Thursday, April 18, 2013

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၁)

အခန်း (၁၃)
နိုင်ငံတော်အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော်

ပုဒ်မ ၄၃၇ (က) တွင် သုံးရောင်ချယ် ကြယ်တလုံးအလံကို တွေ့ရပါသည်။ ပြည်ထောင်စု ဟုခေါ်ပြီး တပြည်ထောင် ပုံရိပ်ကို ဖော်ပြထားသည်မှာ သဟဇာတ လုံးဝ မဖြစ်ပါ။ ကြံ့ဖွံ့ တပါတီ စနစ်ကို သွားလိုသည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆(ဃ) ပါ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖောက်ဖျက်ရာ ကျသွားပါမည်။ နိုင်ငံတော် အလံကို ပြည်ထောင်စု တိုင်းရင်းသား အများစု၏ သဘော တူညီမှုရယူကာ အသစ် ပြန်လည် ပြဋ္ဌာန်းသင့်ပါသည်။
ပုဒ်မ ၄၄၀ တွင် “နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်။”ဟု ပြဋ္ဌာန်းချက်မှာ မြန်မာ့ ရေမြေ သဘာဝနှင့် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုကို ပစ်ပယ်ရာ ကျပါ သည်။ နိုင်ငံတော်၏ မြို့တော် ရန်ကုန် နှင့် မန္တလေး ကိုပါ သတ်မှတ်ရပါမည်။ ဗဟို အစိုးရ ရုံးစိုက်ရာနေရာကိုသာ မြို့တော် သတ်မှတ်ချက်မှာ အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရာ မကျပါ။ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းသင့်ပါသည်။ 

အခန်း (၁၄)
ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ
ခေတ်တခေတ်မှတခေတ်၊ စနစ်တခုမှတခုသို့ ကူးပြောင်းသည့်ကာလသည် လျပ်တပျက်မဟုတ်ပါ။ တပါတီ စနစ်မှ ပါတီစုံ စနစ်သို့ ၁၉၈၈ ခုနှစ်မှ စ၍ ပြောင်းလဲလာခဲ့သည်မှာ ယနေ့ထိ မည်၍ မည်မျှ ကူးပြောင်းနိုင်ပါသနည်း။ ကူးပြောင်းရန် ပြဋ္ဌာန်း ချက်များရော ဟုတ်ပါ၏လော။ ကူးပြောင်းရေး ကာလတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်ပတ်သက်၍ မည်သို့မည်ပုံ ဆောင်ရွက်ခဲ့ ပါသနည်း။ အားလုံးဆန်းစစ် သုံးသပ်ရပါမည်။
ပုဒ်မ ၄၄၃ တွင် “ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုး ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင် အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောက်ရွက်သည်ဟု မှတ်ယူရမည်။” ဟု ပြဋ္ဌာန်းထား ချက်ပါ ကြိုတင်ဆောင်ရွက် သည့် လုပ်ရပ်များကို ဆန်းစစ်သင့်ပါသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ (န ၀ တ) စစ်အစိုးရအာဏာသိမ်းမှု သည်လည်းကောင်း၊ န ၀ တ စစ်အစိုးရမှ န အ ဖ စစ်အစိုးရသို့ နာမည်ပြောင်းခြင်းသည် လည်းကောင်း၊ န အ ဖ စစ်အစိုးရ မှ ညောင်နှစ်ပင် ညီလာခံ ကျင်းပ၍ နအဖ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ကို အကောင်အထည်ဖော်ခြင်း သည်လည်းကောင်း၊ ပြည်သူလူထုသို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ ရှင်းလင်းချပြခြင်း မပြုဘဲ  ဆန္ဒခံယူ ပွဲကျင်းပခြင်းသည် လည်းကောင်း၊ န အ ဖ စစ်အစိုးရက တဖက်သတ် ရေးဆွဲထားသည့် ဥပဒေ အရပ်ရပ်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားခြင်းသည် လည်းကောင်း ကြိုတင်ဆောင်ရွက် ခြင်းများသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်းဖော်ပြချက် သက်သက်သာ ဖြစ်ပါသည်။ ၎င်းတို့ ထိုကဲ့သို့  ဆောင်ရွက်သမျှသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်သည် ဟု ဖော်ပြလိုခြင်း ဖြစ်သည်။ တရားဥပဒေတွင် တရားဝင်သည် မ၀င်သည်မှာ တည်ဆဲဥပဒေ အရသာ ဖြစ်ရပါသည်။ ယခင်ဆောင်ရွက်ခဲ့သည့် ကိစ္စကို ယခုမှ တည်ဆဲဥပဒေ ဖြင့် နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်းမျိုး ဖော်ပြထားချက်မှာ လုံးဝ မဖြစ်သင့်ပါ။
အဓိက အရေးကြီးသည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တိုင်း၌ ဖော်ပြလေ့ရှိသည့်  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌လည်း ဖော်ပြထားသော  ပုဒ်မ ၄၃ တွင် “မည်သည့် ပြစ်မှု ဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေ ရ။”ဟုပြဋ္ဌာန်းထားချက်ကို ချိုးဖောက် ဆန့်ကျင်သည့် ပုဒ်မဖြစ်နေပါသည်။
ပုဒ်မ ၄၄၅ တွင် “ န ၀ တ အဖွဲ့ နှင့် န အ ဖ ကောင်စီ တို့၏ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။” ဟု ဖော်ပြချက်မှာ အထက်ပုဒ်မ ၄၃ ကို လေးစားလိုက်နာခြင်းမရှိဘဲ၊ ဆန့်ကျင်၍ ဥပဒေကို ချိုးဖောက်ထားခြင်းပြုရာ ဖြစ်နေပါသည်။ ထို့ပြင် ပြစ်မှုဆိုင်ရာ (ရာဇသတ်ကြီး) ဥပဒေပုဒ်မ ၂ တွင် “မည်သူမဆို ပြည်ထောင်စု နိုင်ငံတော် အတွင်းတွင် ဤရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ပြုလုပ်လျှင်၊ သို့တည်းမဟုတ် ထိုပြဋ္ဌာန်းချက်များအတိုင်း မပြုလုပ်ဘဲ ပျက်ကွက်လျှင် ထိုသူကို ဤရာဇသတ်ကြီးအရ ပြစ်ဒဏ်ထိုက်သင့်စေရမည်၊ အခြားနည်းအားဖြင့် ပြစ်ဒဏ်ထိုက်သင့်ခြင်း မရှိစေရ။”ဟု ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းသည် တရားဥပဒေ စိုးမိုးမှုကို လုံးဝ ဆန့်ကျင်လိုက်ရာ ကျပါသည်။
ပြစ်မှုဆိုင်ရာဥပဒေ အခန်း(၉) ပြည်သူ့ဝန်ထမ်းတို့ ကျူးလွန်သော၊ သို့တည်းမဟုတ် ပြည်သူ့ဝန်ထမ်းတို့နှင့် သက်ဆိုင် သော ပြစ်မှုများ၊အခန်းပါ ပုဒ်မများကို န ၀ တ နှင့် န အ ဖ  ၀န်ထမ်းများကျူးလွန်လျှင်လည်း ပြစ်ဒဏ် ချမှတ်ခံရပါမည်။ ပြစ်မှုပြစ်ဒဏ်မှ ကင်းလွတ်ချက်ယူ၍ မရပါ။ တရားလက်လွတ် ဖော်ပြချက်များကို အခြေခံဥပဒေတွင် လုံးဝမထည့်သွင်းသင့်ပါ။ ပြစ်မှုမှ ကင်းလွတ်ခွင့်ကို ပြစ်မှုဆိုင်ရာဥပဒေ အခန်း(၄) ကင်းလွတ်ရမြဲ အချက်များတွင် ဖော်ပြထားသောပုဒ်မများတွင် ပါရှိမှသာ ကင်းလွတ်ခွင့် ရပါမည်။ ပြစ်မှုဆိုင်ရာဥပဒေတွင် အခြေခံဥပဒေ ပုဒ်မ ၄၄၅ ပါ အဓိပ္ပါယ်သဘော ပါရှိသော ကင်းလွတ်ရမြဲ အချက်တချက်မှ မပါရှိပါ။ တရား ဥပဒေကို လေးစားလိုက်နာရန်လို အပ်ပါသည်။ န ၀ တ ၊ န အ ဖ ကျူးလွန်ခဲ့သော ပြစ်မှုအားလုံးကို လျော်ပစ်ရန် ပြဋ္ဌာန်းချက်မျိုးကို မည်သည့် တရားစီရင်ရေးစနစ်ကမျှ ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ တရားမျှတမှု၊
တရားစီရင်ရေးလွတ်လပ်မှုသည် ဒီမိုကရေစီ၏ အခြေခံ ဖြစ်သည် ဆိုသည့်မူကို မပစ်ပယ်သင့်ပါ။
အသွင်ကူးပြောင်းရေးကာလတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ပတ်သက်၍ တစုံတရာ ရှင်းလင်း ထုတ်ပြန် ကြေညာခြင်း၊ ပြည်သူ့ဆန္ဒ သဘောထား ခံယူခြင်း၊ သတင်းစာရှင်းလင်းပွဲ ဖြင့် အကျယ်အပြန့် ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ အသိပေး အကြောင်းကြား ရှင်းပြခြင်းများ တကြိမ် တခါမျှ မပြုလုပ်ခဲ့သည်ကို တွေ့ရပါသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ပြည်သူ လူထုဆန္ဒသဘောထားနှင့် နိုင်ငံရေးပါတီများ၏ ဆန္ဒသဘောထားများပါဝင်ပြီး အသွင်ကူးပြောင်းရေးကာလလုပ်ငန်းစဉ်များကို ချမှတ် ရေးဆွဲသင့်ပါသည်။ ယခုလက်တွေ့ အခြေအနေ၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူ့ဆန္ဒနှင့် နိုင်ငံရေးပါတီများ၏ သဘောဆန္ဒနှင့် ပြဒါးတလမ်း သံတလမ်း ကွဲလွဲနေသည်ကို တွေ့မြင်ရပါသည်။ အခြေခံ ဥပဒေကို မသိဘဲ ဆန္ဒမဲ ထည့်ခဲ့ကြရသည့်  သဘောတူချက်မှာ အမှန်တကယ် တရားဥပဒေအရ သဘောတူညီချက် မဟုတ်ပါ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၉၀ အရ “မိမိအကျိုး နစ်နာမည်ကို ကြောက်ရွံ့၍ ဖြစ်စေ၊ ကြောင်းခြင်းရာ အမှန်မသိ၍ ဖြစ်စေ သဘောတူခြင်းမျိုးသည် ဤရာဇသတ်ကြီးပါ ပုဒ်မ တခုခုက ရည်ရွယ်သော သဘောတူခြင်းမျိုး မမြောက်။” ဟုဖော်ပြထားချက်အတိုင်း ပြည်သူလူထုက အမှန်တကယ် သဘောတူခဲ့ကြခြင်း မဟုတ် သည်ကို အထူးအလေးထားရန် လိုအပ်ပါသည်။ ပြည်သူသည်သာ အခရာ အရာရာကို အဆုံးအဖြတ် ပေးနိုင်သည်ကို ဦးထိပ်ပန်ဆင် သင့်ပါသည်။
အခန်း (၁၅)
အထွေထွေ ပြဋ္ဌာန်းချက်များ
နိုင်ငံ့သမိုင်းနှင့်ယှဉ်၍ ဥပဒေသမိုင်းကိုလည်း သိရှိရန် လိုအပ်ပါသဖြင့် တည်ရှိခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တို့မှ အထွေထွေ ပြဋ္ဌာန်းချက်များ အခန်းပါ ပြဋ္ဌာန်းချက်များကို နှိုင်းယှဉ်ဖော်ပြပြီး အသင့်တော်ဆုံး ခေတ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် သုံးသပ်ရပါမည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၃) အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၂၁၆ တွင်“ မြန်မာ ဘာသာသည် ရုံးသုံးဘာသာ ဖြစ်ရမည်။ သို့ရာတွင် အင်္ဂလိပ်ဘာသာကိုလည်း သုံးခွင့်ပြုနိုင်သည်။” ဟူ၍လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၆) အထွေထွေ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၁၉၈ တွင်“နိုင်ငံတော်၏ အဖွဲ့အစည်းများ အတွင်း အထက်အောက် အပြန် အလှန်ဆက်သွယ်ရာ၌ လည်းကောင်း၊ တညီတညွတ်တည်း ဖြစ်စေရန်နှင့် အယူအဆ မကွဲစေပဲ ရှင်းလင်း လွယ်ကူစေရန် ရုံးသုံးစာ အဖြစ် မြန်မာစာကို အသုံးပြုရမည်။ လိုအပ်လျှင် သက်ဆိုင်ရာ တိုင်းရင်းသားစာကိုလည်း အသုံးပြုနိုင်သည်။”ဟူ၍၎င်း၊ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၅) အထွေထွေပြဋ္ဌာန်းချက်များ ပုဒ်မ ၄၅၀ တွင် “ မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်။” ပုဒ်မ ၄၅၂ တွင် ” ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်း၊ ပုဒ်မများ၊ ပုဒ်မခွဲများ၊ စကားလုံးစုများ၊ စကားတလုံးချင်း၏ အနက်အဓိပ္ပါယ်၊ သဘောအယူအဆများ ဖွင့်ဆိုရာ၌ မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။” ပုဒ်မ ၄၅၃ တွင် “ဤဖွဲ့ စည်းပုံအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင် တည်ဆဲ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်။” ဟူ၍လည်းကောင်း အသီးသီး ဖော်ပြထားသည်များကို တွေ့ရှိရပါသည်။
မြန်မာစာကို ရုံးသုံးစာ အဖြစ် အသုံးပြုသည်ကိုမည်သည့် ဥပဒေကမျှ မကန့်ကွက်ပါ။ သို့သော် ပြည်ထောင်စု ဟု နာမည် တပ်ဆင်ထား၍ လူမျိုးတမျိုးတည်း ဘာသာ စာပေ ယဉ်ကျေးမှု တခုတည်း၏ လွှမ်းမိုးမှုကို တခြားလူမျိုးစုများက ကြိုက်နှစ် သက်မှု ရှိပါ၏လော။ ၎င်းတို့၏ ဘာသာစာပေ ယဉ်ကျေးမှုကို မြန်မာမှုပြုခံရသည်ကို ကြေနပ်နှစ်သိမ့်မှု ရှိပါ၏လော ဆိုသည်ကို ထည့်သွင်း စဉ်းစားရပါမည်။ တိုင်းရင်းသား အချင်းချင်း ကိုယ်ချင်းစာစိတ်ဖြင့် ပြည်ထောင်စုစိတ်ဓါတ်ကို မွေးမြူသင့်ပါသည်။ မြန်မာစာ တိုးတက် ဖွံ့ဖြိုးရေးသည် တိုင်းရင်းသားစာပေနှင့်ပေါင်းစပ်ဖွံ့ဖြိုးရေး အပေါ်တွင် မူတည်သကဲ့သို့ တိုင်းရင်းသားစာပေ တိုးတက်ဖွံ့ဖြိုးရေး သည်လည်း မြန်မာစာပေနှင့်အတူ ပေါင်းစပ်ဖွံ့ဖြိုးအောင် တီထွင်ဖန်တည်းနိုင်မှသာလျှင် တနိုင်ငံလုံး စာပေမြှင့်ကာ တိုင်းရင်းသား လူမျိုးအားလုံး တင့်တယ်လာနိုင်ပါမည်။ စာပေ ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးရေးမှာ တိုင်းရင်းသား လူမျိုးအားလုံး၏ဘ၀နှင့် တိုက်ရိုက် သက်ဆိုင်ပါသည်။ အတူတကွ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းအတွက် စီမံကိန်း၊ စီမံချက် ရှိရန် အထူးလိုအပ်ပါသည်။ ဤအတွက် ထိုက်သင့်သည့် ဥပဒေ ပြဋ္ဌာန်းချက်များဖြင့် ညှိနှိုင်းဖြေရှင်းသင့်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရရုံးများတွင် သက်ဆိုင်ရာ လူမျိုး၏စာပေကိုလည်း မြန်မာစာနှင့် တွဲဖက်၍ မိမိတို့လူမျိုး၏စာပေကိုလည်း ရုံးသုံးဘာသာအဖြစ် အသုံးပြုသင့်ပါသည်။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ဘ၀များမှာ အလွန့်အလွန်ကွာဟ ခြားနား နေသည်ကို တွေ့ကြရမည် ဖြစ်ပါသည်။ သမိုင်းကို သင်္ခဏ်းစာ ယူတတ်ရန် လိုပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၈ တွင်
“ ပြည်ထောင်စုနိုင်ငံသည် သို့တည်းမဟုတ် ပြည်နယ်တို့သည် ပြည်သူသုံးလုပ်ငန်းဆောင်တာများကို လုပ်ကိုင်စေရန် လက်မှတ်ကို သို့တည်းမဟုတ် လိုင်စင်ကို သို့တည်းမဟုတ် အခြားနည်းဖြင့် အာဏာလွဲအပ်သော လုပ်ပိုင်ခွင့်ကို-
(က) ပြည်ထောင်စု နိုင်ငံကသော်လည်းကောင်း၊ ပြည်နယ်ကသော်လည်းကောင်း၊ ဒေသန္တရအာဏာပိုင်များကသော် လည်းကောင်း ကြီးကြပ်အုပ်ချုပ်သော အဖွဲ့အစည်းများကိုသာ ပေးရမည်၊ သို့တည်းမဟုတ်
(ခ)  ပြည်ထောင်စု နိုင်ငံသားတို့ကိုသာ ပေးရမည်။ သို့တည်းမဟုတ်
(ဂ)  ပြည်ထောင်စု နိုင်ငံမှသော်လည်းကောင်း၊ ပြည်နယ်မှသော်လည်းကောင်း၊ ဒေသန္တရအာဏာပိုင်ထံမှသော်လည်းကောင်း ပြည်ထောင်စုနိုင်ငံသားများထံမှသော်လည်းကောင်း ရာခိုင်နှုန်း ၆၀ အောက်မနည်းပါဝင်သော ငွေရင်းရှိ၍၊ ပြည်ထောင်စုနိုင်ငံတွင် အာဏာတည်သော တရားဥပဒေနှင့်အညီ ဖွဲ့စည်းသောကုမ္ပဏီများကိုသာ ဖြစ်စေ ထိုကဲ့သို့သော အခြား အဖွဲ့အစည်းများကိုသာ ဖြစ်စေ ပေးရမည်။သို့ရာတွင် ထိုကဲ့သို့သောလက်မှတ်ကို သို့တည်းမဟုတ် လိုင်စင်ကို သို့တည်းမဟုတ် အခြားနည်းဖြင့် အာဏာလွှဲ အပ်သော လုပ်ပိုင်ခွင့်ကို ပြည်သူ့အကျိုးအတွက် လိုအပ်သောအခါ ပါလီမန်က ပြင်နိုင်ရမည်၊ သို့တည်းမဟုတ် ပြောင်းနိုင်ရမည်။ သို့တည်းမဟုတ် ရုပ်သိမ်းနိုင်ရမည်ဟူသော စည်းကမ်းချက်များအရမှတပါး၊ မည်သူ တဦးတယောက်သို့မျှ၊ သို့တည်းမဟုတ် မည်သည့် အဖွဲ့အစည်းသို့မျှ သို့တည်းမဟုတ် မည်သည့်ကုမ္ပဏီသို့မျှ နှစ်ဆယ့်ငါးနှစ်ထက် ကျော်လွန်သော ကာလ အပိုင်းအခြားအတွက် မပေးရ” ဟူ၍လည်းကောင်း၊
ပုဒ်မ ၂၂၀ တွင် “ ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ၊ ပါလီမန်၏ အက်ဥပဒေက ပြဋ္ဌာန်းထားသော သီးခြားခြွင်းချက် စည်းကမ်းများအရမှတပါး၊ လုပ်ကိုင်သုံးစွဲစေရန်သော်လည်းကောင်း၊ တိုးတက်အောင်ပြုစေရန်သော်လည်းကောင်း၊ အသုံးချစေရန် သော်လည်းကောင်း မည်သည့်လယ်ယာ ကိုင်းကျွန်းမြေကိုမျှ၊ ပြည်ထောင်စု နိုင်ငံသား မဟုတ်သော သူများအား ပြည်ထောင်စုနိုင်ငံက မပေးရ” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်ကို အထင်အရှားတွေ့ရှိရပါသည်။ သို့သော် ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဤသို့ တစုံတရာ ပြဋ္ဌာန်းချက်မပါသည်မှာ အလွန် အံ့သြဘွယ်ရာ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၅ တွင်
“ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုအစိုးရကသာ လုပ်ကိုင်ဆောက်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ-
(က) တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်စေ၊ စည်းကမ်း သတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်၊
(ခ)  သမ၀ါယမအဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဖက်စပ် လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်” ဟု ပြဋ္ဌာန်းထားချက်ကိုသာ တွေ့ရပါသည်။
တဖက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် တဆက်စပ်တည်း ပြဋ္ဌာန်ခဲ့သည့်“နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ” ( န ၀ တ ဥပဒေ အမှတ် – ၉/၈၉) ကို ၁၉၈၉ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ပြဋ္ဌာန်းပြီးနောက် တဆက်တည်း မှာပင် ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် “ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမီတက် ” ကို န ၀ တ အမိန့် ကြော်ငြာစာ အမှတ် ရ/၉၀ ဖြင့် ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့နောက် “ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ”  ( န ၀ တ ဥပဒေ အမှတ် ၆/ ၉၇)ကို နောက်တိုး ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ အမျိုးသား အကျိုးစီးပွား အားလုံးကို စစ်အုပ်စုက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားရန် ပြဋ္ဌာန်းချက်များသာ ဖြစ်ပါသည်။ ပြည်သူ့အကျိုးစီးပွားအတွက် ကာကွယ်သည့် ဥပဒေ များမဟုတ်ဘဲ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ပြောင်ပြောင်တင်းတင်း အကောင်အထည်ဖော်မည့် ဥပဒေများကိုသာ ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ၎င်းဥပဒေများကို အာမခံနိုင်ရန် ပုဒ်မ ၄၅၅ ကို ပြဋ္ဌာန်းထားချက်သာ ဖြစ်နေပါသဖြင့် လုံးဝပယ်ဖျက်သင့် ပါသည်။
ပုဒ်မ ၄၅၃ တွင် ပြဋ္ဌာန်းထားသော ကိုးကားရမည့် ဥပဒေမှာ “၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ ” ဖြစ်ပါသည်။ ဤ၁၉၇၃ ခုနှစ် ဥပဒေမှာ ခေတ်နှင့်လျော်ညီမှု ရှိမရှိ ပြန်လည်သုံးသပ်စိစစ်ရန်လည်းလိုပါသည်၊ တည်ဆဲဥပဒေ ဖြစ်နေသေးသည့်  စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၂၇ တွင် “ဥပဒေများ၏ အနက်အဓိပ္ပါယ်ကို တညီ တညွတ်တည်းဖွင့်ဆိုပေးရမည်။” ဟု ပြဋ္ဌာန်းထားချက်နှင့် လုံးဝမကိုက်ညီသော ဆန့်ကျင်ကွဲလွဲပြီး ပဋိပက္ခ ဖြစ်နေသည့် ပုဒ်မ အားလုံးကို ပယ်ဖျက်ပစ်သင့်ပါသည်။ ပါတီစုံဒီမိုကရေစီ စနစ်နှင့် တညီတညွတ်တည်း မဟုတ်သော၊ မကိုက်ညီသော ပုဒ်မအားလုံးကို တပုဒ်မကျန် ဖျက်သိမ်းပစ်ပါမှ တိုင်းပြည် အေးချမ်းသာယာ လာနိုင်ပါမည်။
ဦးမျိုး (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...