Tuesday, April 16, 2013

စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ကန့်သတ်ချက် အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးပါရန် အဆို တင်သွင်း

သူရဦးအောင်ကို(ကန်ပက်လက်မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်များ ကာယစိတ္တသုခ အဖြာဖြာနှင့် ပြည့်ဝကြ ပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ဖြစ်ပါတယ်။ ကျွန်တော်တင်သွင်းမည့်အဆိုက တော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရဲ့ စာချွန်တော် လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်း များအနက် အပိုဒ် ၄၄၊ ၄၇၊ ၆၁ ပါ ကန့်သတ်ချက်များကို ပြင်ဆင် ပယ်ဖျက်ပေးရန် အဆို ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ The Constitution is the Law of the Laws and nobody is supreme ဆိုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အထက်မှာ မည်သူမှ မရှိစေရပါ။ နိုင်ငံသားများ ကို ၎င်းအခွင့်အရေးကာကွယ်ရန် အခြေခံဥပဒေက အထူးအခွင့်အရေး အဖြစ်နဲ့ စာချွန်တော် လျှောက်ထား ပိုင်ခွင့်ပေးထားပါတယ်။ ဒါကြောင့် နိုင်ငံသားတို့ရဲ့ အခွင့်အရေး အကာအကွယ် ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အခြေခံဥပဒေက စာချွန်တော် အမိန့်ထုတ်ဆင့် ခွင့်ကို အထူး အာဏာတစ်ရပ် အဖြစ်နဲ့လည်း အပ်နှင်းထားတာ တွေ့ရှိရပါတယ်။
ဒီနေရာမှာ ဒေါက်တာမောင်မောင် ရေးသားခဲ့တဲ့ တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ စာအုပ်မှာ ဖော်ပြထားတဲ့ အချက်အချို့ကို တင်ပြလိုပါတယ်။ အခြေခံဥပဒေ အတည်ပြု ပြီးတဲ့နောက် မှာ ထိုဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံ အခွင့်အရေးတို့ကို တစ်နည်းတစ်ဖုံ ပျက်ပြားအောင်ပြုလုပ် ခြင်း၊ ထိပါးခြင်းကို ရာဇဝတ်မှုမြောက် စေရန်အတွက် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၃၀(က)ကို အသစ် ထည့်သွင်း ပြဋ္ဌာန်းထားရှိပါတယ်။ ဒါကြောင့် အခြေခံ အခွင့်အရေးတို့ကို ထိပါးခြင်းများသည် ပြစ်ဒဏ် ထိုက်သင့်စေသော ပြစ်မှုများ ဖြစ်ပါတယ်။ အခြေခံအခွင့်အရေး တစ်ရပ်ရပ်ကို ထိပါးခြင်းခံရတဲ့ ပြည်သူ တစ်ဦးဦးဟာ ကျူလွန်သူကို ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် အရေးယူနိုင်ပါတယ်။ သို့ရာတွင် ပြစ်မှု ဆိုင်ရာဥပဒေအရ အရေးယူခြင်းနှင့်သာ ဖူလုံခြင်းမရှိသော အခြေခံအခွင့်အရေးများ ထိပါးမှုရှိတတ် ပေရာ ၎င်းတို့ကို ကာကွယ်ရန် ဥပမာအားဖြင့် ပြည်သူ တစ်ဦးဖြစ်တဲ့ ဦးဖြူသည် လွတ်လပ်စွာ သွားလာ နေထိုင်နိုင်ပါတယ်။ အဲဒီအခွင့်အရေးကို ထိပါးကျူးကျော်၍ နိုင်ငံတော်အစိုးရ အမိန့်ဖြင့် သော်လည်း ကောင်း၊ အခြားသောအဖွဲ့အစည်း တစ်ခုခုကသော်လည်းကောင်း၊ ဦးဖြူကို ဖမ်းဆီးချုပ်နှောင်ထား လျှင် အဆိုပါ အခြေခံ အခွင့်အရေး ထိပါးခြင်းမျိုးကို ဦးဖြူက မည်သို့ ကာကွယ် နိုင်ပါမည်နည်း။ နောက်ထပ် ဥပမာအားဖြင့် ပြည်သူ တစ်ဦးဖြစ်တဲ့ ဦးဖြူဟာ လွှတ်တော် ရွေးကောက်ပွဲ တစ်ရပ်မှာ အမတ်လောင်း အဖြစ် စာရင်းသွင်းပြီးတော့မှ ယှဉ်ပြိုင် အရွေး ခံဖို့ ကြိုးစားပါတယ်။ ဒါကြောင့်မို့လို့ ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ရွေးကောက်ပွဲဝင်ခွင့် လျှောက် ထားပါတယ်။ သို့ရာတွင် ကော်မရှင်က ဦးဖြူကို အသားမည်းသည်ဟု အကြောင်း ပြချက်ဖြင့် ၎င်း လျှောက်လွှာကိုပယ်ပြီးတော့မှ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြု။ အဲဒီအခါ ဦးဖြူသည် မိမိအခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို မည်သို့ကာကွယ်နိုင်ပါမည် နည်း။ ဦးဖြူသည် ကော်မရှင်အဖွဲ့ခွဲကို တရားစွဲလို့လည်း မရနိုင်ပါ။ ကော်မရှင်သည် အစိုးရကိစ္စကို ထမ်းဆောင်ရင်းနှင့် မှားယွင်း ဆုံးဖြတ်ခြင်းပင် ဖြစ်သော်လည်း၊ ၎င်းအား လျော်ကြေး ရလိုမှုနှင့်လည်း တရားမစွဲရနိုင်ပါ။ ပြစ်မှုကြောင်း ဖြင့်လည်း အရေးယူခွင့်မရှိပါ။ ၎င်းအား အရေးယူ ပိုင်ခွင့်ရှိသော် လည်း ဦးဖြူမှာ ရွေးကောက်ပွဲ ကော်မရှင်ကို အပြစ်ရ စေသည်ထက် မိမိကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ခွင့် ကို အချိန်မီရရှိ၍ ပါဝင် ယှဉ်နိုင်ဖို့ ရန်သာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် ဦးဖြူသည် မည်သို့သောနည်း ဖြင့် ၎င်း၏ အခွင့်အရေးကို ကာကွယ်နိုင်ပါသနည်း။
အထက်ပါ ဥပမာရပ်များကဲ့သို့ အခြေခံ အခွင့်အရေးများကို ထိပါးတဲ့ အခါများမှာ မြန်မြန် ထိရောက်စွာ ကာကွယ်ပေးရန်နှင့် နစ်နာချက်ကို ပြင်ဆင်ဖို့အတွက်ကို နိုင်ငံတော် တရားလွှတ်တော်ချုပ် သို့ သွားရောက် လျှောက်ထား နိုင်ပါတယ်။ အခြေခံဥပဒေကို စောင့်ထိန်း ကာကွယ်ရာမှာ တရား လွှတ်တော်ချုပ်သည် သီးခြား လွတ်လပ်သော မဏ္ဍိုင်ကြီး ဖြစ်ပါတယ်။ အခြေခံဥပဒေရဲ့ သဘော အဓိပ္ပာယ် ကောက်ယူရာမှာ ကွဲလွဲလိုရှိလျှင်၊ သံသယရှိလျှင် သို့မဟုတ် အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များ ကို တစ်နေရာတွင် တစ်ဦးဦးက သို့မဟုတ် အစိုးရက လွှတ်တော်က ကျူးလွန် မိသည်ဟု သံသယ ကင်းရှင်းအောင် ရှင်းလင်းပေး ရပါတယ်။ အမှားကို ပြင်ဆင် ပေးရပါတယ်။ မှန်ရာကိုလည်း ညွှန်ပြပေး ရပါတယ်။
တရား လွှတ်တော်ချုပ်ဟာ တရားရေးမဏ္ဍိုင်ရဲ့ ဦးသျှောင် ဖြစ်ပါတယ်။ ဦးသျှောင်ဖြစ်သလို ပြည်သူတိုင်း သွားရောက် ပြီးတော့မှ လျှောက်ထားခွင့်ရှိတဲ့ ရုံးတော်လည်း ဖြစ်ပါတယ်။ နိုင်ငံတော် တစ်ဝန်းမှာရှိတဲ့ အခြားသော တရားရုံး များ ကဲ့သို့ ပြည်သူတွေအတွက် တရားမျှတစေရန် ဖွင့်လှစ် ထားသော တရားရုံးတော်ကြီး ဖြစ်ပါတယ်။ ဆင်းရဲသူရဲ့လျှောက်လွှာ၊ ချမ်းသူရဲ့လျှောက်လွှာ၊ အစိုးရ အဖွဲ့ရဲ့လျှောက်လွှာ၊ သာမန်ပြည်သူ အရပ်သားရဲ့လျှောက်လွှာဆိုပြီးတော့ ခွဲခြားမှုမပြုဘဲနှင့် တန်းတူ ထားပြီးတော့မှ တရားလွှတ်တော်ချုပ်က ကြားနာရပါတယ်။ အစိုးရ ချမှတ်ထားတဲ့ အမိန့်တစ်စုံတစ်ရာ သည် မှားယွင်း၍နေလျှင် သို့မဟုတ် အာဏာ ကျူးလွန်နေလျှင် တရား လွှတ်တော်ချုပ်က ပယ်ဖျက်၊ ပြင်ဆင်သင့်ပါတယ်။ အစိုးရဟူ၍ လွတ်လပ်စွာ မှားနိုင်သည်ဟု အခွင့်အရေး မပေးရပါ။
တရား လွှတ်တော်ချုပ်သည် အခြေခံအခွင့်အရေး တစ်ရပ်ရပ်ကို ထိပါးကျူးကျော် ထားသည်ကို တွေ့ရှိရလျှင် စာချွန်တော်အမိန့် ထုတ်ဆင့်၍ သက်ဆိုင်ရာတို့ရဲ့ အမှားအယွင်းကို ပြင်ဆင်ပေးဖို့ တာဝန်ရှိပါတယ်။ စာချွန်တော်ထုတ်ဆင့် လျှောက်ထားရာမှာ စရိတ်စကလည်း ကုန်၊  အထူးကုန်ကျ ခြင်းမရှိ၊ အများအားဖြင့် လျှောက်လွှာကို ရုံးတော်တံဆိပ်ခေါင်းသာ ကပ်ရပါတယ်။ လျှောက်လွှာတွင် ကိုးကားသော အချက်အလက်တို့ကို ကျမ်းကျိန်ဆို၍ ကျမ်းစာဖြင့် အထောက်အထား ပြုလုပ်ကာ တင်သွင်းနိုင်ပါတယ်။
အဲဒီလို လျှောက်ထားရာမှာ လွှတ်တော်ရှေ့နေ တစ်ဦးဖြင့် ဆောင်ရွက်စေလိုက ငှားရမ်း ဆောင် ရွက်စေနိုင်ပါတယ်။ ရှေ့နေရှေ့ရပ်များဟာ ရုံးတော်၏ ကျင့်ထုံးများ၊ လုပ်ရိုးလုပ်စဉ်များကို ကျွမ်းကျင် သဖြင့် ၎င်းတို့ရဲ့ အကူအညီကိုရရှိနိုင်က ပို၍အဆင်ပြေ ချောမွေ့နိုင်ပါတယ်။ အမှုကိစ္စမှာ အကျုံးဝင် တဲ့ ဥပဒေအချက်အလက်တို့ကို ရှေ့နေရှေ့ရပ်တို့က ရှာဖွေပြီိးတော့မှ ရုံးတော်ကို လျှောက်ထားနိုင် သဖြင့် အမှုကိစ္စကို စဉ်းစားဆုံးဖြတ်ရာမှာ ရုံး တော်ကို အကူအညီ ဖြစ်စေနိုင်ပါတယ်။
သို့ရာတွင် ရှေ့နေရှေ့ရပ်မငှားနိုင်တဲ့ ပြည်သူတို့ဟာ ကိုယ်တိုင် လျှောက်လွှာ တင်သွင်း၍ ကိုယ်တိုင်ပင် ရုံးတော် ရှေ့မှောက်သို့ သွားရောက် လျှောက်လဲနိုင်ပါတယ်။ ရှေ့နေမပါလို့ ၎င်းကို ရုံးတော်က ကြားနာခြင်း မပြုရဟူ၍ မရှိပါ။ ကြီးလေးသော အမှုများမှာ ရှေ့နေ ရှေ့ရပ်ငှားရမ်းရန် ငွေကြေး မပြည့်စုံသည့် တရားခံများ အတွက် နိုင်ငံတော်မှ ရှေ့နေများ ငှားရမ်းပေးပါတယ် သို့မဟုတ် အစိုးရ လွှတ်တော် ရှေ့နေများက လာရောက်၍ အမှု သွားအမှုလာကို မျှမျှတတ တင်ပြ လျှောက်ထားကြ ရပါတယ်။
တရား လွှတ်တော်ချုပ်နှင့် တရား လွှတ်တော် အဆင့်ဆင့်တို့ဟာ တရားရေး မဏ္ဍိုင်ရဲ့ ဦးသျှောင် ပင်ဖြစ်သကဲ့သို့ ပြည်သူတို့ရဲ့ အခွင့်အရေးကို ထိပါးလျှင် သို့မဟုတ် ကာကွယ်ရန် လိုအပ်လျှင် နှောင့် နှေးခြင်းမရှိဘဲ သွားရောက်၍ ခိုလှုံအပ်ထား အပ်သည့် ဌာနကြီးလည်း ဖြစ်ပါတယ်။ အခြေခံဥပဒေအရ ပြည်သူတို့နှင့် ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ သူတို့၊ ရရှိကြတဲ့ အခွင့်အရေးတို့ကို တစ်နည်းတစ်ဖုံ အားဖြင့် ထိပါးလျှင် တရားလွှတ်တော်ချုပ်က အောက်ပါကဲ့သို့သော စာချွန်တော်အမိန့်များ ထုတ်ဆင့် ၍ အမှားပြင်ဆင်ပေးရပါတယ်။ အစိုးရဌာနတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခုက ဦးဖြူကို တရားမဲ့ဖမ်းဆီး ထားလျှင် ရှေ့တော်သွင်းစာချွန်တော်ကို ထုတ်ဆင့်နိုင်ပါတယ်။ ၎င်းစာချွန်တော်၏ အဓိပ္ပာယ်မှာ ဦးဖြူ ကို ဖမ်းဆီးထားသောသူတို့က ဦးဖြူကို ရုံးတော်ရှေ့သို့ သွင်းစေ၊ ထို့ပြင် ဦးဖြူအား မည်ကဲ့သို့သော ပြစ်မှုကြောင့် မည်သည့်‌ဥပဒေအရ ဖမ်းဆီးထားပါတယ်လို့ ထုချေရှင်းလင်းခြင်းမပြုနိုင်လျှင် ဦးဖြူကို လွှတ်စေလို့ အမိန့်တော်ချမှတ်နိုင်ပါတယ်။
ဦးဖြူဟာ ပြည်ထောင်စုသားဖြစ်၍ လွှတ်တော် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အရွေးခံရန် အရည် အချင်းပြည့်စုံသူဖြစ်ပါလျှက် ၎င်းကို အသားမည်းတယ်၊ ဗုဒ္ဓဘာသာဝင်မဟုတ်၊ ခရစ်ယာန်ဘာသာ ဝင်လည်းမဟုတ် သို့မဟုတ်ရင် မယားနှစ်ယောက် ရှိတယ်စတဲ့ ဥပဒေအရ မသက်ဆိုင်သောအချက် တို့ကို ထောက်ထား၍ ကော်မရှင် အဖွဲ့ခွဲက ၎င်းရဲ့ အမတ်လောင်း ဖြစ်ခွင့် လျှောက်လွှာကို ပယ်ဖျက် လျှင် ဦးဖြူသည် တရားလွှတ်တော်ချုပ်သို့သွားရောက်၍ ၎င်းအမတ်လောင်းအဖြစ် လက်ခံစေရန် အတွက် စာချွန်တော် အမိန့် ထုတ်ပေးပါရန် လျှောက်ထားနိုင်ပါတယ်။  တရားလွှတ်တော်ချုပ်က  ဦးဖြူ ကို ထုချေခွင့်ပေးပြီးတဲ့နောက်မှာ အမတ်လောင်း အဖြစ် လက်ခံအတည်ပြုရန် အာဏာပေးစာချွန် တော် အမိန့်ထုတ်ပေးနိုင်ပါတယ်။ ထိုစာချွန်တော်ရဲ့ အမိန့်အာဏာကို လက်ခံရယူပြီးလျှင် ကော်မရှင် အဖွဲ့ခွဲသည် ဦးဖြူကို အမတ်လောင်းအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
အလားတူ အစိုးရဌာနတစ်ခုခုက ဖြစ်စေ၊ တစ်စုံတစ်ဦးက ဖြစ်စေ၊ ၎င်းကို တရားဥပဒေအရ အပ်နှင်းထားသော အာဏာကို ကျူးလွန်၍ တစ်စုံတစ်ရာကို ပြုလုပ်သဖြင့် ဦးဖြူရဲ့ အခွင့်အရေး ထိပါး ခဲ့လျှင် ဦးဖြူသည် တရားလွှတ်တော်ချုပ်သို့ တားမြစ်စေစာချွန်တော်အမိန့်ဖြင့် တားမြစ်ပေးရန် လျှောက်ထားနိုင်ပါတယ် သို့မဟုတ် တရားလွှတ်တော်ချုပ်က အာဏာကျူးလွန်သူကို မည်သည့် အခွင့်အာဏာဖြင့် ဦးဖြူရဲ့ အခွင့်အရေးကို ထိပါးသနည်းဟု အာဏာပိုင်မေးစာချွန်တော် အမိန့်ထုတ် ၍ အာဏာပိုင်ဆိုင်ခြင်းမရှိဘဲ အာဏာ ကျုးလွန်ကြောင်း ထင်ရှားလျှင် လိုအပ်သလို ပြင်ဆင်စေခြင်း ပြုလုပ်နိုင်ပါတယ်။ ထို့ပြင် အမှုခေါ်စာချွန်တော် အမိန့်ထုတ်၍ တရားလွှတ်တော်ချုပ်က အောက်ရုံး များရဲ့ ဆောင်ရွက်ပုံအမိန့်ချမှတ်ခြင်းများကို မှန်ကန်ခြင်းရှိ၊ မရှိ၊ ဥပဒေနှင့်ညီညွတ်ခြင်းရှိ၊ မရှိ စစ်ဆေး ကြည့်ရှု၍ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ပါတယ်။ အချို့သော တရားရုံးများက ၎င်းတို့စစ်ဆေး စီရင်နိုင်သော အခွင့်အာဏာကို မေ့လျော့၍ ဖြစ်စေ၊ ဥပဒေအဓိပ္ပာယ် ကောက်ယူရာတွင် မှားယွင်း၍ ဖြစ်စေ ကျူးလွန်တတ်ကြပါတယ်။ တချို့ကမူ အလားတူမေ့လို့ပဲ ဖြစ်စေ၊ မှားယွင်း၍ ဖြစ်စေ၊ သဘောရိုးဖြင့် ဖြစ်စေ၊ စီရင်ပိုင်ခွင့် ရှိပါလျက်နဲ့ အခွင့်အာဏာကို သုံးစွဲ၍ စစ်ဆေးစီရင်ခြင်း မပြုဘဲလည်း နေတတ်ကြပါတယ်။ ထို့သို့သော အခါမျိုး၌ တရားလွှတ်တော်ချုပ်က အမှုခေါ်စာချွန် တော်ဖြင့် လိုအပ်သလို အမိန့်ချမှတ်ပေးခြင်းပြုရပါတယ်။ တစ်ခါတရံမှာလည်းပဲ တရားရုံး တစ်ခုခုက ချမှတ်လိုက်တဲ့ အမိန့်သည် မှားယွင်း နေကြောင်းကို အမိန့်စာပေါ်တွင်ပင် ပေါ်လွင်ထင်ရှား၍နေပါက အဲဒီအမိန့်မျိုးကို တရား လွှတ်တော်ချုပ်က တရားရုံးများ မဟုတ်သော်လည်း တရားစီရင် ဘိသကဲ့သို့ ပြည်သူတို့ရဲ့ အခွင့်အရေးကို ဆုံးဖြတ် သတ်မှတ်ပေးရတဲ့ အစိုးရအရာရှိများ၊ အစိုးရရုံးများသည်လည်း  တရား လွှတ်တော်ချုပ်ရဲ့ ကြီးကြပ် ကွပ်ကဲခြင်းကို ခံယူကြရပါတယ်။ တရားလွှတ်တော်ချုပ်က ၎င်းတို့ ကိုလည်း အမှုခေါ်စာချွန်တော် ထုတ်ဆင့်နိုင်ပါတယ်။ ဖော်ပြပါ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်သူတို့ရဲ့ အခွင့်အရေးတို့ကို အခြေခံဥပဒေဖြင့် အကာအကွယ်ပေး၍ ထားရှိပေးတာကိုလည်း လေ့လာတွေ့ရှိ ရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေက စာချွန်တော်အမိန့် ၅ မျိုးထုတ်ပိုင်ခွင့်အာဏာကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ အထူးအာဏာတစ်ရပ်အဖြစ် အပ်နှင်းခြင်း ဖြစ်ပါတယ်။ တရားလွှတ်တော် ချုပ်မှ တရားသူကြီးများဟာ ဥပဒေအထက်တွင် မရှိစေရပါ။ စာချွန်တော်လျှောက်ထားမှုများမှာ တရား သူကြီးများသည် မိမိတို့ ကြေညာဆုံးဖြတ် ချမှတ်ခဲ့သော စီရင်ချက်များနှင့်ပတ်သက်၍ တရားဥပဒေ အရ တာဝန်ရှိသူများ ဖြစ်ပါတယ်။ မည်သို့ဆိုစေကာမူ သာနာညီမျှမှုကို တိုးတက်ဖြစ်ထွန်းလာစေသည့် သီးခြားတရား စီရင်ရေးစနစ် တစ်ရပ်ကြောင့် စာချွန်တော်မရှိလျှင် အမှန်မရှိနိုင်ဆိုသော မူတစ်ရပ် ပေါ်ပေါက်လာနေပါတယ်။
စာချွန်တော် ထုတ်ပိုင်ခွင့် အာဏာရှိသည့် တရားစီရင်ရေး စနစ်သည် သာမန်ဥပဒေဖြစ်တဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှ ပေါက်ဖွားလာခြင်း မဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အထူးပြု အပ်နှင်းထားတဲ့ သီးခြားဂုဏ်ဒြပ် ရှိသော တရားစီရင်ရေးစနစ် တစ်ခုသာ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် နိုင်ငံသားများကို စာချွန်တော် လျှောက်ထားပိုင် အထူးအခွင့်အရေးအဖြစ် ပေးထားခြင်းလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်၍ လျှောက်ထားသော အမှုခေါ် စာချွန်တော်အမိန့် အကြောင်းကို အထူး ထပ်မံ တင်ပြလိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ သို့မဟုတ် သဘာဝသာနာ ညီမျှမှုဥပဒေနှင့် ဆန့်ကျင်တဲ့ မည်သည့် ဥပဒေမဆို ပျက်ပြယ်သည်၊ အပြီး အပြတ်အတည် ဖြစ်စေရမည်ဆိုတဲ့ စကားရပ်များပါရှိတဲ့ သာမန် ဥပဒေများဖြစ်ကြတဲ့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ၊ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် ဥပဒေတို့ရဲ့ အမိန့်များ အပေါ်မှာ စာချွန်တော် လျှောက်ထားမှု မပြုလုပ်ရဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကန့်သတ်ချက်၊ ပြဋ္ဌာန်းထားခြင်း မရှိပါ ဘူး။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သည်သာ အမှုခေါ် စာချွန်တော် အမိန့်ထုတ်ပြန်၍ အမှုများကို ပြန်လည် သုံးသပ်နိုင်ပါတယ်။
စာချွန်တော် လျှောက်ထားမှုကို ခုံရုံးဖြင့်သာ ပြန်လည်စိစစ်ကြားနာခြင်း အပိုင်းမှာ စာချွန်တော် အမှုများကို အင်္ဂလန်နိုင်ငံ ဘုရင်ရဲ့ ခုံရုံးအဖွဲ့က ရုံးထိုင် စိစစ်ဆုံးဖြတ်ကြပါတယ်။ ထို့အတူ စာချွန်တော် လျှောက်ထားမှုများက သာမန် တရားစီရင်ရေး မဟုတ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သက်ရောက်ရာ နိုင်ငံများ မှာလည်းပဲ တရား လွှတ်တော်ချုပ်မှ တရားသူကြီးများ ပါဝင်သော ခုံအဖွဲ့ဖြင့်သာ စီစစ်ကြရပါ တယ်။ ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၁၀ အပိုဒ်ခွဲ ၄ မှာ တရားလွှတ်တော် ချုပ်သည် မည်သည့် အမှုကိုမဆို သုံးဦးအောက် နည်းသော တရားဝန်ကြီးများက စီရင် ဆုံးဖြတ်ခြင်း မပြု ရလို့ သတ်မှတ် ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်ထိ မြန်မာနိုင်ငံတရား စီရင်ထုံးများကို လည်း လေ့လာကြည့်လို့ ရှိရင် တရား လွှတ်တော်ချုပ်၊ တရားသူကြီး ၂ ဦးပါသော အဖွဲ့ဖြင့်သာ စာချွန်တော် လျှောက်ထားမှုများကို စီစစ်ကြားနာ ဆုံးဖြတ်ကြရပါတယ်။ စာချွန်တော် လျှောက်ထားမှုများ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားများကို အထူးပေးတဲ့ အခွင့်အရေး ဖြစ်သောကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ရုံးထိုင်မည့်  တရားသူကြီးများသည် ၂ ဦး သို့မဟုတ် ၃ ဦးသာ ဖြစ်သင့်ပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ ကိုဘာဘူပါ ၂ နှင့် ကိုကျင်သိန်း ၁၉၆၅ ခုနှစ် မ.တ.စ ၄၇၀။ တရားစီရင်ရေး၏ အနှစ်သာရတစ်ရပ်မှာ ရုံးရှေ့ရောက်လာကြတဲ့ နှစ်ဘက်အမှုများကို ပြည့်စုံစွာဦးစွာ ကြားနာရပါတယ်။ တစ်ယောက်က ပြောရုံဖြင့် ၎င်း၏ ပြောဆိုချက် ကို လက်ခံသော ဆုံးဖြတ်ရသည် မဟုတ်ပါ။ တစ်ဖက်ကိုလည်း ချေပခွင့်နှင့် ပြောဆိုရန် ရှိသည်တို့ကို ခွင့်ပြုပေးရပါတယ်။ ဒါကြောင့် စာချွန်တော်အမှုများကို တရားသူကြီး တစ်ဦးတည်းက စီရင်ဆုံးဖြတ်ပြီး ပလပ်သည့် အမိန့်များကို မိမိတို့ရဲ့ တရားမျှတမှု ကျင့်စဉ်အတိုင်း ဆောင်ရွက်လေ့ရှိသည့် မိမိ၏ ကိုယ် ပိုင်အခွင့်အာဏာ ကိုကျင့်သုံး၍ ပြန်လည်သုံးသပ်ကာ ပယ်ဖျက်ပြီးတော့မှ ဥပဒေနှင့်အညီ တရားသူကြီး နှစ်ဦး သို့မဟုတ် သုံးဦး ပါဝင်သော ပြည်ထောင်စု တရားလွှတ်တော်ချုပ် ခုံရုံးဖြင့် ပြန်လည် ကြားနာစီစစ်ပေးရန် တောင်းဆိုပါတယ်။ ဒါကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရား သူကြီး တစ်ဦးတည်းကို တာဝန်ပေး ဆုံးဖြတ် စေခြင်းသည် အမှန်တရားနှင့် နီးစပ်သည်လို့ မယူဆပါ။ နီးလည်းမနီးစပ်နိုင်ပါ။ ဒီကိစ္စဟာ အများပြည်သူအတွက် ဘဝမကျစရာ ဖြစ်သလို ခက်ခဲနက်နဲသော ဥပဒေပြဿနာကို အလေးအနက်ထား၍ ဖြေရှင်းသည်ဟုလည်း မယူဆကြပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားတဲ့ ကြီးကြပ်ကွပ်ကဲခွင့် အာဏာကို ဥပဒေနှင့်အညီ ကျင့်သုံး ဆောင်ရွက်ရာလည်း မရောက်ပါ။ ဥပဒေနှင့်မညီတဲ့အပြင် သာနာညီမျှမှု အခွင့်အရေးကို မဖြစ်စေပါ။ အခြေခံ ဥပဒေမှ စာချွန်တော်အမိန့်များ ထုတ်ဆင့်ခြင်းဖြင့် နိုင်ငံသားတို့ရဲ့ အခွင့်အရေးတို့ကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အကာအကွယ်ပေးစေရန် တာဝန်ပေးအပ်နှံထားခြင်းဖြစ်သည်ကို မမေ့အပ်ပါ။
အထက်ပါ အကြောင်းများကြောင့်‌ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ စာချွန်တော်လျှောက် ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်း ညွှန်ကြားမှုများအပေါ်မှာ ဥပဒေနှင့်ညီညွတ်မှုမရှိတဲ့ (၁) အပိုဒ် ၄၄ တွင်ပါရှိတဲ့ ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ဒုတိယညွှန်ကြားရေးမှူးချုပ် တရားစီရင်ရေးသည် လျှောက်ထားလွှာကို လက်ခံရရှိတဲ့အခါ အမှုခေါ် စာချွန်တော် အမိန့်နှင့် တားမြစ်စေ စာချွန်တော်အမိန့် လျှောက်ထားလွှာ နှင့်အတူ စာချွန်တော်ဖြင့် ပယ်ဖျက်ပေးစေလိုတဲ့ အမိန့် သို့မဟုတ် အမှုတွဲမှတ်တမ်း သို့မဟုတ် အမှုဆောင်ရွက်ချက်များရဲ့ မိတ္တူမှန်များနှင့် လိုအပ်တဲ့ ကျမ်းကျိန်လွှာများ ပူးတွဲတင်ပြထား ခြင်းရှိ၊ မရှိ စိစစ်ရပါမည်။ လျှောက်လွှာကို စိစစ်ရာမှာ အောက်ပါကိစ္စရပ်များ တွေ့ရှိပါက လက်ခံခြင်း မပြုရပါ။ ၎င်းတို့မှာ (က) ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အပြီးအပြတ်အတည် ဖြစ်စေရမည်ဟု ပြဋ္ဌာန်း ထားသည့် အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ အပေါ် တင်သွင်း လျှောက် ထားခြင်း။ (ခ) ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စီရင် ဆုံးဖြတ်ပြီးသည့် စာချွန်တော် အမိန့်ထုတ် ပေးရန် လျှောက်ထားမှုအပေါ်မှာ ထပ်မံ၍၏ တင်သွင်းခြင်း။ (ဂ) ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ပြီးသည့် အမှုများအပေါ် တင်သွင်း လျှောက်ထားခြင်းစသည့် အပိုဒ် ၄၄ အပိုဒ်ခွဲ (က)၊ (ခ)၊ (ဂ) တို့ကို ပယ်ဖျက်ပေးပါရန်။ (၂) အပိုဒ် ၄၇ တွင်ပါရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးသည် မိမိသဘောအရဖြစ်စေ၊ လျှောက် ထားသူအား ကြားနာ၍ ဖြစ်စေ၊ လျှောက်ထားခံရသူ သို့မဟုတ် လျှောက်ထား ခံရသူများထံမှ အကြောင်းပြရန် ကနဦး ဆုံးဖြတ်ချက် ချပေးနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။ စာသားအပိုဒ်ကို ပယ်ဖျက်၍ စာချွန်တော် အမိန့် လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှစ်ဦး သို့မဟုတ် သုံးဦးပါဝင်သည့် မည်သည့် နည်း နှင့်မျှ စာချွန်တော်လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦး တည်းက ကြားနာခြင်းမပြုရန် တားမြစ်သည် စာသားဖြင့် အစားထိုးပေးပါရန်။ (၃) အပိုဒ် ၆၁ တွင် ပါရှိ တဲ့ လျှောက်ထားမှုပြုလုပ်သည့်အမိန့်စာ သို့မဟုတ် အမှု သို့မဟုတ် ပြုမှုချက်ကို ပြုလုပ်သည့်နေ့မှ သုံးလအတွင်း စာချွန်တော်လျှောက်ထား တောင်းဆိုခြင်းမပြုခဲ့လျှင် မည်သည့်အမှုခေါ် စာချွန်တော်က ထုတ်ပေးခြင်း မပြုရ စသည့်အချက်အား ပယ်ဖျက်ပေးပါရန်။ (၄) တရားမျှတမှုအလို့ငှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီး တစ်ဦးတည်းက အကျဉ်းနည်းဖြင့် ပလပ်ခဲ့တဲ့ ဥပဒေနှင့်ညီညွတ် ခြင်းမရှိတဲ့ ယခင်တရားရုံးချုပ်၏ အမိန့်၊ ဆုံးဖြတ်ချက်၊ စီရင်ချက်နှင့် ဒီဂရီအပေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးနှစ်ဦး သို့မဟုတ် သုံးဦးပါဝင်သော ခုံအဖွဲ့ဖြင့် တရားရုံး တစ်ခုခုကြောင့် နိုင်ငံသား တစ်ဦးမှာ နစ်နာမှု မရှိစေ သင့်ဟူသော မူအရ တရားမျှတမှုကို ရှေးရှုလျက် ပြန်လည် စီစစ်ကြားနာရန် အချက်ကို ထပ်မံဖြည့်သွင်း ပေးပါရရန် အဆိုကို တင်ပြအပ်ပါတယ်။ နိုင်ငံသူနိုင်ငံသား ပြည်သူများရဲ့ အကျိုးကို မျှော်ကိုးလျက် ပြန်လည်စီစစ်ကြားနာရန် အချက်ကို ထပ်မံ ထည့်သွင်းပေး ပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။
ဥက္ကဋ္ဌ။           ။ ယခုသူရဦးအောင်ကို တင်သွင်းထားတဲ့ ထောက်ခံမယ့်ကိုယ်စားလှယ် တစ်ဦး အား ဖိတ်ခေါ်ပါတယ်။
ဦးစိုင်းသိန်းအောင် (တာချီလိတ်မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ တာချီလိတ် မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် ဖြစ်ပါတယ်။ ကန်ပက်လက် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို၏ စာချွန်တော်အမိန့် လျှောက်ထားမှု ဆိုင်ရာ ကန့်သတ်ချက် အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးပါရန် အဆိုအား လေးနက်စွာ ထောက်ခံပါကြောင်း လေးနက်စွာ တင်ပြ အပ်ပါတယ် ခင်ဗျား။
ဥက္ကဋ္ဌ။           ။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို တင်သွင်းတဲ့ အဆိုကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်။ သူရဦးအောင်ကို တင်သွင်းတဲ့ အဆို ကို လက်ခံ ဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။
ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းတဲ့အဆိုနှင့် စပ်လျဉ်းသည့် လွှတ်တော်က သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာ ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...