Effective provisions for appeal or recourse to a court of law must exist.
နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးသည်သာလျှင် အပြီးအပြတ်တရားရုံးဖြစ်သည်။
မူလရုံးမှ စီရင်ချက်အမိန့် အပေါ် အထက်တရားရုံးအဆင့်ဆင့်သို့
အယူခံတင်သွင်းခွင့်ကို ကျင့်ထုံးဥပဒေများအရ ပြဌာန်းထားပြီး ဖြစ်သည်။
အောက်မူလတရားရုံးသည် သက်သေထွက်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ကြားနာစစ်ဆေးရ
သည့်တိုင် ထိုတရားရုံး၏ ဆုံးဖြတ်ချက်သည် မှားယွင်းချွတ်ချော်နိုင်ပေသည်။
သို့ဖြစ်၍ အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံခွင့်ပြုရန် ဥပဒေအရ
အခွင့်အရေးပေးရမည်ဖြစ်သည်။
တရားစစ်ဆေးစီရင်မှု (Judicial Trial)
တခုသည် ပြစ်မှုထင်ရှားတွေ့ရှိ၍ ပြစ်ဒဏ်ပေးခြင်း၊ သို့မဟုတ်၊ ပြစ်မှု
ကျူးလွန်ကြောင်းထင်ရှားခြင်းမရှိသဖြင့် အမှုမှအပြီးအပြတ်လွှတ်ခြင်း
(တရားသေလွှတ်ခြင်း) တွင် ဆုံးခန်း တိုင်ပေသည်။ မူလအမှုစစ်ဆေးသောတရားရုံးက
ချမှတ်သည့်ဆုံးဖြတ်ချက် အမိန့်အပေါ် ကြေနပ်မှုမရှိလျှင် တရားခံသည်
တရားဥပဒေကပေးထားသော အယူခံနိုင်ခွင့် အခွင့်အရေးရှိလျှင်
အထက်အဆင့်မြင့်တရားရုံး အဆင့်ဆင့်သို့ အကြောင်းခြင်းရာနှင့်ပတ်သက်၍သော်
လည်းကောင်း၊ ဥပဒေနှင့်ပတ်သက်၍သော်လည်း ကောင်း အယူခံဝင်ခွင့်ရှိပေသည်။
မူလတရားရုံးသည် အမှုတခုအား စီရင်ဆုံးဖြတ်ရာတွင် အကြောင်းချင်းရာပြဿနာ Question of Fact နှင့် ဥပဒေဆိုင်ရာပြဿနာ Question of Law များကိုဆုံးဖြတ်ရာတွင်
မှားယွင်းကောင်း မှားယွင်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍
အဆင့်မြင့်တရားရုံးအဆင့်ဆင့်သို့ အယူခံလွှာ တင်သွင်းခွင့်ပြုရခြင်းဖြစ်သည်။
တရားခံအနေဖြင့် အထက်တရားရုံးသို့ အယူခံကိုမတင်သွင်းလိုသည့်တိုင်
အောက်ရုံး၏ဆုံးဖြတ်ချက်သည် ဥပဒေဆိုင်ရာအငြင်း ပွားချက် Question of Law ပြဿနာရပ်များဖြစ်ပေါ်ခဲ့သည်ဟုတွေ့ရှိလျှင် အထက်တရားရုံးမှ ပြင်ဆင်မှုဖွင့်လှစ် ကာ အမှုကို ပြန်လည်သုံးသပ် ပြင်ဆင်ရသည်လည်းရှိပါသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ
သဘောတူစာချုပ် အပိုဒ် ၁၄ (၄) ၌ “အပြစ် ကျူးလွန်ကြောင်း
အမိန့်ချမှတ်ခြင်းခံရသူတိုင်းသည် ၄င်းအပေါ်အပြစ်ဒဏ်ချမှတ်ခံရမှုနှင့်
စီရင်ချက်အပေါ်၌ တရားရုံးကပြန်လည်ဆန်းစစ်သုံးသပ်ပေးရန် တရားဥပဒေအရ
အယူခံဝင်ခွင့် ရှိသည်”ဟုဖေါ်ပြထားပါသည်။
ယနေ့ခေတ်တရားစီရင်ရေးတွင် အယူခံခွင့်ပေးသည့်တိုင် မှန်ကန်မျှတသည့်
စီရင်ချက်များထွက်ပေါ်မှု နည်းပါး သည်ကိုတွေ့ရပေမည်။ မဆလခေတ်၌
တရားသူကြီးများသည် အမှန်တရားကို ရှာဖွေဖေါ်ထုတ်ရမည်ဆိုသည့်
တရားစီရင်ခြင်းမူကို တိကျစွာလိုက်နာကျင့်သုံးခဲ့သည်မဟုတ်ပေ။ အထူးသဖြင့်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှင့် ၄င်းတို့၏လမ်းစဉ်ကိုထိခိုက်သည်ဟု
ယူဆခြင်းခံရသော ပြစ်မှုများနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေ
သည်ဟုယူဆသောကိစ္စများတွင် ပြင်းထန်ထိရောက်သောပြစ်ဒဏ်များကို တရားရုံးများက
ချမှတ်ရန်ညွှန်ကြား ထားပြီး၊ အယူခံဝင်ရာ၌လည်း မူလချမှတ်ထားသော ပြစ်ဒဏ်ကိုသာ
အတည်ပြုလေ့ရှိကြပေသည်။ ၁၉၈၈ ခုနှစ် တွင် အာဏာသိမ်းပြီးတက်လာသည့်
စစ်အစိုးရလက်အောက်ရှိ တရားရုံးများ၏ အခြေအနေမှာ အဆိုးဝါးဆုံးပင် ဖြစ်ပေသည်။
ဥပမာအားဖြင့် သောင်းကျန်းသူနှင့် ဆက်သွယ်ပတ်သက်သည်ဆိုသောအမှုများတွင်
“မတရား အသင်းများအက်ဥပဒေ”ဖြင့်
မသင်္ကာသူ မည်သူတဦးတယောက်ကိုမဆို အကြောင်းခြင်းရာခိုင်လုံခြင်း မရှိဘဲ
သံသယဖြင့်ဖမ်းဆီး၍ ထောင်ချအပြစ်ပေးလေ့ရှိပြီး၊ ထိုကဲ့သို့သောအမှုများကို
အထက်အဆင့်မြင့်တရားရုံးများ သို့ အယူခံဝင်သည့်တိုင်အောင်
အယူခံတရားရုံးတို့သည် ပေါ်လစီကေ့စ် (Policy case) ဖြစ်သဖြင့် အောက် တရားရုံး၏အမိန့်ကို အတည်ြုပလေ့ရှိသည်သာဖြစ်သည်။
ထို့ကြောင့်အစွပ်စွဲခံရသူတို့သည်
အယူခံဝင်ခွင့် အခွင့်အရေးကို အလေးဂရုမြုပတော့ဘဲ အောက်ရုံး၌ပြီးပြတ် အောင်
တတ်နိုင်သမျှဆောင်ရွက်တော့သည်။ အယူခံဝင်ခြင်းဖြင့် ကုန်ကျစရိတ်ရှိခြင်း၊
အချိန်ကြန့်ကြာ၍ အလုပ်အကိုင်ပျက်ခြင်း၊ အထက်တရားရုံးတို့အား
ယုံကြည်ကိုးစားမှုနည်းခြင်းတို့ကြောင့် မူလတရားရုံး၌ပင်
အမှုလွတ်ရာလွတ်ကြောင်းကို အောက်လမ်းနည်းဖြင့် (လာဘ်ပေးလာဘ်ယူနည်းဖြင့်)
ကျင့်သုံးကြတော့သည်။ လွတ်လပ်မှုမရှိသော တရားစီရင်ရေးစနစ်ကြောင့်လည်းကောင်း၊
အဂတိတရားလိုက်စားသည့် တရားသူကြီးများ ကြောင့်လည်းကောင်း အစွပ်စွဲခံရသူတို‹သည်
တရားသူကြီးများအားလာဘ်ပေးခြင်း၊ သက်ဆိုင်ရာအာဏာပိုင်
အဖွဲ့အစည်းကိုချဉ်းကပ်၍ တရားသူကြီးများ အားလမ်းညွှန်စေခြင်းဖြင့်သာ
အမှုလွတ်ရာလွတ်ကြောင်း ဆောင် ရွက်ရတော့သည်။
အောက်တရားရုံးမှအမြင့်ဆုံးတရားရုံးအထိ တရားစီရင်ရသောတရားသူကြီးတို့အား
ချုပ်ကိုင် ကွပ်ကဲနိုင်သောအာဏာရှိသူတို့ကြောင့် မဆလခေတ်တလျောက်လုံးတွင်
တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုး ရေး၌ ချွတ်ချော်တိမ်းစောင်းမှုများ
များစွာဖြစ်ခဲ့ရပေသည်။
န၀တခေတ်တွင်
အထူးတရားရုံးများ (စစ်ခုံရုံး)များဖွဲ့စည်းကာ စွပ်စွဲခံရသူများအား
တရားနည်းလမ်းတကျ ထု ချေပိုင်ခွင့်မပေးသည့်အပြင်၊ အယူခံခွင့်လည်း
ဆုံးရှုံးခဲ့ကြရပါသည်။ အဆိုပါ တရာရုံးများ၌ တရားခံအပေါ် စွပ်စွဲ ချက်ကို
သက်သေထင်ရှားပြသခြင်းမရှိသည့်အပြင် စွပ်စွဲခံရသူတရားခံသည် ၄င်းအပေါ်တွင်
ပုဒ်မတမျိုးမျိုး တပ်၍ စွဲဆိုထားသော စွပ်စွဲချက်ကိုငြင်းဆိုပါက ပိုမို
ကြီးလေးသောပြစ်ဒဏ်ကိုကျခံစေသည့်အပြင်၊ အထက် အဆင့်မြင့် တရားရုံးများသို့
အယူခံတက်သည့်တိုင်အောင် အယူခံမှုများကိုပယ်ချလေ့ရှိပေသည်။ ၁၉၈၉ ခုနှစ်
ဇူလိုင်လ (၁၇) ရက်နေ့တွင် အမိန့်အမှတ် ( ၁/၈၉ ) ဖြင့်
စစ်ခုံရုံးများကိုဖွဲ့စည်းထူထောင်ကာ အရပ်သားများ အပေါ်တွင် အကျဉ်းနည်းဖြင့်
အမှုများစစ်ဆေး၍ အပြစ်ပေးအရေးယူခဲ့ရာတွင်၊ စစ်ခုံရုံး (၁၅)
ခုကိုဖွဲ့စည်းခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများကဦးဆောင်၍
အခြားစစ်တပ်အရာရှိ (၂) ဦးပါဝင်သည့် စစ်ခုံရုံးများသည် အရပ်သား
များအပေါ်စွဲဆိုသည့်အမှုများတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊
တသက်တကျွန်းဒဏ်ဖြစ်စေ၊ သေ ဒဏ်ဖြစ်စေ အဆိုပါအမိန့် သုံးမျိုးအနက်မှ
တမျိုးမျိုးကို ချမှတ်ခဲ့ကြခြင်းဖြစ်ပေသည်။ ယနေ့အချိန်တွင် အဆိုပါ
စစ်ခုံရုံးများကိုဖျက်သိမ်းပြီးဖြစ်သော်လည်း နိုင်ငံရေးကိစ္စ နှီးနွယ်၍
အရေးယူခြင်းခံရသော နိုင်ငံရေးအမှုများ၊ နိုင်ငံရေးအကျဉ်းသမားများနှင့်
ပတ်သက်သော အမှုများတွင် ဘက်လိုက်မှုကင်းသည့် တရားမျှတသောတရားခွင်
အနေအထားမရှိသည့် အပြင်၊ မူလအောက်တရားရုံးကချမှတ်လိုက်သော
ကြီးလေးသည့်ပြစ်ဒဏ်များကိုလည်း အထက်အယူခံရုံး အဆင့်ဆင့်က ပြင်ဆင်ပြောင်းလဲ၊
လျှော့ပေါ့ပေးလေ့မရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
သို့ဖြစ်၍ တရားဥပဒေစိုးမိုးရေးအားဖေါ်ဆောင်မည်ဆိုပါက
အဆင့်ဆင့်အယူခံခွင့်ကိုလည်း ပေးရမည်ဖြစ်သည့် ပြင်တရားနည်းလမ်းကျသည့်
တရားစီရင်မှုစနစ်ရှိရန်လည်း လိုအပ်ပေသည်။
No comments:
Post a Comment