလေရော။
ကျွန်တော်က တရားခံဖြစ်သွားပြီ။
တရားခံဖြစ်သွားသော တရားသူကြီး၊ တရားသူကြီး တရားခံ။
အဲဒီလို ရမန်ယူပြီး တရားခံဖြစ်ပြီးနောက် ကျွန်တော့ကို အဆောင်ပြောင်းတယ်။ တရားသူကြီးကနေ တရားခံဖြစ်သွားလို့ အဆင့်မြင့် သွားပြီ ထင်ပါရဲ့။ အပေါ်ထပ်ရောက်သွားတယ်။
အဲဒီအဆောင်ကနေ ကျွန်တော် ငှားနေတဲ့အိမ်ကို လှမ်းမြင်ရတယ်ဗျာ။
မိန်းမနဲ့ ကလေးနှစ်ယောက် အိမ်ထဲ လှုပ်ရှားနေတာ မြင်ရလေ ရင်ထုမနာ ဖြစ်လေပါပဲ။
ကဲဗျာ။ စာလည်းရှည်သွားပြီ။
တိုတို ပဲ ပြောကြပါစို့။ ကျွန်တော်တို့မိသားစု လေးယောက် ဒုက္ခလှလှကြီး ခံစားရတယ်ဗျာ။ ကျွန်တော်လည်း ထောင်ထဲမှာ တစ်ခါမှ မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံတွေ တစ်ပွေ့တစ်ပိုက်ကြီး ရခဲ့တယ်။
ရုရှားစာရေးဆရာကြီး ဂေါ်ကီပြောသလို ထောင်ဆိုတာ ‘ဘ၀တက္ကသိုလ်’ အစစ်အမှန်ပါပဲဗျာ။ စာတွေ့မဟုတ်၊ လက်တွေ့ပါ။
ကျွန်တော် တစ်လနီးပါး အချုပ်ခံနေရတယ်ဗျာ။ လွတ်မယ့်ရက်ကိုလည်း မျှော်တလင့်လင့်နဲ့ပေါ့။ မှတ်မှတ်ရရ နံနက်ခင်းပေါ့။
ထောင်အချုပ်ခန်းထဲကနေ အပြင်ထွက်ပြီး လမ်းလျှောက်ခွင့်ပေးလို့ လမ်းလျှောက်တယ်။ လေ့ကျင့်ခန်းလုပ်တယ်။
အချိန်စေ့လို့ အချုပ်ခန်းထဲပြန်ဝင်ပြီး 'သံဗုဒ္ဓေ ဂါထာတော်ကြီး'ကို အာရုံပြုနေတုန်း အချုပ်ခန်းအပြင်ကနေ‘ဦးသောင်းမြင့်၊ အထုပ် အပိုးတွေယူပြီး လိုက်ခဲ့ပါ’ လို့ အစောင့်တစ်ယောက်က လာခေါ်တယ်။
အချုပ်ခန်းထဲက ရဲဘော်ရဲဘက်တွေက လက်ခုပ်တီးပြီး အနားကို ၀ိုင်းလာကြတယ်။ တချို့က မျက်ရည်တွေဝဲလို့၊ တစ်ယောက်က ကျွန်တော့ကို အားရပါးရ ဖက်လိုက်တယ်။ ကျွန်တော်လည်း မျက်ရည်တွေ မထိန်းနိုင်တော့ဘူး။ ၀မ်းနည်းလို့လား၊ ၀မ်းသာလို့လား။ အချုပ်ခန်း သူငယ်ချင်းဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေတွေက အခန်းဝ လိုက်ပို့တယ်။
ကျွန်တော်လည်း အခန်းပြင်ရောက်ရော တံခါးကြီးက 'ဂျိန်း'ခနဲ ပြန်ပိတ်သွားတယ်။ ကျွန်တော် အစောင့်ခေါ်ရာနောက် လိုက်သွားတယ်။
ခြေထောက်နဲ့မြေကြီး မထိသလိုပဲ။
ထောင်ပိုင်ကြီးရုံးခန်းရောက်တော့ ထောင်ပိုင်ကြီးက ကျွန်တော့ကိုယ်ရေးမှတ်တမ်းမှာ ‘နိုင်ငံတော်အတွက် အသက်စွန့်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေကို တွေ့ရလို့ အထက်အမိန့်အရ လွှတ်တာပါ’ လို့ ပြောတယ်။
တရားသူကြီးဘ၀ ထောင်ကလွတ်လာပြီး တရားသူကြီး ဘ၀နဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အထိ ၁၈ နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်ဗျာ။
၁၉၈၈ ခုနှစ်မှာ တရားရေးဝန်ထမ်းကနေ တရားသူကြီးဖြစ်လာတော့ ကျွန်တော့ဆရာတစ်ဦးက တရားသူကြီးဖြစ်တာ ၀မ်းမသာနဲ့တဲ့။
‘အကုသိုလ်များလို့ တရားသူကြီးဖြစ်တာတဲ့’ ပထမတုန်းကတော့ ဆရာပြောတာကို သိပ်သဘောမပေါက်ဘူး။
နောက်မှ တဖြည်းဖြည်း သဘောပေါက်လာတယ်။ ၂၀၀၆ ခုနှစ်မှာ လုပ်သက် ၃၃ နှစ်၊ အသက် ၆၀ ပြည့်လို့ အငြိမ်းစားယူခဲ့ပါတယ်။
မကောင်းသူထိပ်၊ ကောင်းသူထိပ်၊ တရားသူကြီးဘ၀ မနိပ်။ ကျွန်တော် အငြိမ်းစားယူပြီး အစိုးရ သစ်လက်ထက် ၂၀၁၁ ခုနှစ်ထဲမှာ တရားစီရင်ရေးမဏ္ဍိုင်တိမ်းစောင်းတဲ့အကြောင်း၊ တရားသူကြီးတွေက လာဘ်ပေးလာဘ်ယူ မကင်းရှင်းတဲ့အကြောင်း မီဒီယာတွေက ရေးတာ ဖတ်ရပါတယ်။
တရားသူကြီးတွေကို အရေးယူတဲ့ ဥပဒေပြဋ္ဌာန်းဖို့၊ တည်ဆဲဥပဒေထဲက တရားသူကြီးတွေကို ကင်းလွတ်ခွင့်ပေးထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၇၇ ကို ပယ်ဖျက်ဖို့အထိ ပြောလာကြတယ်။
ကဲ ဗျာ၊ ပြည်သူ့ခုံရုံးတင်ပြီး အဆုံးအဖြတ်ခံကြမယ်။
တရားစီရင်ရေး သမိုင်းကြောင်းကို သတင်းစာမှတ်တမ်းတွေကနေ ‘ဖျတ်ခနဲ’ လေ့လာကြည့်ရအောင်-
၁၈၈၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်ထိ တရားစီရင်ရေး
၁၈၈၆ ခုနှစ်ကစပြီး အင်္ဂလိပ်က မြန်မာတစ်နိုင်ငံလုံး သိမ်းတယ်ဗျာ။
တစ်ပြည်လုံး ကျွန်သပေါက်ဖြစ်တယ်ဗျာ။
အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်တယ်။
အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး တွဲထားတယ်ဗျ။ မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်၊ တိုင်းမင်းကြီးတွေက အုပ်ချုပ်ရေးအာဏာပိုင်တွေဖြစ်သလို တရားစီရင်ရေးအာဏာလည်း ရှိကြတယ်ဗျ။
တရားစီရင် အာဏာရှိတဲ့ တရားသူကြီးတွေလည်း ရှိတယ်။
တရားရုံးတွေဟာ အာဏာစက် ထက်မြက်တယ်။ လူရိုသေ ရှင်ရိုသေရှိတယ်။
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ တရားစီရင်ရေး
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်ပေါ်လာတယ်။
ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဟူ၍ ခွဲဝေသုံးစွဲလာကြပါတယ်။
မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်၊ တိုင်းမင်းကြီး အုပ်ချုပ်ရေးအာဏာပိုင်တွေကို တရားစီရင်ရေးအာဏာပေးထားတယ်။
တရားလွှတ်တော်၊ တရားလွှတ်တော်ချုပ်တွေက တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ပေးတယ်၊ ကြီးကြပ်ပေးတယ်။
မြို့နယ်၊ ခရိုင်၊ စက်ရှင်တရားသူကြီးတွေကလည်း တရားစီရင်တယ်။
B.A, BL, Barrister at Law, LL.M, LL.D ဘွဲ့တွေ ရတော့ သိပ်တော်ကြတယ်ဗျာ။
အင်္ဂလိပ်စာလည်း တော်တယ်၊ အင်္ဂလိပ် ဥပဒေတွေကို ဖတ်ပြီး တရားစီရင်ကြတယ်ဗျာ။
တရားသူကြီးတွေက အမှုမှန်မှန်နဲ့ မြန်မြန်စစ်ဆေးနိုင်အောင် ဆောင်ရွက်တဲ့အခါမှာ ဘယ်သူဘယ်ဝါ တင်တဲ့အမှုမို့ အပြစ်ပေးရမယ်ဆိုတာ မရှိဘူး။
ဥပဒေအတိုင်းပဲ။
ဘယ်သူကမှ ခေါ်မကြိမ်းဘူး။
တစ်ပြည်လုံးမှာ ရာဇ၀တ်မှု၊ တရားမ မှုတွေက နည်းတယ်ဗျာ။ မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်၊ တိုင်းမင်းကြီး၊ စက်ရှင်တရားသူကြီးဆိုတာ လခလည်းကောင်း၊ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်းနဲ့ နေရတယ်ဗျ။
မြို့မျက်နှာဖုံးဗျ။ ကုန်ဈေးနှုန်းကလည်း မကြီးတော့ လခနဲ့ စားလောက်တယ်ဗျ။
၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်ထိ တရားစီရင်ရေး
တော်လှန်ရေးကောင်စီ တက်လာပြီးတဲ့နောက်မှာ လွှတ်တော်လည်း မရှိတော့ဘူး။
ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာကို တော်လှန်ရေးကောင်စီ ဥပဒေတွေနဲ့ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားတယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီတွေ ပေါ်လာပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ကြီးကြပ်ကွပ်ကဲလာတယ်။
ပညာရေးစနစ်သစ်ကြောင့် တက္ကသိုလ်ကနေ အင်္ဂလိပ်စာမတတ်တဲ့ ဥပဒေဘွဲ့ရတွေ မွေးထုတ်လာတယ်။ အဲဒီခေတ်က တရားရုံးတွေ တရား စီရင်ရေးဟာ လွတ်လပ်မှုရှိရဲ့လားဆိုတာ သမိုင်းသုတေသီများ သုတေသန ပြုသင့်ပါတယ်။
၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိ ပြည်သူ့တရားစီရင်ရေး
အုပ်ချုပ်ရေးစနစ်သစ် ပြောင်းပြီး အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာကို ခွဲထုတ်လိုက်တယ်။
သစ်ပင်အောက်မှာ၊ ၀ါးတဲအောက်မှာ၊ လယ်ထဲမှာ၊ စက်ရုံထဲမှာ တရားစီရင်နိုင်တဲ့ ပြည်သူ့တရားစီရင်ရေးစနစ်ကို မွေးထုတ်ခဲ့တယ်။
မြို့နယ်တရားသူကြီး၊ နယ်ပိုင်တရားသူကြီး၊ စက်ရှင်တရားသူကြီးတွေက ပြည်သူ့တရားသူကြီးတွေရဲ့ အကြံပေး၊ တရားရေးဝန်ထမ်းတွေ ဖြစ်လာကြတယ်။
ကျွန်တော် ဒါတွေမှတ်မိသလောက် တင်ပြနေရတာက အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟာ မတည်ငြိမ်၊ အပြောင်းအလဲများတဲ့ ဖြစ်စဉ်ကို တင်ပြနေတာပါ။
ပြည်သူ့တရားစီရင်ရေးခေတ်မှာ နာမည်ကျော်ရှေ့နေတွေလည်း နိုင်ငံခြား ထွက်သွားကြတယ်။
နာမည်ကြီး တရားသူကြီးတွေလည်း အကြောင်းကြောင်းကြောင့် အငြိမ်းစားယူခဲ့ကြတယ်။
အဲဒီခေတ်ကတည်းက တရားစီရင်ရေးစနစ်ဟာ ညှိုးမှိန်လာပါတော့တယ်။
၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တရားစီရင်ရေး
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ အတည်ပြုပြီး လွှတ်တော်ပေါ်လာတယ်။ အုပ်ချုပ်ရေးအတွက် ကောင်စီအဆင့်ဆင့် ပေါ်လာတယ်။
တရားရုံး အဆင့်ဆင့်ပေါ်လာတယ်။ တရားရေးဝန်ထမ်းတွေက ကောင်စီအဆင့်ဆင့် ပြည်သူ့တရားရုံးတွေရဲ့ တရားရေးဦးစီးမှူးတွေ၊ အကြံပေးတွေ ဖြစ်လာပါတော့တယ်။
အဲဒီခေတ်ကို ပါတီ/ကောင်စီခေတ် ခေါ်တယ်ဗျာ။
စာပေး၊ စာယူ၊ အဝေးသင်တက္ကသိုလ်တွေကနေ ဥပဒေဘွဲ့ရတွေ မွေးထုတ်ပေးတယ်။
ဥပဒေဘွဲ့ရတွေဟာ တရားရေးဝန်ထမ်းတွေ၊ ဥပဒေ ၀န်ထမ်းတွေ ဖြစ်လာကြတယ်။ တရားရေးဝန်ထမ်းတွေဟာ တရားသူကြီး မဟုတ်ပြန်လေတော့ ဥပဒေလေ့လာမှုအရည်အသွေးတွေ တဖြည်းဖြည်း ညံ့ကောင်းညံ့လာကြပါလိမ့်မယ်။ ပါတီ၊ ကောင်စီခေတ်မှာ 'လွတ်လပ်စွာ တရားစီရင်ခြင်း' ရှိ/မရှိ သမိုင်းက သက်သေခံခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် မတ်လအထိ တရားစီရင်ရေး
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အာဏာရပြီးနောက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေးဥပဒေအရ တရားရေးဝန်ထမ်းတွေဟာ တရားရုံး အဆင့်ဆင့်ရဲ့ တရားသူကြီးတွေ ဖြစ်လာကြတယ်။
လွှတ်တော်မရှိတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဥပဒေတွေ ထုတ်ပြန်တယ်။
အချို့က စစ်အစိုးရလို့ ခေါ်ကြတယ်။
ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအမည် ပြောင်းတယ်။
၂၀၀၀ ပြည့်နှစ်၊ တရား စီရင်ရေးဥပဒေအရ တရားရုံးအဆင့်ဆင့် ပေါ်လာတယ်။ စစ်အစိုးရခေတ်မှာ တရားသူကြီးတွေဟာ ပေးဆပ်တဲ့ တာဝန်တွေကို 'မမှိတ် မသုန်၊ ဦးဆွေးဆံမြည့်' စီရင်ချက်တွေ ချမှတ်ခဲ့ရပါတယ်။
လွတ်လပ်စွာ တရားစီရင်ခြင်း ရှိ/မရှိ ဆိုတာကတော့ သမိုင်းက သက်သေတည်ပါလိမ့်မယ်။ အဲဒီခေတ်မှာက အုပ်ချုပ်ရေးအဖွဲ့တွေမှာ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်းတွေက အဖွဲ့ဝင်တွေ ဖြစ်ကြတယ်။
အဲဒီလို အုပ်ချုပ်ရေး ဖွဲ့စည်းပုံတွေကြောင့် တရားရုံးတွေဟာ အုပ်ချုပ်ရေးရဲ့ အရိပ်အောက်ကို ရောက်သွားတယ်။
အဲဒါကြောင့် အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရတယ်။ ပြောရရင်တော့ အများကြီးပါပဲ။ တရားသူကြီးတွေကို တင်စာ၊ ပစ်စာတွေနဲ့ ထိုးနှက်တယ်။
အမှုကို မဆုံးဖြတ်မီ တိုင်စာ၊ ပစ်စာတွေနဲ့ 'ကြိုကာ' လုပ်တယ်။
အဲဒီကာလမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကလည်း မတည်ငြိမ်တော့ တရားစီရင်ရေးကလည်း မတည်ငြိမ်ဘူးပေါ့ဗျာ။ ကျွန်တော်လည်း ကျန်အာဆီယံနိုင်ငံတွေရဲ့ တရားစီရင်ရေးစနစ်တွေကို လက်လှမ်းမီသလောက် လေ့လာကြည့်တယ်။ အဲဒီနိုင်ငံတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေ တည်ငြိမ်နေတယ်။ တရားစီရင်ရေး စနစ်လည်း တည်ငြိမ်တယ်။
တရားသူကြီးတွေကိုလည်း လာဘ်ပေးလာဘ်ယူလုပ်ဖို့ မလိုအောင် နေရေး၊ စားရေး၊ သွားရေး၊ လာရေး ပြည့်စုံအောင် ထောက်ပံ့ထားတယ်ဆိုတာကို တွေ့ရတယ်။
ကျွန်တော်တို့နိုင်ငံမှာက အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်က ဥပဒေအများစုကိုပဲ ဆက်ပြီး ကျင့်သုံးနေရတယ်။
ခေတ်စနစ်နဲ့ မကိုက်ညီတော့ဘူး။ ပြစ်မှုပြစ် ဒဏ်တွေလည်း နိုင်ငံတကာဥပဒေစနစ်တွေနဲ့ မညီတော့ဘူး။ အဲဒီအခြေအနေတွေမှာ တရားသူကြီးတွေက ဥပဒေဟောင်းထဲကအတိုင်း အမိန့်ချရတယ်။
'အင်တာနက်ခေတ်' မှာ တရားသူကြီးတွေကို စွပ်စွဲပုတ်ခတ်မှုတွေ မိနစ်ပိုင်းအတွင်း ကမ္ဘာကျော် သွားတော့တယ်။ ၂၀၁၁ ခုနှစ်၊ မတ်လနောက်ပိုင်း တရားစီရင်ရေး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အဆင့်ဆင့် ပေါ်လာတယ်။
၂၀၁၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရ မြို့နယ်ခရိုင်တရားရုံး ပြည်နယ်၊တိုင်းဒေသကြီးတရားလွှတ်တော်၊ ပြည်ထောင်စုတရား လွှတ်တော် ချုပ် ဖွဲ့စည်းပေါ်ပေါက်လာပါတယ်။
တရားရုံးအဆင့်ဆင့်မှာ တရားသူ ကြီးတွေက တည်ဆဲဥပဒေများနဲ့အညီ အမှုများကို စစ်ဆေးစီရင် ဆုံးဖြတ်နေချိန်မှာ တရားစီရင်ရေးနဲ့ တရားသူကြီးများကို ဝေဖန်ပုတ်ခတ် စွပ်စွဲမှုများ အရှိန်မြင့်လာတာကို ကြားသိတွေ့မြင် နေရပါတယ်။
တကယ်ဆိုတော့ တရားသူကြီးတွေဟာလည်း နိုင်ငံတော်ရဲ့ သားသမီးတွေ ပါပဲ။ သားသမီးမကောင်း မိဘခေါင်း၊ မိဘမကောင်း သားသမီးခေါင်းပါပဲ။
သမိုင်းရေစီးကြောင်း တစ်ခုတည်းမှာ ယှဉ်တွဲမျောပါနေတဲ့ ခေတ်ပြိုင်ဝန်ထမ်းတွေကိုတော့ လာဘ်ပေးလာဘ်ယူ ကိစ္စအတွက် နှုတ်ပိတ်နေကြပြီး တရားသူကြီးတွေကိုမှ ၀ါးလုံးရှည်နဲ့ သိမ်းယမ်းတာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီပါ့မလား။
တရားသူကြီးများရဲ့ ရင်တွင်းခံစားချက်ကို နားထောင်ကြည့်မှ တရားမျှတ မှန်ကန်မယ်ထင်တယ်။
တရားသူကြီးများ၏ရင်ဖွင့်ချက်များ
- တရားသူကြီးတွေဟာ အင်္ဂလိပ်ခေတ်၊ လွတ်လပ်ရေးခေတ် (ဖဆပလ ခေတ်)၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ် ဥပဒေတွေနဲ့ စီရင်ထုံးတွေကို အမြဲလေ့လာနေရတယ်။ (၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ နှစ်ပေါင်း ၂၀ ကျော် ခန့်) - တည်ဆဲဥပဒေနဲ့ စီရင်ထုံးတွေဟာ တစ်ခုနဲ့တစ်ခု ရှေ့နောက်မညီညွတ်ဘဲ ကွဲလွဲဆန့်ကျင်နေတာတွေရှိနေတယ်။ ဥပဒေ စီရင်ထုံးတွေကို ခေတ်နဲ့အညီ တစ်ပြေးညီဖြစ်ဖို့ ပြင်ဆင်ရန် လိုအပ်နေပါတယ်။
- အာဆီယံနိုင်ငံများနဲ့ နိုင်ငံတကာက တရားရုံးတွေ၊ တရားစီရင်ရေးစနစ်တွေ တည်ငြိမ်သလို တရားသူကြီးတွေရဲ့ ဘ၀ အဆင့်အတန်း ခိုင်မာမှုကို နိုင်ငံတော်က ဘယ်လိုထောက်ပံ့ထားသလဲဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်။
- နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှ တရားစီရင်ရေးစနစ် တည်ငြိမ်သန့်ရှင်းပါမယ်။
- တပ်မတော်နေ့၊ ရဲတပ်ဖွဲ့နေ့၊ မီးသတ်နေ့ စသည်ဖြင့် ဌာနဆိုင်ရာတွေကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့ နေ့တွေ ကျင်းပတယ်။
- ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ သစ်တောနဲ့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ထိန်းသိမ်းရေး၊ လူမျိုးမပျောက်မှု ထိန်းသိမ်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးဇာတ်လမ်းတွေ အနုပညာနဲ့ပေါင်းစပ်ပြီး ဖန်တီးခဲ့ကြတယ်။ လူတွေကို အသိပေး ခဲ့ကြတယ်။
- တရားစီရင်ရေးမဏ္ဍိုင် ကြံ့ခိုင်ရေး၊ တရားသူကြီးများ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ပညာပေးဇာတ်လမ်းတွေ ဘာဖြစ်လို့ မဖန်တီးကြတာလဲ။
- ဒါရိုက်တာမောင်တင်ဦးရဲ့ 'နှလုံးလှ လူမိုက်' ဇာတ်ကားထဲမှာပဲ တရားသူကြီး တစ်ယောက်ရဲ့ အရည်အချင်းဇာတ်ရုပ်ကို ရသ မြောက်အောင် ဖန်တီးခဲ့တာ ရှားရှားပါးပါး တွေ့ရပါတယ်။
- တရားဥပဒေတိုင်းမှာ ခြွင်းချက်တွေ ပြဋ္ဌာန်းပေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ မှားတတ်လို့ပဲ။ ခဲတံမှာ ခဲဖျက်ထည့် ထားရသလိုမျိုးပေါ့။
- ပြည်ထောင်စုလွှတ်တော်ရေးရာ ကော်မတီဝင်တွေဟာ ပြည်ထောင်စု အဆင့်ရှိ/မရှိ ပြဿနာကို နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးကို တင်သွင်းပြီး အဆုံးအဖြတ်ခံယူတဲ့အခါ ခုံရုံးက ပြည်ထောင်စုအဆင့် မရှိဘူးလို့ ဆုံးဖြတ်တယ်။
- အဲဒီဆုံးဖြတ်ချက်ကို လွှတ်တော်အဆင့်ဆင့်မှာ ကျေနပ်မှုမရှိလို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စောဒကထပ်ပြီး တင်သွင်းမယ် ပြောတယ်။
- အထက်ပါဖြစ်စဉ်အရ တရားသူကြီးဆိုတာ ဆုံးဖြတ်ရတာ မလွယ်ပါဘူးဆိုတာ ထင်ရှားတယ်။ တရားသူကြီးဆိုတာ နှစ်ဖက်တင်ပြတာကို နာကြားပြီး မျှမျှတတ ဆုံးဖြတ်တာပါပဲ။ ရှုံးတဲ့ဘက်ကတော့ ဘယ်ကျေနပ်မလဲ။ အံ့ဩစရာ ကောင်းတာက နိုင်တဲ့ဘက်က တိုင်တာရှိသေးတယ်။
တရားသူကြီးများ တရားခံမဖြစ်စေချင်
နှစ်ပေါင်းတစ်ရာကျော် ဥပဒေတွေဟာ ရှုပ်ထွေးခက်ခဲနက်နဲလွန်းလို့ အကျယ်ချဲ့ပြီး ဆွေးနွေးနေရင်လည်း ပြောမဆုံးပေါင် တောသုံးတောင်ပါ။
တရားမဥပဒေတွေက ပိုပြီးကျယ်ပြန့်တယ်။ အသေးစိတ်တယ်၊ နက်နဲတယ်။ အမှုသည်တွေကလည်း တရားသူကြီးတွေရဲ့ ဘ၀ကို စာနာနားလည်ပေးသင့် ပါတယ်။
အမှုနိုင်ချင်လို့ တိုင်စာ၊ ပစ်စာနဲ့ ခြိမ်းခြောက်တာ လူမဆန်ပါဘူး။
ဦးလှကြည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊ စာမျက်နှာ ၈၉ မှာ-
“တရားရုံးများတွင် တရားမျှတခြင်း ထွန်းကားနိုင်စေရန်အတွက် အဘက်ဘက်၌ သန့်ရှင်းစင်ကြယ်ခြင်း၊ ခံယူချက် မှန်ခြင်း၊ စေတနာပြည့်ဝ၍ တက်ကြွသော ၀ီရိယရှိခြင်းတို့သည် အမှုပွဲစား၊ အငှား အာမခံသူ၊ သက်သေလိုက်သူစသော မလိုလားအပ်သူ များကို ဖယ်ရှား ရှင်းလင်း၍ တရားရုံးများကို သန့်ရှင်းစေရသည်။ ထိုနည်းတူစွာပင် တရားစီရင်ရသော တရားသူကြီးများ၊ အမှန်တရားကို ဖော်ထုတ်ရာတွင် ကူညီဆောင်ရွက်ရသော ရှေ့နေအကျိုးဆောင်များကလည်း ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန်ထမ်းဆောင်ကြရမည်” ဟု လမ်းညွှန်ခဲ့ပါတယ်။
ကျွန်တော့အနေနဲ့ အခုလိုကြိုးစားပြီး တင်ပြနေရခြင်းသည် တရားစီရင်ရေးမဏ္ဍိုင် ကြံ့ခိုင်သန့်ရှင်းစေရေးအတွက် အရင်းခံဖြစ်ပါသည်။ တရားသူကြီးများ တရားခံမဖြစ်စေချင်ပါ။ တရားခံဖြစ်သွားသော တရားသူကြီးက စေတနာဖြင့် သတိပေး ရေးသားတင်ပြလိုက်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...