Tuesday, April 16, 2013

မျှတသော တရားခွင်



နိုင်ငံတနိုင်ငံတွင် မျှတသည့် တရားခွင်နှင့် လွတ်လပ်သည့် တရားစီရင်ရေး ရှိမှသာ တရားဥပဒေစိုးမိုးမှု ရှိနိုင်မည် ဖြစ်သည်။ မျှတသည့် တရားခွင်ရှိပြီး လွတ်လပ်သည့် တရားစီရင်ရေး မရှိပြန်လျှင်လည်း တရားဥပဒေ စိုးမိုးမှု မရှိနိုင်။ ပြည်သူအများက အမှားနှင့် အမှန်ကို စစ်ဆေးစီရင်ဆုံးဖြတ်သည့် တရားရုံးက ဘက်လိုက်မှု ကင်းပြီး အမှန်တရားကို ဖော်ဆောင်နိုင်သည်ဟု ရှင်းလင်းစွာ ယုံကြည်အားကိုးမှ တရားဥပဒေစိုးမိုး၍ ရပ်ရွာ၊ အေးချမ်းသာယာမည် ဖြစ်သည်။

လူပုဂ္ဂိုလ်တဦးချင်းစီ၏ အခြေခံ အခွင့်အရေးဖြစ်သည့် အသက်ရှင်ရပ်တည်မှုနှင့် လွတ်လပ်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကာအကွယ်ပေးနိုင်မှသာလျှင် ပြည်သူများကလည်း အုပ်စိုးသူ အစိုးရအပေါ် ယုံကြည်အားကိုးမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာ အမှုများကို စစ်ဆေးစီရင်သည့်အခါ မျှတသည့်တရားခွင်ကို ဖော်ဆောင်နိုင်ရန် တရားရုံးများက လိုက်နာကျင့်သုံးရမည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားရုံးများလက်စွဲ၊ တရားစီရင်ရေး ဥပဒေနှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် တရားရုံးချုပ်၏ အမိန့်နှင့် ညွှန်ကြားလွှာများကို ထုတ်ပြန်ပြဋ္ဌာန်းထားသည်။

မျှတသည့် တရားခွင်ဖြင့် စစ်ဆေးစီရင်ခြင်း ရှိ၊ မရှိကို အောက်ပါအချက်များဖြင့် အဓိက တိုင်းတာနိုင်သည်။

(က) တရားခွင်သို့ အမှုစွဲတင်ခြင်း မပြုမီ စွပ်စွဲခံရသူ၏ အခွင့်အရေး၊

တရားစွဲ အဖွဲ့အစည်းက လိုက်နာရမည့်အချက်များနှင့် တရားရုံးက ခွင့်ပြုဆောင်ရွက်ပေးရမည့် အချက်များ။

လူတိုင်းသည် လွတ်လပ်ခွင့်နှင့် လုံခြုံမှု ရှိစေရမည်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခြင်းကို ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း မရှိစေရပေ။ အကယ်၍ ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါက ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီသာ ဆောင်ရွက်ရမည်။ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိသည့် တရားစွဲ အဖွဲ့အစည်းများကလည်း ပြဋ္ဌာန်းဥပဒေနှင့် ကျင့်ထုံးများအတိုင်း လိုက်နာဆောင်ရွက်ရမည်။ ဆိုလိုသည်မှာ တရားရုံး၏ အမိန့်ဖြင့်သာ ဖမ်းဆီးနိုင်သည့် အမှုများတွင် ဖမ်းဝရမ်းပါရမည်။ ဆက်လက် ချုပ်နှောင်ထားရန် လိုအပ်ပါက တရားရုံး၏ ခွင့်ပြုချက်ချုပ်မိန့် (ရီမန်)ဖြင့်သာ ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရမည်။

လိုအပ်၍ ဆက်လက်၍ ဖမ်းဆီးထိန်းသိမ်းထားသူအား မည်သည့်ကိစ္စကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း အသိပေးရမည်။ ရှေ့နေအကျိုးဆောင်ဖြင့် တိုင်ပင်ဆွေးနွေးခွင့်ရှိကြောင်း အသိပေးရမည်။ တိုင်းရင်းသား သို့မဟုတ် နိုင်ငံခြားသားဖြစ်ပါက ၎င်း၏ အခွင့်အရေးကို နားလည်အောင် စကားပြန်ဖြင့် အသိပေးပြောကြားရမည်။

အကျိုးဆောင်နှင့် တိုင်ပင်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ အကျိုးဆောင်များအနေဖြင့် စွပ်စွဲခံရသူဘက်မှ ခုခံချေပနိုင်ရန် ပြင်ဆင်ရာ၌ လုံလောက်သော အချိန်ကာလနှင့် တွေ့ဆုံမှုကို တရားစွဲအဖွဲ့အစည်းက တတ်နိုင်သမျှ ဖြည့်စွမ်းဆောင်ရွက်ပေးရမည်။ စွပ်စွဲခံရသူအနေဖြင့် တရားရုံးသို့ စွဲမတင်မီ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို ရှင်းလင်းပြောပြရမည်။ ဥပမာ - အာမခံဖြင့် အချုပ်လွတ် ခုခံချေပခွင့် ရှိပါက အာမခံလျှောက်ထားနိုင်ကြောင်းကို စွပ်စွဲခံရသူအား အသိပေးရမည်။ တရားစွဲအဖွဲ့အစည်းကလည်း အာမခံပေးနိုင်သည့် အမှုဖြစ်က အာမခံပေးရမည် ဖြစ်သည်။ မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများဖြင့် လူတဦးအား ဆက်လက်၍ ချုပ်နှောင်မထားရန် သတိပြုရမည်။

အကျိုးဆောင်နှင့် တိုင်ပင်ဆွေးနွေးသည့် အခါတွင်လည်း လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်စေရန် အာဏာပိုင်များက ဆောင်ရွက်ပေးရမည်။ ဥပဒေနှင့်မညီဘဲ ဖမ်းဆီးချုပ်နှောင်ထားသည်ကို တွေ့ရှိရပါက တရားရုံး တရားသူကြီးထံ အလျင်အမြန် တိုင်ကြားတင်ပြနိုင်ခွင့် ရှိစေရမည်။ တရားရုံးကလည်း တင်ပြသည့် အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ၊ ဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိတို့ကို စိစစ်ပြီး ဥပဒေနှင့်မညီသည့် ကိစ္စဖြစ်ပါက စွပ်စွဲခံရသူအား အမြန်ဆုံး ပြန်လည်လွတ်ပေးစေရန် အမိန့်ချမှတ်ရမည်။ ထိုသို့ စီမံဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ လိုအပ်သည့် စာချွန်တော်များ ထုတ်ဆင့်ခွင့်ကို ထည့်သွင်းပြဋ္ဌာန်းထားရမည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် ကာလအတွင်း လူမဆန်စွာ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများ ဖြစ်ပွားမှု မရှိစေရန် အထူးတားမြစ်သည်။ ပြစ်မှုဆိုင်ရာ အမှုများနှင့် အထူးဥပဒေအရ အရေးယူသည့် အမှုများတွင် စွပ်စွဲခံရသူက စွဲဆိုထားသည့်ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံချက်၊ ဖြောင့်ချက် ရရှိစေရန်အတွက် နှိပ်စက်ညှဉ်းပန်း၍ ရရှိလာသည့် သက်သေခံချက်များကို အမှုတွင် ထည့်သွင်းစဉ်းစားခြင်း မပြုကြောင်း သက်သေခံဥပဒေ၌ ပြဋ္ဌာန်းထားပြီးဖြစ်သည်။

အကြောင်းပြချက် ခိုင်လုံခြင်း မရှိဘဲ စွပ်စွဲခံရသူတဦးအား တရားရုံးသို့ တရားစွဲဆို တင်ပို့ခြင်း မရှိရ၊ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်းကို မိသားစုနှင့် ဆက်သွယ်အသိပေးနိုင်ရန်၊ အကျိုးဆောင်နှင့် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်နှင့် ကျန်းမာရေးအတွက် ဆရာဝန်ဖြင့် ဆေးဝါးကုသခွင့်ပြုရေးတို့ကို အာဏာပိုင်တို့က ဆောင်ရွက်ပေးရမည်။ ထိုသို့ ဆောင်ရွက်ပေးရန် တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံးက ကူညီဆောင်ရွက်ပေးရမည်။ (ဥပမာ - ရှေ့နေဖြင့် ဆွေးနွေးတိုင်ပင်ခွင့်၊ ဆရာဝန်ဖြင့် ဆေးဝါးကုသခွင့်) နိုင်ငံခြားသားဖြစ်ပါက သက်ဆိုင်ရာနိုင်ငံ၏ သံရုံးကို ဆက်သွယ်အကြောင်းကြားရမည်။

(ခ) အမှုစစ်ဆေးနေစဉ်နှင့် အမှုအား ခုခံချေပရာ၌ စွပ်စွဲခံရသူ၏ အခွင့်အရေးနှင့် တရားစီရင်ရေး အဖွဲ့က လိုက်နာခွင့်ပြုရမည့် အချက်များ။

တရားရုံး၏ ရှေ့မှောက်၌ တရားလိုနှင့် တရားခံတို့သည် တရားဥပဒေအရ ခွင့်ပြုထားသည့် ခွင့်ပြုချက်များကို ခွဲခြားခြင်း မရှိဘဲ၊ တန်းတူခံစားခွင့် ရှိစေရမည်။ လူမျိုး၊ ဘာသာ၊ အသားအရောင်နှင့် နိုင်ငံရေးယုံကြည်မှုတို့ကို ခွဲခြားခြင်း မရှိစေရဘဲ အများပြည်သူများ၏ ရှေ့မှောက်၌ စစ်ဆေးစီရင်သည့် တရားရုံးတွင် စစ်ဆေးစီရင်ရမည်။ တပ်မတော်ဥပဒေနှင့် အခြားဥပဒေအရ ကန့်သတ်ချက်များမှအပ အထူးတရားရုံးများ ဖွင့်လှစ်စစ်ဆေး ကြားနာခြင်း မပြုရ၊ အထူးဖွင့်လှစ်ကြားနာသည့် စစ်ခုံရုံးများတွင် မည်သည့်အရပ်သား၊ သာမန်ပြည်သူများ၏ အမှုကို စစ်ဆေးကြားနာခြင်း မပြုရ။ လွတ်လပ်သည့် တရားစီရင်ရေးဖြင့် စီမံဆောင်ရွက်သည့် တရားရုံးများ ဖြစ်ရမည်။

ဘက်လိုက်မှု ကင်းရှင်းသည့် တရားရုံးများကို ဥပဒေနှင့်အညီ တည်ထောင်ထားရှိပြီး အမျိုးသမီးများ၏ ကိုယ်ကျင့်သိက္ခာနှင့် သက်ဆိုင်သည့်အမှုများ၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို စစ်ဆေးစီရင်သည့် အမှုများမှအပ ကျန်အမှုများကို အများပြည်သူများ၏ ရှေ့မှောက်၌ စစ်ဆေးစီရင်ရမည်။

ပြစ်မှုဆိုင်ရာ အမှုများ၌ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့် ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားရုံးများ လက်စွဲ၊ ညွှန်ကြားလွှာများနှင့် အမိန့်များပါ ပြဋ္ဌာန်းချက်များအတိုင်း စစ်ဆေးစီရင်ရမည်။

အများပြည်သူများ၏ ရှေ့မှောက်၌ စစ်ဆေးစီရင်ရာတွင် ပြည်သူအများ တက်ရောက်နားထောင်နိုင်သည့် တရားခွင် ဖြစ်ရမည်။ ထို့အတူ တရားခွင်အတွင်း စစ်ဆေးစီရင်ဆောင်ရွက်မှု အဆင့်ဆင့်ကို သံသယကင်းစွာ သိရှိနိုင်စေရန်အတွက် သတင်းဌာနများမှ သတင်းထောက်များကိုလည်း တက်ရောက်၍ သတင်းယူခွင့် ပြုရမည် ဖြစ်သည်။

တရားခွင်အတွင်း တက်ရောက်နားထောင်သည့် ပြည်သူလူထု စနစ်တကျ အေးဆေးစွာ နားထောင်နိုင်ရန် လိုအပ်သည့် အစီအမံများကို အစိုးရက စီမံဆောင်ရွက်ပေးရမည် ဖြစ်သည်။

မှုခင်းများ စစ်ဆေးစီရင်ရာတွင် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခြင်း မပြုမီ အချိန်အထိ စွပ်စွဲခံရသူသည် အပြစ်ကင်းစင်သူဟု မှတ်ယူရမည်။ ပြစ်မှုများကို စစ်ဆေးစီရင်ရာတွင် တရားလိုဘက်မှ အမှုကို တရားရုံးသို့ တင်ပို့စွဲဆိုရုံမျှနှင့် တရားရုံးက အပြစ်ပေးရမည် မဟုတ်ပါ။ စွဲဆိုထားသည့် ပုဒ်မပါ ပြဋ္ဌာန်းချက်များကို တရားလိုဘက်က ထင်ရှားအောင် သက်သေတင်ပြရမည့် တာဝန်ရှိသည်။ ထိုသို့ သက်သေထင်ရှား တင်ပြနိုင်ခြင်း မရှိပါက ပြစ်မှုကျူးလွန်သည်ဟု သံသယရှိလင့်ကစား သံသယ၏ အကျိုးကို စွပ်စွဲခံရသူအား ခံစားခွင့်ပေးပြီး အမှုမှ အပြီးအပြတ် လွှတ်ပေးရမည်ဆိုသည်မှာ တရားရုံးများ လိုက်နာဆောင်ရွက်ရသည့် ဥပဒေဓလေ့ထုံးတမ်းတခု ဖြစ်သည်။

စွပ်စွဲခံရသူအား စွဲချက်တင်သည်ဆိုပါက စွဲချက်ပါအချက်များကို စွပ်စွဲခံရသူအနေဖြင့် ရှင်းလင်းစွာ သိရှိနိုင်စေရန် တရားခွင်က ပြောပြအသိပေးရမည်။ စွဲချက်မိတ္တူတစောင်ကို စွပ်စွဲခံရသူအား အခမဲ့ပေးရမည်။ စွပ်စွဲခံရသူသည် နိုင်ငံခြားသားဖြစ်ပါက ၎င်းနားလည်နိုင်မည့် ဘာသာစကားသို့ ပြန်ဆိုထားသည့် မိတ္တူကို ပေးရမည်။

စွပ်စွဲခံရသူအား ခုခံချေပနိုင်ရန် ပြင်ဆင်မှုများအတွက် လုံလောက်သည့် အချိန်ပေးရမည်။ စွပ်စွဲခံရသူအနေဖြင့် ၎င်း၏ အကျိုးဆောင်နှင့် စွဲဆိုထားသည့်အမှုတွင် လိုအပ်သည့် သက်သေခံချက်များ ပေးနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခွင့်နှင့် သက်သေများ တင်သွင်းနိုင်ရန် တရားရုံးက ခွင့်ပြုဆောင်ရွက်ပေးရမည် ဖြစ်သည်။

မှုခင်းများကို စစ်ဆေးစီရင်ရာတွင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ စစ်ဆေးစီရင်ရမည်။ လုံလောက်သည့် အကြောင်းပြချက်မရှိဘဲ အမှုစစ်ဆေးစီရင်ခြင်းအား ကြန့်ကြာအောင် လုပ်ဆောင်ခြင်း မရှိစေရ။

စွပ်စွဲခံရသူအနေဖြင့် အမှုတွင် ကိုယ်တိုင်ခုခံချေပလိုလျှင်သော်လည်း၊ အကျိုးဆောင်ဖြင့် ခုခံချေပလိုလျှင်သော်လည်းကောင်း တရားရုံးက ခွင့်ပြုရမည်။ ထိုကဲ့သို့သော အခွင့်အရေးရှိကြောင်းကို တရားရုံးအနေဖြင့် စွပ်စွဲခံရသူအား အသိပေးပြောကြားရမည်။ ကြီးလေးသည့် ထောင်ဒဏ် (တသက်တကျွန်းနှင့် သေဒဏ်) ကျခံရမည့် အမှုများကို ရင်ဆိုင်ရမည့် တရားခံများအတွက် နိုင်ငံတော်မှ အကျိုးဆောင် ငှားရမ်းပေးရမည်။

သက်သေများကို စစ်မေးနိုင်သည့် အခွင့်အရေး ရှိရမည်ဖြစ်သလို၊ တရားခံဘက်မှ လိုအပ်သည့် သက်သေများကိုလည်း တင်သွင်းခွင့် ရှိစေရမည်။ တရားလိုဘက်မှ တင်သွင်းသည့် မည်သည့် သက်သေကိုမဆို တရားခံအနေဖြင့် စစ်မေးခုခံချေပခွင့် ရှိစေရန် တရားရုံးက ဆောင်ရွက်ပေးရမည်။

တရားခံသည် တိုင်းရင်းသားလူမျိုး သို့မဟုတ် နိုင်ငံခြားသား ဖြစ်ပါက တရားခံအဖြစ် စွပ်စွဲခံရသူ နားလည်စေမည့် စကားပြန် ငှားရမ်း၍ အမှုကို စစ်ဆေးစီရင်ရမည်။ စကားပြန်အနေဖြင့် လွတ်လပ်စွာ သွားလာနိုင်ခွင့်၊ ဆောင်ရွက်နိုင်ခွင့် ရှိစေရမည်။ စကားပြန်အဖြစ် ဆောင်ရွက်သူအပေါ် မည်သည့် ကန့်သတ်၊ ချုပ်ချယ်၊ ခြိမ်းခြောက်မှုများ မရှိစေရပေ။

တရာခံအဖြစ် စွပ်စွဲခံရသူအနေဖြင့် အမှုတွင် ပါဝင်ပတ်သက်ကြောင်း ဖြောင့်ချက်ကဲ့သို့ သဘောသက်ရောက်သည့် ဝန်ခံချက်မျိုးကို စွပ်စွဲခံရသူ၏ ဆန္ဒနှင့် ဆန့်ကျင်၍ အတင်းအကျပ် ထွက်ဆိုခြင်း မပြုစေရ။ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ဖြင့် အတင်းအကျပ် ဖြောင့်ချက်ပေးစေခြင်း၊ အပြစ်ရှိသည်ဟု ဝန်ခံခိုင်းစေခြင်း စသည်တို့ကို မပြုလုပ်ရန်နှင့် ထိုသို့ ပြုလုပ်ရာမှ ရရှိသည့် သက်သေခံချက်များ ဟုတ်၊ မဟုတ်ကို တရားရုံး တရားသူကြီးမှ သေချာစွာ လေ့လာ၍ လက်ခံအတည်ပြုရမည်။ နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် ပေးသည့်ဖြောင့်ချက် ဖြစ်လျှင် သက်သေခံအဖြစ် လက်ခံခြင်း မပြုရ။

အမှုများကို စစ်ဆေးရာတွင် လက်ရှိ ပြဋ္ဌာန်းထားသည့် တရားဥပဒေများအတိုင်းသာ စစ်ဆေးစီရင်ခြင်း၊ ဆုံးဖြတ်ခြင်း ပြုရမည်။ မည်သည့် ဥပဒေကိုမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်း မရှိစေရ။

တရားခံတဦးတယောက်အား ပြစ်ဒဏ်ပေးရာတွင် မှုခင်းဖြစ်ရပ်တခုတည်းအပေါ် အကြိမ်ကြိမ် ထပ်ဆင့် အပြစ်ပေးခြင်းကို တားမြစ်သည့် ဥပဒေပြဋ္ဌာန်းချက်များအတိုင်း တရားရုံးများက လိုက်နာဆောင်ရွက်ရမည်။

(ဂ) အမှုစစ်ဆေးပြီးသည့်နောက်ပိုင်း တရားဥပဒေပါ အခွင့်အရေးများအား ခွင့်ပြုရမည့် ကိစ္စရပ်များ။

အမှုကို စစ်ဆေးစီရင်ဆုံးဖြတ်၍ စီရင်ချက်နှင့် အမိန့် ချမှတ်ပြီးပါက ဥပဒေပြဋ္ဌာန်းချက်များအတိုင်း အထက်တရားရုံး အဆင့်ဆင့်သို့ ပြင်ဆင်မှုတင်သွင်းခြင်း၊ အယူခံတင်သွင်းခြင်းနှင့် ဥပဒေနှင့်အညီ ပြန်လည်သုံးသပ်ရန် လျှောက်ထားခြင်းတို့ကို ခွင့်ပြုရမည်။ အထက်တရားရုံး အဆင့်ဆင့်ကလည်း ဥပဒေနှင့်အညီ တင်သွင်းလာသည့် ပြင်ဆင်မှု၊ အယူခံမှု၊ အမှုကို ပြန်လည်သုံးသပ်ရန် စောဒကမှု တင်သွင်းလာခြင်းတို့အပေါ် ပြဋ္ဌာန်းဥပဒေများနှင့် ညီ၊ မညီ စိစစ်၍ လက်ခံဆုံးဖြတ်ပေးရမည်။ ဥပဒေနှင့်မညီသည့် အချက်များရှိပါက အောက်ရုံး၏ ဆုံးဖြတ်ကို ပြင်ဆင်သည့်အမိန့် ချမှတ်ပေးရမည်။ တရားခံက ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံသည့် အမှုများတွင်လည်း ပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံ တင်သွင်းလာပါက အခြားပြစ်မှုများနည်းတူ ဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စဉ်းစားဆုံး ဖြတ်ရမည်။ အယူခံခွင့် ပြုရမည်။

တရားစီရင်ရေးဆိုင်ရာ မှားယွင်းမှုများအတွက် နစ်နာသည့် တရားခံအတွက် ထိုက်သင့်သည့် ကုစားသက်သာခွင့်များ စီမံထားရှိရမည်။ တရားရုံးအဆင့်ဆင့်၏ စစ်ဆေးစီရင်ဆုံးဖြတ်ချက်များသည် မှားယွင်းစွာ စစ်ဆေးစီရင်ခဲ့ကြောင်း ပြန်လည်သုံးသပ်၍ တွေ့ရှိရပါက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ကုစားခွင့်များ၊ ဥပဒေပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းထားရှိရမည်။

မျှတသည့် တရားခွင်ဖြင့် စစ်ဆေးစီရင်ကြောင်း လွတ်လပ်သည့် တရားခွင် စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့် ပြုရမည်။ အစိုးရနှင့် မသက်ဆိုင်သည့် လူ့အခွင့်အရေးအဖွဲ့များ၊ သတင်းနှင့် မီဒီယာများနှင့် နိုင်ငံရေးနှင့် ပတ်သက်၍ စစ်ဆေးစီရင်သည့် အမှုများအတွက် တရားခွင် စောင့်ကြည့်လေ့လာရေး အဖွဲ့ကို ဘက်လိုက်မှုကင်းသည့် ပြည်တွင်း ဥပဒေကျွမ်းကျင်သူများ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကျွမ်းကျင်သူများဖြင့် ရွေးချယ်ဖွဲ့စည်းပေးရမည်။ နိုင်ငံတကာမှ လာရောက်သည့် စောင့်ကြည့်လေ့လာသူများအတွက် လိုအပ်သည့် ဗီဇာနှင့် အခြား လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းပေးရမည်။

မျှတသည့် တရားခွင်ကို ဖော်ဆောင်နိုင်မှသာ တိုင်းပြည်အတွင်း တရားဥပဒေစိုးမိုး၍ နိုင်ငံတော် အေးချမ်းသာယာမည် ဖြစ်သည်။ ယနေ့ ပြည်သူအများ စိတ်ဝင်စားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်နှင့် ပတ်သက်၍ မျှတသည့် တရားခွင်ဖြင့် စစ်ဆေးစီရင်ခြင်း ရှိ၊ မရှိကို လေ့လာသုံးသပ်နိုင်ရန် ပြုစုတင်ပြထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ဆေးနေသည့် တရားခွင်သည် မျှတသည့် တရားခွင်ဟု ထုတ်ဖော်ပြောကြားခြင်း မပြု၊ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်ဟု ထုတ်ဖော်ပြောကြားလိုက်ခြင်းသည် အမှုများ စစ်ဆေးစီရင်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အချက်များကို သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ပြည်သူများ သိစေရန် တင်ပြလိုက်ရပေသည်။

(မှတ်ချက်။ ။ အထက်ဖော်ပြပါ အချက်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီ မျှတသည့် တရားခွင်ဖြင့် စစ်ဆေးစီရင်ခြင်း ရှိ၊ မရှိကို စိစစ်နိုင်ရန် အမေရိကန် ရှေ့နေများကော်မတီမှ ပြုစုထားသည့် စာတမ်းပါ အချို့အချက်များကို ထုတ်နုတ်၍ ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...